ဖော့စဖိတ် မြေသြဇာများကို ပို၍ ထိရောက်စွာ အသုံးပြုခြင်း

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အပင်များအတွက် မရှိမဖြစ် လိုအပ်သော ဒြပ်စင် (၁၇) မျိုး အနက် အဓိက အများလို ဒြပ်စင်များ၊ Primary Macro- elements (၃)မျိုး အနက်၊ ဖော့စဖောရပ်(စ်) ခေါ် မီးစုန်းဓာတ်မှာ တစ်မျိုး အပါအဝင် ဖြစ်သည်။ ယေဘူယျအားဖြင့် ဖော့စဖောရပ်(စ်)များမှာ အပင်များ၏ လိင်ပိုင်းကြီးထွားခြင်း reproductive growth အတွက် တာဝန်ရှိသော ဒြပ်စင်အဖြစ်၊ စိုက်ပျိုးသူများက နားလည် လက်ခံထားကြသည်။ ထို့ကြောင့်လည်း အပင်တို့၏ လိင်အင်္ဂါများဖြစ်သော အပွင့်၊ အသီး၊ အစေ့များ ကြီးထွား ဖွ့ံ့ဖြိုးရေးအတွက် ဖော့စဖိတ် မြေသြဇာများကို အလေးထား အသုံးပြုကြသည်။ ဖော့စဖိတ် မြေသြဇာများကို လိင်အင်္ဂါများ စတင် ဖြစ်ပေါ်ချိန်နှင့် ကြီးထွား ဖွံ့ဖြိုးချိန်တို့နှင့် ကိုက်ညှိ၍ အသုံးပြုကြသည်။

ဖော့စဖိတ်မြေသြဇာများမှာ အပင်များ၏ လိင်ပိုင်းအင်္ဂါများ ကြီးထွားဖွံ့ဖြိုးရန် တစ်ခုတည်းသော တာဝန်ရှိနေခြင်းကား မဟုတ်ပါ။ အခြား အရေးကြီးသော တာဝန်များလည်း ရှိနေပါသေးသည်။ ဖော့စဖိတ် မြေသြဇာများ၏ အခြား တာဝန်တစ်ခုမှာ စွမ်းအင်ကို သိုမှီးခြင်း၊ ဖြန့်ဝေ အသုံးပြုခြင်းအတွက် တာဝန်ရှိခြင်းပင် ဖြစ်သည်။ နေရောင်ခြည်မှ ရရှိသော အလင်း စွမ်းအင်ကို အလင်းမှီ အစာဖွဲ့ခြင်း ဖြစ်စဉ်ဖြင့် အပင်အတွင်း ဓာတု စွမ်းအင်အဖြစ် ပြောင်းလဲ သိုမှီးထားသည်။ အပင်များ၏ ဇီဝ ကိစ္စ အမျိုးမျိုးအတွက်၊ လိုအပ်သော စွမ်းအင် အတွက် ထိုသိုမှီးစွမ်းအင်ကို ဖြိုချ အသုံးပြုကြသည်။ အစေ့များ အညှောင့်ပေါက်စမှ ဘဝစက် တစ်ခုလုံးအတွက် စွမ်းအင်များကို လိုအပ်သည်။ မြေဆီလွှာအတွင်းမှ ရေနှင့် အာဟာရဓာတ်များ စုပ်ယူရာတွင် လည်းကောင်း၊ အင်္ဂါများ တည်ဆောက်ရာတွင် လည်းကောင်း လိုအပ်သော စွမ်းအင် အားလုံးမှာ သိုမှီးထားသော စွမ်းအင်ကို ပြန်လည် အသုံးပြုကြရသည်။ ထို့ကြောင့် ဖော့စဖိတ် မြေသြဇာများ ၏ လိုအပ်ချက်များမှာ အပင်များ၏ ဘဝအစ၊ အစေ့ အညှောင့်ပေါက်ချိန်မှ သေဆုံးခါနီး သို့မဟုတ် ရိတ်သိမ်းချိန် အထိ လိုအပ်ပေသည်။ ဖော့စဖိတ် မြေသြဇာ၏ လိုအပ်ချက်မှာ တသတ်မတ်တည်း မဟုတ်ပဲ ကြီးထွားမှု အဆင့်ပေါ် မူတည်၍ အတက်အကျ ရှိပါသည်။ စိုက်ပျိုးသူများ အနေနှင့် အတက် အကျတိုင်း ထောက်ပံ့နိုင်ပါက မိမိတို့၏ စိုက်ပျိုးရေးလုပ်ငန်းကို ကြီးမားစွာ အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ထိုသို့ မဟုတ်ပဲ မြေပြင်ချိန် သို့မဟုတ် အခြားနည်း တစ်မျိုးမျိုးဖြင့် အသုံးပြုပါက ထိရောက်မှု နည်းပါးခြင်း၊ လေလွင့်ခြင်း သာမက မမျှော်လင့်သော ဆိုးကျိုးများပင် ဖြစ်လာနိုင်ပါသည်။

စိုက်ပျိုးမြေများတွင် ဖော့စဖိတ် အတော်အတန် ရှိမြဲ ဖြစ်သည်။ ဤသို့ ဖြစ်ရခြင်းမှာ ကမ္ဘာ့မြေသားထုတွင် ရှိသော ဒြပ်စင်များ အနက် ဖော့စဖောရပ်(စ်)မှာ (၁၁) ခုမြောက် အများဆုံး ဒြပ်စင် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ သို့သော် ထိုစိုက်ပျိုးမြေများ၌ပင် ဖော့စဖောရပ်(စ်)ဓာတ် ချို့တဲ့မှု အမြဲ လိုလို ရှိနေသည်။ ဤသို့ ဖြစ်ရခြင်းမှာ မြေသားအတွင်းရှိ ဖော့စဖိတ်များမှာ အပင်များ စားသုံးနိုင်သော အခြေအနေတွင် ရှိမနေခြင်းကြောင့် ဖြစ်သည်။

အပင်များသည် ရေတွင် ပျော်ဝင်နေသော ဖော့စဖိတ်များကိုသာ စားသုံးနိုင်သည်။ ရေမပျော်နိုင်သော အစိုင်အခဲဘဝဖြင့် ရှိနေသော ဖော့စဖိတ်များကို မစားသုံးနိုင်ပေ။ ထို့ကြောင့်လည်း စိုက်ပျိုးရေး လောကတွင် အဆိုတစ်ခု အထင်အရှား ရှိနေသည်မှာ - အပင်များသည် အစာ ဘယ်သောအခါမျှ(ဝါး) မစား၊ အရည်ကိုသာ သောက်သည်။ Plant never eat; they drink ဖြစ်သည်။ ရေပျော်သော အာဟာရ သို့မဟုတ် မြေသြဇာများကိုသာ အပင်များ စားသုံးနိုင်ခြင်း ဖြစ်သည်။ အကယ်၍ ရေမပျော်သော မြေသြဇာများကို အသုံးပြုရာတွင်လည်း၊ ထိုမြေသြဇာများမှ ရေတွင် ပျော်ဝင်သော အရာများကိုသာ အပင်၏ အမြစ်များက စုပ်ယူနိုင်ခြင်း ဖြစ်သည်။

ဖော့စဖိတ် မြေသြဇာများကို ထိရောက်စွာ အသုံးပြုနိုင်ရန်မှာ စိုက်ပျိုးသူ အနေနှင့် မိမိတို့ အသုံးပြုသော ဖော့စဖိတ် မြေသြဇာများနှင့် အခြား ဖော့စဖိတ် မြေသြဇာများ မတူညီ ကွဲပြားပုံ သို့မဟုတ် အခြား အာဟာရ ပါရှိသော မြေသြဇာများနှင့် ကွဲခြားပုံကို သိထားရန် လိုအပ်သည်။ ယခု မြန်မာ့စိုက်ပျိုးရေးလောကတွင် မြေသြဇာများ အသုံးချခြင်းနှင့် ပတ်သတ်၍ လိုအပ်ချက်များ များစွာ ရှိနေပါသေးသည်။

အပင်များ၏ အမြစ်များက မြေဆီလွှာ အတွင်း ရေနှင့် အာဟာရဓာတ်များ စုပ်ယူရာတွင် ထူးခြားမှုများ ရှိသည်။ အမြစ် မျက်နှာပြင် တစ်လျှောက်လုံးမှ ရေနှင့် အာဟာရဓာတ်ကို စုပ်ယူနိုင်ခြင်း မရှိပါ။ အမြစ်၏ ထိပ်ဖျားနီးပိုင်း (sub-terminal) အပိုင်း၊မြစ်မွှေး (Root-hair) များကသာ ရေနှင့် အာဟာရဓာတ်ကို စုပ်ယူနိုင်ခြင်း ဖြစ်သည်။ မြစ်မွှေး ဆိုသည်မှာ အမြစ်၏ အပေါ်ယံ ဆဲလ်အလွှာရှိ၊ ဆဲလ်တခုစီမှ ဖြစ်ပေါ်လာသော ဆဲလ်များသာ ဖြစ်သည်။ ထို့ကြောင့် မြစ်မွှေး တခုတွင် ဆဲလ်တခုသာ ရှိသည်။ မြစ်မွှေးများ ထွက်ရာ အမြစ်အပိုင်းမှာ၊ အမြစ်တစ်ချောင်းလုံးနှင့် နှိုင်းစာလျှင် မရှည်သော်လည်း မြစ်မွှေးများကြောင့် ရေနှင့်အာဟာရ စုပ်ယူနိုင်သော ဧရိယာကပို ကြီးမားစွား ဖြစ်ပေါ်စေသည်။ မြစ်မွှေးများမှာ ရာသက်ပန် တည်ရှိသော အင်္ဂါများကား မဟုတ်ပါ။ အဟောင်း အဟောင်းသော မြစ်မွှေးများ ပျက်စီးသွားချိန်တွင်၊ အသစ်ဖြစ်ပေါ်လာသော ထိပ်ဖျားနီးနေရာများ၌ မြစ်မွှေးအသစ်များ ဖြစ်ပေါ်မြဲ ဖြစ်သည်။မြေဆီလွှာအတွင်းမှ မြေသြဇာကဲ့သို့သော အာဟာရများ၊ အပင်အတွင်း ဝင်ရောက်ရန် နည်းလမ်း ၃ သွယ် ရှိသည်။

ပထမနည်းမှာ ထိစပ်ခြင်း (Interception) ဖြစ်သည်။ အမြစ်များနှင့် ထိစပ်သော သို့မဟုတ် အလွန်နီးကပ်စွာ ရှိနေသော အာဟာရများ အမြစ်အတွင်းသို့ ဝင်ရောက်ခြင်း ဖြစ်သည်။

ဒုတိယနည်းမှာကား ကျွဲကူးရေပါနည်းပင် ဖြစ်သည်။ အမြစ်က ရေကို စုပ်ယူသောအခါ၊ ရေတွင် ပျော်ဝင်နေသော အာဟာရများ၊ ရေနှင့်အတူ အပင်အတွင်းသို့ ဝင်ရောက်သွားသောနည်း ဖြစ်သည်။ ဤနည်းကို (Mass Flow) ဟု ခေါ်သည်။

တတိယနည်းမှာကား အာဟာရ ပြင်းအားများသော မြေဆီလွှာရည်မှ ပြင်းအားနည်းသော အမြစ်အတွင်းသို့ စိမ့်ဝင်ခြင်း (Diffusion)နည်း ဖြစ်သည်။ ဖော့စဖိတ်များ မြေဆီလွှာမှ အမြစ်အတွင်းသို့ ဝင်ရောက်ရာတွင်၊ ဤတတိယနည်းမှာ အဓိက ဝင်ရောက်သောနည်း ဖြစ်သည်။ အကယ်၍ သီးနှံပင် တစ်မျိုးအား ဖော့စဖိတ်မြေသြဇာများကို ထိရောက်စွာ ကျွေးလိုပါက၊ ဤတတိယနည်းဖြစ်သော စိမ့်ဝင်နည်းဖြင့် ဝင်ရောက်နိုင်သည့် အခြေအနေမျိုးကို ဖန်တီး အသုံးပြုရန် လိုအပ်သည်။

ပီအိတ်(ချ်) pH။ ။ဖော့စဖိတ် မြေသြဇာများကို အသုံးပြုရာတွင် ပီအိတ်(ချ်) ကိန်း မှန်ကန်ရန် လိုအပ်သည်။ ပီအိတ်(ချ်)ကိန်း ၅.၀ မှ ၆. ၅ မှာ အသင့်တော်ဆုံး ဖြစ်သည်။ အကယ်၍ ပီအိတ်(ချ်)ကိန်း နိမ့်လွန်းပြီး၊ အချဉ်လွန်ကဲသော အခြေအနေမျိုးတွင် ဖော့စဖိတ် များသည်။ မြေဆီလွှာအတွင်းရှိ အလျူမီနီယမ် အိုင်းယွန်း ခေါ် သံဓာတ် နှင့် မင်းဂနီး(စ်)ဓာတ်များ ဓာတ်ပြုပြီး ထိုဓာတ်စင်များ အဆိပ်သင့်မှု ဖြစ်ပေါ်စေသည်။ အခြားတစ်ဖက်တွင်လည်း ပီအိတ်(ချ်) ကိန်းမြင့်ပြီး၊ အငန်ဓာတ် လွန်ကဲနေသော အခြေအနေမျိုးတွင် အသုံးပြုလိုက်သော ဖော့စဖိတ်များသည် ကယ်စီယမ် ခေါ် ထုံးဓာတ်၊ ရွံ့စေးတို့နှင့် ပေါင်းစပ်ပြီး အပင်က စားသုံး၍ မရသော၊ မြဲနေသော ဖော့စဖိတ် (fixed phosphate) များ ဖြစ်သွားမည် ဖြစ်သည်။ ထို့ကြောင့် ဖော့စဖိတ် မြေသြဇာများကို ထိရောက်စွာ အသုံးပြုလိုပါက ပီအိတ်(ချ်)ကိန်း မှန်ကန်ရန် အလေးထားရန် လိုအပ်သည်။

မြေသြဇာ ချသည့်နေရာ။ ။ဖော့စဖိတ်များသည် အပင်အတွင်း၌ တစ်နေရာမှ တစ်နေရာသို့၊ လွယ်ကူလျင်မြန်စွာ ရွှေ့ပြောင်းနိုင်သော်လည်း မြေဆီလွှာအတွင်း၌ကား တစ်လက်မ-နှစ်လက်မခန့်ပင် ရွေ့လျားရန် ခက်ခဲသည်။ ထို့ကြောင့် ဖော့စဖိတ် မြေသြဇာများ မြေသို့ ချကျွေးရာတွင် အပင်များ ရယူစားသုံးနိုင်သည့် နေရာတွင် ချကျွေးရန် လိုအပ်သည်။ အာလူးများမှာ အမြစ်ကောင်းစွာ မဖွံ့ဖြိုးသော အပင်များ ဖြစ်သည်။ ဖော့စဖိတ် မြေသြဇာကျွေးရာတွင် မျိုး အာလူးဥနှင့် အနီးစပ်ဆုံး နေရာ သို့မဟုတ် ဥ၏ အောက်တည့်တည့်တွင် ကျွေးရန် လိုအပ်သည်။ အလားတူပင် အမြစ်များ ဘေးဘက်ဆီ ပြန့်မထွက်သော၊ အမြစ် ဖွံ့ဖြိုးမှု မကြီးမားသော အပင်များ၊ စိုက်သော အခါ၌လည်း မျိုးစေ့များ၏ အောက်တည့်တည့်တွင် ချကျွေးသင့်သည်။ ထိုအပင်များကို အတန်းလိုက် စိုက်သောအခါ၊ တန်းကြားနေရာများတွင် လွယ်ကူစွာ ဖော့စဖိတ် မြေသြဇာကျွေးပါက ထိရောက်မှု မရှိိနိုင်ပါ။ ပြောင်းပင်ကဲ့သို့ အမြစ် ဖွံ့ဖြိုးမှု ကောင်းပြီး၊ ဘေးဘက်ဆီသို့ အမြစ် ပြန့်ထွက် အားကောင်းသော အပင်မျိုး၌ကား၊ တန်းကြားများတွင် ဖော့စဖိတ် မြေသြဇာကို လွယ်ကူစွာ ချကျွေးနိုင်သည်။

လိင်ဖိစီးချိန် (Reproductive stress)။ ။လူသားများတွင် ကလေးဘဝမှ မိန်းကလေးများ အပျိုဖော်ဝင်စ၊ ယောကျ်ားလေးများ လူပျိုဖော်ဝင်စတွင် ခန္ဓာပိုင်း၊ ဇီဝကမ္မပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်မြဲ ဖြစ်သည်။ အမျိုးသမီးများ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိစတွင်လည်း ပြောင်းလဲမှုများ၊ အာဟာရ လိုအပ်ချက်များ တိုးလာမြဲ၊ ပြောင်းလဲလာမြဲ ဖြစ်သည်။ သက်ရှိ ဖြစ်သော အပင်များ၊ အစေ့ အညှောက်ပေါက်ချိန်၊ ပင်ပိုင်းကြီးထွားချိန်မှ လိင်ပိုင်း မျိုးပွားရန် သန္ဓေတည်စတွင် အာဟာရပိုင်းဆိုင်ရာ လိုအပ်ချက်များ ပြောင်းလဲလာသကဲ့သို့ လိုအပ်သော ပမာဏလည်း တိုးလာမြဲ ဖြစ်သည်။ ပင်ပွားကြီးထွားချိန်မှ လိင်ပိုးကြီးထွားခြင်း လမ်းကြောင်းပေါ်သို့ လမ်းပြောင်းချိန်မှာ၊ လိင်ဖိစီးခြင်း reproductive stress ကို သဘောပေါက်ပြီး ဆီလျော်သည့် ပံ့ပိုးမှုများဖြင့် ပံ့ပိုးပေးနိုင်ပါက ကြီးမားသော အကျိုးရလဒ်ကို ရရှိနိုင်ပေသည်။

ရေပျော် ဖော့စဖိတ် မြေသြဇာများ။ ။လိင်ဖိစီးချိန်ဖြစ်သော အကန့်အသတ် ကာလတိုအတွင်း အသုံးပြုသော ဖော့စဖိတ် မြေသြဇာမှာ အပင်များ လွယ်ကူလျင်မြန်စွာ စုပ်ယူစားသုံးနိုင်သော မြေသြဇာဖြစ်ရန် လိုအပ်သည်။ အချိန်ကြာမြင့်မှ အရည်ပျော်ပြီး အနည်းငယ်ချင်း စားသုံးနိုင်သော မြေသြဇာမျိုးမှာ ထိရောက်မှု မရှိနိုင်ပါ။ ထို့ကြောင့်လည်း သာမန် မြေသြဇာများထက် ပို၍ အာနိသင် ပြကောင်းသော၊ အာနိသင်ပြ မြန်သော၊ ပမာဏများများ အသုံးပြုရန် မလိုသော မြေသြဇာများ ပေါ်ထွက်လာခဲ့သည်။ သို့တိုင်အောင် မြန်မာ့ စိုက်ပျိုးသူ အများစုမှာ ထိုမြေသြဇာများနှင့် ထိတွေ့မှု နည်းပါးလျက် ရှိသေးသည်။ ဖော့ဖိုးရစ် အက်ဆစ်၊ မိုနိုအမိုးနီးယမ်း ဖော့စဖိတ်(MAP)၊ ဒိုင်အမိုးနီးယမ်း ဖော့စဖိတ်( DAP)၊ မိုနိုပိုတက်စီယမ်ဖော့စဖိတ် (MKP)၊ ဒိုင်ပိုတက်စီယမ် ဖော့စဖိတ် (DKP)တို့မှာ ကမ္ဘာ့စိုက်ပျိုးရေး နယ်ပယ်တွင် ထင်ရှားပြီး ဖြစ်သော ဖော့စဖိတ် မြေသြဇာများ ဖြစ်သည်။ မြေချ မြေသြဇာ အဖြစ်လည်းကောင်း၊ အရွက်ဖျန်း မြေသြဇာ အဖြစ်လည်းကောင်း ထိရောက်စွာ အသုံးပြုနိုင်သည်။

အော်ဂဲနစ် မြေသြဇာများ။ ။သက်ရှိများ ဖြစ်သော အပင်နှင့် တိရိစ္ဆာန်တို့၏ ရုပ်ကြွင်းနှင့် အညစ်အကြေးများမှ ဖြစ်လာသော မြေသြဇာများကို အော်ဂဲနစ် သို့မဟုတ် သဘာဝ မြေသြဇာဟု ခေါ်သည်။ အပင်များ စားသုံးရန် လိုအပ်သော ဖော့စဖိတ် ၅၀ ရာခိုင်နှုန်းကို သဘာဝ မြေသြဇာများမှ ရရှိုနိုင်သည်။ သို့သော် စိုက်ပျိုးသူ အများသည် ဖော့စဖိတ် အတွက် သဘာဝမြေသြဇာကို အလေးထား သုံးစွဲလေ့ မရှိပါ။ သဘာဝ မြေသြဇာအတွင်းရှိ ဖော့စဖိတ်များကို အပင်များ စားသုံးနိုင်ရန်မှာ မြေဆီလွှာအတွင်းရှိ အဏုဇီဝရုပ်များ၏ လုပ်ဆောင်မှု လိုအပ်သည်။ မြဲနေ၊ ငြိမ်နေသော တနည်းအားဖြင့် အပင်များ မစားသုံး နိုင်သေးသည့် အော်ဂဲနစ် ဖော့စဖိတ်များသည် အဏုဇီဝရုပ်များ လှုပ်ရှားမှုကြောင့် ကြေပျက်ပြီး အပင်များ စားသုံးနိုငိသော အခြေသို့ ရောက်ရှိသည်။ ထို့ကြောင့် ထိုအခြေအနေမျိုး ရရှိရန် သဘာဝ မြေသြဇာကို အလေးထား သုံးစွဲခြင်း၊ အဏုဇီဝရုပ်များ ရှင်သန် ပွားများနိုင်သော အနေအထား တစ်ရပ်ကို ပံ့ပိုးပေးရန် လိုအပ်သည်။