မတရားသည့် လူ

Photo - ဆေးဖြန်းနေေသာပုံ

 
ကျွန်ုပ်တို့လူသားများသည်ကား အလွန်မတရားသူများ ဖြစ်၏။ သတ္တဝါအပေါင်းတို့အနက် အရက်စက်ဆုံး သတ္တဝါမှာလည်း လူ သတ္တဝါပင်ဖြစ်၏။ မိမိရလိုမှုအတွက်ဆိုလျှင် မည်သည့်အရာကိုမှမကြည့်။ သတ်ခြင်း၊ ဖြတ်ခြင်း၊ သုတ်သင်ဖယ်ရှားခြင်း စသည့် လုပ်လို့ရသမျှ အကုန်လုပ်သည်သာ ဖြစ်လေသည်။
 
ဆင်စွယ်ရလိုမှုဖြင့် ဆင်ကြီးတစ်ကောင်လုံးကို သတ်ပစ်တာလူဖြစ်သလို ဖျံသိုသည် ကာမအားကောင်းစေ၏ ဟူသော ရူးသွပ်သွပ် အယူအဆကြောင့် ဖျံထီးပေါင်းများစွာ သေကျေခဲ့ကြရသည်။ ငှက်သိုက်ကား အင်အားကိုဖြစ်စေ၏ဟူသော ခပ်ချာချာယုံကြည်မှုများဖြင့် ဇီဝဇိုးငှက်ကလေးတို့၏ အသိုက်များကို ဖျက်ဆီးပစ်ကြသည်။ (ငှက်သိုက်ကိုစားပြီး အသက် ၁၅၀ ရှည်သူကို အသင်တွေ့ဖူးပါသလော။ အိမ်ခြေ ၄၀၀ ကျော်သာရှိသော ကျွန်ုပ်တို့ရွာကလေးတွင်ပင် အသက် ၇၀ မှ ၉၈ နှစ် အတွင်း အဖိုးကြီး၊ အဖွားကြီး  ၆၅ ယောက်ရှိသည်။ ထိုအဖိုးကြီးအဖွားကြီးများမှာ ငှက်သိုက်ဆို စာဘူးတောင်းလောက်သာ သိကြသူများဖြစ်၏။) ထို့အတူပင် စပါးကြီးသည်းချေ၊ ကျားရိုးစသည်တို့မှာ အလွန်ဆေးဘက်ဝင်သည်ဟု ဆိုကြတုံသေး၏။ ဤစပါးကြီးသည်းခြေဖြင့် မည်သည့် ရောဂါများကို အမြစ်ပြတ်ပျောက်အောင် ကုနိုင်သည်ဆိုသည်ကိုမူ မည်သူမှ တိတိကျကျ မသိချေ။
 
လူတို့၏ မတော်လောဘဖြင့် သစ်ပင်ဝါးပင်များကို အတိုင်းအဆမရှိခုတ်ယူခြင်းကြောင့် တောတောင်များ ပျက်သုဉ်းကုန် ရသည်။ ထိုအခါ ထိုတောတောင်များတွင် မှီတင်းနေထိုင်ကြကုန်သော ကျေးငှက်များ၊ သားရဲတိရစ္ဆာန်ကလေးများအားလုံး သေကျေပျက်စီးကုန်၊ မျိုးတုန်းကုန်ရသည်။ လူတို့၏ အသိဉာဏ်နည်းပါးမှု၊ တစ်ကိုယ်ကောင်းဆန်မှုတို့ကြောင့် ရေထုများ ညစ်ညမ်းကာ ထောင်ပေါင်းများစွာသော ရေနေသတ္တဝါမျိုးစိတ်တို့ ပျောက်ကွယ်ကုန်ကြရသည်။
 
ကိုယ်နှင့်လည်းစာ၊ သတ္တဝါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ။
ကိုယ့်အသက်ကို ကိုယ်ချစ်တတ်သလို သူ့အသက်ကိုလည်း ချစ်တတ်ကြပါခင်ဗျား။
 
(၂)
 
ကျွန်ုပ်တို့ယခုဆောက်နေသည့် ကွန်ဒိုပရောဂျက်မှာ တောင်စောင်းကို ဖြိုကာ ခြုံနွယ်ပိတ်ပေါင်း၊ သစ်ပင်များကို ရှင်းလင်းလျက် ဆောက်ခြင်းဖြစ်၏။ စုစုပေါင်း ၅ ထပ်တိုက် ၈ လုံး ဆောက်မည်။
 
ဆိုတော့မြေကြီးများကို အများအပြားတူးထုတ်ပစ်ရသည်။ တောင်ပေါ်အကျဆုံးနေရာတွင် အနက် ၉ မီတာထိ တူးရသည်။ ယခင်က အဆောက်အဦဟောင်းကို ဖျက်ဆောက်တာဆိုတော့ သစ်ပင်များ သိပ်ခုတ်စရာမလို။ သို့သော် ခြံစည်းရိုးနား ကပ်လျက် အပင်များကိုတော့ ခုတ်ပစ်ရသေးသည်သာ ဖြစ်၏။ ထိုအထဲတွင် သရက်ပင်၊ အုန်းပင်၊ ဝါးပင် စသည်တို့ပါသည်။ နောက်ပြီး တောပင်ကြီးတစ်ပင်လည်း ပါသေး၏။ အပင်ငယ်လေး များမှာမူ အတော်များလေသည်။
 
မနေ့က သစ်ပင်ကြီးတစ်ပင်ကို ခုတ်တော့ ပဒူကောင်တွေထွက်လာသည်။ ပဒူက ပျားထက်ကြီး၏။ သုံးလေးချက်လောက် အတုပ်ခံရလျှင်ပင် ဆေးရုံတက်ရနိုင်သည်။
 

 

သစ်ပင်ချိုင်သည့်အဖွဲ့တွင် မြန်မာ အလုပ်သမားလေးများပါလာ၏။ ကျွန်တော်ရောက်သွားတော့ နှစ်ယောက်ကို ပဒူတုပ်ပြီး နေပြီ။ ပဒူတုပ်ထားသည့်နေရာမှာ နီရဲယောင်ယမ်းနေ၏။ အရင်တစ်ခါက သစ်ပင်တက်ဖြတ်နေတဲ့ကောင်ကို ပျားတုပ်တာ ဆေးရုံတက်ယူရတယ်။ အောက်မှာနေတဲ့သူတွေက ပြေးလို့ရသေးတယ်။ အပေါ်မှာ တက်ဖြတ်နေတဲ့သူက ဘယ်ကိုမှ ပြေးလို့ မရတော့ သူ့ကိုဝိုင်းတုပ်တာ ဟု တစ်ယောက်က ပြော၏။
 
ကျွန်ုပ်တို့အလုပ်သမားများမှာ ထိုအနီးပတ်ဝန်းကျင်၌ မလွဲမသွေလုပ်ကြရမည်ဖြစ်ရာ ထိုပဒူအုံများကို ရှင်းထုတ်ဘို့ ဖြစ်လာ သည်။ ဤသည့်ကိစ္စမှာ အလိုလိုကျွန်တော့်တာဝန်ဖြစ်လာ၏။ သို့နှင့် ကျွန်တော်က pest cotrol လာသောအခါ ပဒူများကို ရှင်းထုတ်ရန် ပဒူအုံရှိသည့် နေရာကိုလိုက်ပြကာ အကျိုးအကြောင်း ပြောပြ၏။
 
 
၎င်းတို့က ပါလာသည့် တစ်ကိုယ်လုံးလုံသည့် အဝတ်ကြီးများဝတ်၊ အတန်ရှည်သည့် တုတ်ထိပ်တွင် ဆေးနှစ်ဘူးတပ်ကာ ဆေးဘူးများဖြင့် ပဒူအုံများကို မှုတ်ထုတ်သည်။ ကိုယ့်ဘက်သို့ ပဒူများမလာနိုင်စေရန် ဆေးများကြိုမှုတ်ထားသေး၏။ ပထမပဒူတစ်အုံမှာ ခြုံပုတ်များထဲ၌ရှိနေသဖြင့် မမြင်ရ။ အဝေးမှကြည့်နေသဖြင့် ပဒူအုံကို မမြင်ရသော်လည်း ပဒူများ အတုံးအရုံး သေကုန်မည်မှာ မလွဲပါ။   
 
 
နောက်ပဒူတစ်အုံကိုမူ အဝေးမှပင် မြင်ရပါသည်။ အုံကြီးမှာ အတော်ကြီး၏။ သစ်ရွက်ခြောက်များဖြင့် ပြုလုပ်ထားသည်။ ပဒူများမှာ ၎င်းတို့၏ အသိုက်အမြုံထက်တွင် ၀ဲပျံနေကြ၏။ အထူးသဖြင့် အနီးရှိ ဓာတ်မီးတိုင်နှစ်တိုင်ထိပ်၌ အတော်များသည်။ ကျွန်တော့်မှာ အနားသို့သိပ်မကပ်ရဲ။ ဒေါသထွက်နေသော ပဒူများလိုက်တုပ်လျှင် ဆေးရုံတက်ရနိုင်သည်။  ဆေးဘူးများ ကုန်အောင်မှုတ်ပြီးသောအခါ အိုကေ၊ ဒီကောင်တွေ ပြန်လာတော့မှာ မဟုတ်ဘူး။ သူတို့အုံထုပ် အကုန်ကုန် သွားပြီ ဟု လာပြော၏။
 
ကျွန်တော် ပဒူများ ဟိုဟိုသည်သည် ယောက်ယက်ခတ် ပျံသန်းနေတာကြည့်ပြီး စိတ်မကောင်းပါ။ အင်း၊ သူတို့နေတဲ့ အသိုက် အမြုံကိုသွားဖျက်ခိုင်းတာ ငါတော့ ဘယ်လောက်တောင်ငရဲကြီးမလဲမသိဘူး ဟုလည်း တွေးနေမိပါ၏။
 
ပဒူများမှာ သူတို့ဘာသာ သဘာဝအလျောက် တောထဲ၊ ချုံပုတ်များထဲတွင် အေးအေးချမ်းချမ်းနေနေကြတာ ဖြစ်ပါသည်။ မည်သူ့ကိုမှ ဒုက္ခပေးတာမဟုတ်။ ယခု ကျွန်ုပ်တို့က သူတို့နေရာကိုလည်း အဓမ္မလုယူသေး၊ ကိုယ့်ကိုယ်အတုပ်ခံရမှာစိုးတော့ သူတို့အသိုက်အမြုံကိုလည်း ဖျက်ဆီးပစ်သေး၊ များစွာသော ပဒူများကိုလည်း သတ်ပစ်သေး။ တရားတာ ဘာရှိပါသနည်း။ အကြင်နာလေ့၊ မေတ္တာလေ့၊ ကိုယ်ချင်းစာလေ့နှင့် ပါးစပ်ကသာ အသံကောင်းဟစ်နေသည်။ လုပ်တော့ဖြင့် . . . . . ။ လူတွေ ပြောစကားကိုသာ ပဒူများနားလည်နိုင်မည်ဆိုလျှင် ဂျိုင်းကို ခြေမဖြင့်ကုတ်ကာ (မချိတင်ကဲ) ဟားတိုက်ရီနေကြပေလိမ့်မည်။
 
နောက်နေ့ကျတော့ ဆိုဒ်ထဲတွင်နေသော ထိုင်းတစ်ယောက်က ကျွန်တော့်ကို ဓာတ်ပုံများလာပြသည်။ ဟောဒီမှာ ကျန်တဲ့တစ်အုံကို ငါတို့ မီးမြိှုက်ပြီး ရလာတာ ဆို၏။ သူတို့ဖွပ်လာသော ပဒူအုံကြီးမှာလည်း အတော်ကြီးလေသည်။ အထဲတွင် အကောင်ပေါက်ကလေးများဖြင့် ပြည့်နှက်နေ၏။ သူတို့က ပျားများလို ပျားရည်မထွက်။ အကောင်ပေါက်ကလေးများကို ကြော်စား၍ ရသည်။ သည်ပဒူလောင်းကျော်များကို မြင်ရတော့ ကျွန်တော် အတော်စိတ်မသက်မသာ ဖြစ်မိ၏။
 
(၃)
 
 
သည်ကနေ့ ခြုံများထပ်ရှင်းတော့ နောက် ပဒူတစ်အုံထပ်တွေ့ပြန်၏။  ပဒူအုံရှင်းဘို့ကိစ္စ ကျွန်တော့်ဆီ ရောက်လာပြန်၏။ ကျွန်တော်လည်း ဝက်ဖြစ်နေမှတော့ အီအီးကိုရွံလို့မဖြစ် ဟု သဘောထားကာ pest control ကို ခေါ်ရပြန်၏။  pest control က ဟေး၊ ငါတို့က တစ်ခါရှင်းရင် ၃၀၀ ယူတာနော။ မင်းတို့ရုံးကို သေသေချာချာမေးကြည့်အုံးဟု ဆို၏။ ကျွန်တော်လည်း ရုံးကို ဖုံးဆက်ရပြန်၏။ ရုံးကလည်း လုပ်သာလုပ်ပါကွာ ဟု ဆို၏။ ကျွန်တော်လည်း proceed ဟု အော်ရပြန်၏။
 
 
 
 
ပထမ ကျွန်တော်အနားကပ်ကြည့်တုံးက ပဒူအုံမှာ ဘာကောင်မှမရှိသလို။ ခြောက်သွေ့သွေ့။ သူတို့ ဆေးနှင့်မှုတ်လိုက်တော့မှ ပဒူများ ဝေါကနဲ ပျံထွက်လာသည်။ ပဒူများမှာ အသိုက်အပေါ်ဘက်တွင် ၀ဲပျံနေကြသည်။ အချို့မှာ ခပ်ဝေးဝေးတွင်ရပ်နေသော ကျွန်တော့်ဘက်ရောက်လာကာ ချာလည်ချာလည်နှင့် မြေကြီးပေါ် ကျကုန်သည်။ အခုတော့ သူတို့ခမျာ လူများကို တုပ်ဘို့ မဆိုထားနှင့် ကိုယ့်ကိုယ်ကိုယ်တောင် မထိန်းနိုင်ဖြစ်ကာ မြေကြီးပေါ်တွင် လေးငါးလှမ်းမှ လျှောက်ကာ ငြိမ်သက်သွားတော့ ၏။
 
ဒါတောင် မောင်မင်းကြီးသားတို့က ပျံနေသည့်အကောင်များကို လိုက်ဖျန်းနေသေးသဖြင့် အဲဒီအကောင်တွေတော့ ထားလိုက်ပါတော့ကွာဟု တားလိုက်မိသည်။ အတုံးအရုံးသေကုန်သော ထိုအကောင်ကြီးများကို ကြည့်ကာ ကျွန်တော် အတော်လေး စိတ်မကောင်းဖြစ်မိ၏။ သူတို့နေရာလည်း လုယူသေး။ သူတို့အသိုက်အမြုံကိုလည်းဖျက်သေး။ သူတို့ကိုလည်း (ဘာမှအပြစ်မရှိပါဘဲလျက်) အမြောက်အများ သတ်ပစ်သေး။ ဘယ့်လောက် တရားမဲ့လိုက်ကြပါသနည်း။
 
အားလုံးရှင်းပြီးသော် မင်းကောင်တွေ မလာနိုင်တော့ပါဘူးကွ၊ အေးအေးဆေးဆေး လုပ်လို့ရပြီဆိုကာ pest control များ ပြန်သွားကြလေသည်။ ကျွန်တော့်မှာ အတွေးတန်းလန်းနှင့် ကျန်ခဲ့၏။
 
 (၄)
 
ကျွန်တော်တို့ငယ်စဉ်က တစ်ခုသော မြန်မာဖတ်စာ၌ သည်းခံခြင်းအရာတွင် သြချယူရလောက်သည့် မတ္တရာဆရာတော်ကြီး အကြောင်း သင်ခဲ့ရဖူးပါ၏။
 
ဆရာတော်ကြီးကို ကိုရင်ကလေးများ နှိပ်နယ်ပေးသည့်အခါ ဒူးကိုထိလိုက်တိုင်း တွန့်ကနဲတွန့်ကနဲ ဖြစ်သွားသဖြင့် ကိုရင် ကလေးများက သင်္ကန်းကို လှန်ကြည့်သည့်အခါ ဒူးတွင် အနာကြီးဖြစ်လျှက် လောက်များ အုံလိုက်ကျင်းလိုက်တွယ်နေသည်ကို ကြက်သီးထဖွယ် တွေ့ကြရလေသည်။ ထိုအခါ ကိုရင်နှင့်ကျောင်းသားလေးများက ဆရာတော်၏ အနာကို ဆေးကြောသုတ် သင်ကာ လောက်များအား ဖယ်ရှားမည်ပြု၏။
 
ဆရာတော်ကြီးက ငါ့ရှင်တို့၊ သူတို့မိသားစုတွေ စားသောက်နေကြတာ၊ သူတို့အသိုက်အမြုံကို မဖျက်ကြပါနဲ့ကွာ ဟု မိန့်သည် ဆို၏။ ကိုရင်လေးများလည်း သည်အတိုင်းကြည့်နေကြရလေသည်။
နောက်တော့ ဆရာတော်ကြီးမှာ ထိုဒဏ်ရာနှင့်ပင် ပျံလွန်တော်မူလေသည်။
ကျွန်တော့်မှာ ထိုစာကိုဖတ်ပြီး အံ့သြတုန်လှုပ်မိ၏။ ဆရာတော်ကြီး၏ မေတ္တာနှင့် နာကျင်မှုဝေဒနာကို သည်းခံနိုင်စွမ်းမှာ ကြက်သီးဖြန်းဖြန်း ထလောက်ပါပေသည်။
 
ကျွန်တော်ကား ကိုယ့်ရန်သူလည်း မဟုတ်ပါဘဲလျက် ပဒူသုံးအုံကို ဖျက်မိလေပြီ။ ကျွန်တော့်လက်ချက်ဖြင့် ရာနှင့်ချီသော ပဒူတို့ သေကျေပျက်စီးကြကုန်ပြီ။ မသေဘဲကျန်သည့် ပဒူများသော်မှ ဆေးမိထားသောကြောင့် သန်သန်မာမာ ရှိတော့မည် မဟုတ်။ အနှေးနှင့်အမြန် သေကြရတော့မည်။
 
အထက်ပါဆရာတော်ကြီးအကြောင်း တွေးမိသောအခါ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အခါခါ ကျိန်ဆဲနေမိပါတော့သည်။
 
 
လာရောက်ဖတ်ရှုခြင်းအတွက် ကျေးဇူးတင်ပါသည်။
 
 
အေးငြိမ်း
 
၂၇ ေမ၊ ၂၀၁၅။ ည ၁၁း၀၁ နာရီ
 
REF: shwenyein.blogspot.com
 
 


ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ဝါးပင်၊ ကျူပင်၊ ငှက်ပျောပင် သီးလျှင် မုချ သေကြရ"