အယ်နီညိုဖြစ်ခဲ့လျှင် အပူချိန် စံချိန်တင်မြင့်မည်၊ အပူဒဏ်ကို တစ်နိုင်ငံလုံးခံစားရမည်ဟု မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင် ပြောကြား

04/10/2018 13:37 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုလတ်တလော ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း၊ အင်ဒိုနီးရှားနိုင်ငံ ဆူနာမီဖြစ်ပွားမှုတို့နှင့် အတူ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များသည် ကမ္ဘာကြီးနှင့် ကမ္ဘာ့လူသားများကို တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ ခြိမ်းခြောက်လာသည်ဟု ဆိုရပါမည်။
ယခင်က နွေ၊ မိုး၊ ဆောင်း ဥတုရာသီ သမမျှတမှန်ကန်သည့် မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ် များကို ခံစားလာရပြီဖြစ်သည်။ အချိန်အခါမဟုတ် မိုးသည်းထန်ခြင်း၊ ရေကြီးခြင်းဖြစ်ရပ်ဖြစ်စဉ်များကလည်း နှစ်စဉ်နှစ်တိုင်း နီးပါး ကြုံတွေ့နေရသည်။ သို့ဖြစ်၍ မုတ်သုံအလွန် ရောက်ရှိလာမည့် ရာသီဥတုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကို မြန်မာ့သတင်းစဉ်က သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး ။ ။ မုတ်သုံအလွန် ရောက်ရှိလာမယ့် ရာသီဥတုဖြစ်စဉ်အပေါ် ဆရာကြီးရဲ့ သုံးသပ်ချက်ကို သိပါရစေရှင့်။
ဖြေ ။ ။ လက်ရှိရာသီဥတုက မုတ်သုံကတော့ မရှိတော့ဘူး၊ မုန်တိုင်းကတော့ ဖြစ်ဖို့ရှိတယ်။ ဒါပေမယ့် မုန်တိုင်းက ဘင်္ဂလား ပင်လယ်အော်မှာဖြစ်တာ ကျဲနေတယ်။ ဒီနှစ်က တော်တော်သတိထားရမယ့် နှစ်ဖြစ်မလား မသိဘူး။ ဘာကြောင့်လဲဆိုတော့ ပစိဖိတ်သမုဒ္ဒရာမှာ အယ်နီညိုဖြစ်ဖို့ အလားအလာ နည်းနည်းပြနေတယ်။ အယ်နီညိုဖြစ်ရင် ရာသီဥတုက တော်တော် ဆိုးမယ်။ များသောအားဖြင့် အယ်နီညိုဖြစ်တဲ့နှစ်တွေက ပူပြင်းတယ်၊ ခြောက်သွေ့တယ်၊ မိုးနည်းတယ်၊ အပူချိန်မြင့်တယ်၊ အဲဒါတွေ ဖြစ်တတ်တယ်။ နောက်ဆုံးဖြစ်တာက ၂ဝ၁၅ - ၂ဝ၁၆ မှာ ဖြစ်ခဲ့တာ။ လောလောဆယ် အနေအထားကတော့ ပစိဖိတ်သမုဒ္ဒရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ၊ အခု အောက်တိုဘာ၊ နိုဝင်ဘာ ဒီသုံးလ မှာ အယ်နီညိုဖြစ်ဖို့ ၅၅ ရာခိုင်နှုန်းရှိတယ်။ နောက် ဒီနှစ် ဒီဇင်ဘာကနေ နောက်နှစ် ဖေဖော်ဝါရီလအထိ ဆောင်းရာသီ ခေါ်တာပေါ့၊ အဲဒီဆောင်းရာသီမှာ အယ်နီညိုဖြစ်ဖို့ အလားအလာ ၇ဝ ရာခိုင်နှုန်းရှိတယ်။ ဒါက တော်တော် အရေးပါတဲ့ ဟာပါ။ နောက်ဆုံးဖြစ်ခဲ့တဲ့ အယ်နီညိုက မကြာသေးဘူး၊ သုံးနှစ်လောက်ပဲ ရှိသေးတယ်။ ၂ဝ၁၅-၂ဝ၁၆ က ဖြစ်ခဲ့တာ။ အဲဒီတုန်းက မြန်မာနိုင်ငံအပါအဝင် အာရှ-ပစိဖိတ်ဒေသ နိုင်ငံပေါင်း ၂၈ နိုင်ငံ တော်တော်ထိခိုက်မှုများခဲ့တယ်။ မြန်မာနိုင်ငံလည်း ပါတယ်။
မေး ။ ။ အယ်နီညိုဖြစ်စဉ် ဖြစ်လာမယ်ဆိုရင် ဘယ်လို နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့နိုင်ပါသလဲ။
ဖြေ ။ ။ ယေဘုယျအားဖြင့် အယ်နီညိုဖြစ်တဲ့ နှစ်တွေမှာ ကြုံရတတ်တဲ့ပြဿနာတွေကို သက်ဆိုင်တဲ့သူတွေ ကြိုတင် သတိရှိဖို့က နံပါတ်တစ်က အယ်နီညိုဖြစ်မယ်၊ ဖြစ်မယ့် အယ်နီညိုက အားကောင်းမယ်ဆိုရင် အပူချိန်တွေ စံချိန်တင်အောင် မြင့်မယ်။ အပူဒဏ်ကို တစ်နိုင်ငံလုံးခံစားရမယ်။ အခု ဆောင်းရာသီမှာတောင် နည်းနည်းလေး အပူဒဏ်ကို ခံနေရပြီ၊ တော်တော်လေးကို သတိထားရမယ့် အနေအထားမှာရှိတယ်။
ရေရှားတဲ့ပြဿနာကြီးနိုင်
နောက်ဒုတိယက အဲဒီအပူချိန် မြင့်တဲ့အတွက်ကြောင့် နွေရာသီမှာဆိုရင် ဘာဖြစ်တတ်သလဲဆိုတော့ ရေရှားမယ်၊ ရေရှားတာက နောက်ပိုင်းမှာ တော်တော်ပြဿနာကြီးတယ်။ အရင်တုန်းကလည်း ရေရှားဖူးပါတယ်။ အရင်တုန်းက ရေရှား တာ အတိုင်းအတာက ဘောင်လေးနဲ့၊ များသောအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရှားတယ်။ နွေရာသီမှာ ရှားတယ်။ နောက်ပိုင်းကြတော့ ရေရှားတာက အလယ်ပိုင်းတင် မကဘူး၊ မြစ်ဝကျွန်းပေါ်လည်း ပါတယ်၊ ရှမ်းပြည်နယ်လည်း ပါတယ်။ နောက် နွေရာသီအထိတောင် မစောင့်ဘူး၊ ဆောင်းရာသီ လောက်ထဲကစပြီးတော့ ၂ဝ၁၉ ဖေဖော်ဝါရီလလောက်ထဲက ရေရှားမှုဖြစ်လာနိုင်တယ်။ ၂ဝ၁၅-၂ဝ၁၆ တုန်းကလည်း အဲဒီ လိုပဲ ဖေဖော်ဝါရီလောက်က ရေရှားတယ်။ ပြောချင်တာက ရေရှားတဲ့ပြဿနာကြီးနိုင်တယ်။ သောက်ရေရော၊ စိုက်ပျိုး ရေရော နှစ်မျိုးလုံး ရှားနိုင်တယ်။
နောက်ပြဿနာကဘာလဲဆိုရင် မီးလောင်မှုများမယ်။ ၂ဝ၁၅-၂ဝ၁၆ က မီးလောင်တဲ့ ကုန်ကျစရိတ်က သိန်းပေါင်း သိန်းဂဏန်းနီးပါးလောက်ရှိတယ်။ နိုင်ငံအနေနဲ့တွက်ရင် နည်းနည်းနောနော ဆုံးရှုံးတာမဟုတ်ဘူး။ တောမီးလောင်တာ ရှိတယ်၊ မြို့မီးလောင်တာရှိတယ်။ နောက်အပူချိန်ကမြင့်ပြီး မိုးကနည်းတဲ့အခါကျတော့ အများဆုံးထိခိုက်တာ စိုက်ပျိုးရေး၊ စိုက်ပျိုးရေးမှာ သီးနှံတွေပျက်တယ်။ မပျက်ရင်လည်း အထွက်လျော့တယ်။ စိုက်ပျိုးသီးနှံတွေ အထွက်လျော့တဲ့ အတွက် စားနပ်ရိက္ခာဖူလုံမှုလည်း ထိခိုက်တယ်။ ကုန်ဈေးနှုန်း လည်း မြင့်သွားတာပေါ့။ မှတ်မိတာတော့ ဆန်ဈေးနှုန်းတွေ မြင့်တက်သွားတယ်။ ဒါတွေက လူမှုဒုက္ခတွေ နောက်ကနေ လိုက်လာတာပါ။
ကူးစက်ရောဂါတွေ ဖြစ်တတ်
နောက်ပြီး များသောအားဖြင့် အယ်နီညိုဖြစ်တဲ့နှစ်တွေမှာ ကူးစက်ရောဂါတွေ ဖြစ်တတ်တယ်။ အတိတ်သမိုင်းမှာ ကမ္ဘာ ပေါ်မှာ ကူးစက်ရောဂါဖြစ်တဲ့အထဲမှာ အကျယ်ပြန့်ဆုံးနဲ့ အသေအပျောက်အများဆုံးကH1N1 ရောဂါပေါ့၊ ၂ဝ၁၅-၂ဝ၁၆ မှာလည်း ကူးစက်ရောဂါဖြစ်တယ်၊ အဲဒီကူးစက်ရောဂါက ကမ္ဘာပေါ်မှာမရှိဖူးသေးတဲ့ ဇီကာဦးခေါင်းသေးပြီး ဉာဏ်ရည် မမီတဲ့ရောဂါဖြစ်တယ်။ ဘရာဇီးနိုင်ငံက စတယ်။ နောက် ၂၈ နိုင်ငံကိုပြန့်သွားတယ်၊ နောက်ဆုံးမြန်မာပြည်အထိ ရောက်လာတယ်။
အာရှ-ပစိဖိတ်ဒေသ တစ်ခုလုံးဖြစ်
နောက်ပြဿနာက အပူချိန်မြင့်တဲ့အတွက်ကြောင့် ပင်လယ်ရေတွေ ပူတဲ့အပြင် ရေစီးကြောင်းတွေကလည်း မြန်သွားတယ်။ မြန်သွားတော့ ငါးတွေကလည်း အသိုက် ပြောင်းတဲ့အတွက် ငါးဖမ်းလုပ်ငန်းမှာလည်း ထိခိုက်တယ်။ အဲဒီတော့ လူမှုရေးရော၊ စီးပွားရေးရော ဒုက္ခတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေတယ်။ နောက် အယ်နီညိုရဲ့ ကြောက်စရာကောင်းတဲ့အချက်က အကြာကြီးဖြစ်တာ။ တစ်ခါဖြစ်ရင် အနည်းဆုံး ၁၂ လ ကြာတယ်။ သိပ်ကြာလို့ရှိရင် ၁၈ လအထိဖြစ်တယ်။ အယ်နီညိုပြဿနာက ကျယ်ကျယ် ပြန့်ပြန့် ဖြစ်တယ်။ အာရှ-ပစိဖိတ်ဒေသ တစ်ခုလုံးဖြစ်တယ်။ ၂ဝ၁၅-၂ဝ၁၆ မှာဆိုရင် ၂၈ နိုင်ငံဖြစ်တယ်။ ဒါတွေက ဘာပဲ ပြောပြော သတိပြုရမယ်။
စောင့်ကြည့်အဆင့်ပဲ ရှိသေး
နောက်ထပ် ထပ်လောင်းပြီး သတိပြုဖို့လိုတဲ့အချက်က လေ့လာတဲ့အဖွဲ့တစ်ဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်ပါပဲ။ စိတ်ဝင်စားဖို့ ကောင်းတယ်။ သူက ဘာပြောသလဲဆိုရင် လာမယ့် ၂ဝ၁၉-၂ဝ၂ဝ- ၂ဝ၂၁-၂ဝ၂၂ အဲဒီ လေးနှစ်မှာ ကမ္ဘာ့သမိုင်းမှာ အပူဆုံးနှစ်တွေ ဖြစ်မယ်လို့ပြောထားတယ်။ အဲဒီပြောထားချက်နဲ့ အယ်နီညိုဖြစ်မယ်ဆိုတဲ့ ဖြစ်စဉ်နဲ့လာပြီး ကိုက်ညီနေ တယ်။ ၂ဝ၁၉ ကို တော်တော်လေးသတိထားရမယ့် သဘော ရှိတယ်။ လောလောဆယ်တော့ စောင့်ကြည့်အဆင့်ပဲ ရှိသေးတယ်။ တကယ်လို့ သေချာသွားပြီဆိုရင် နှိုးဆော်အဆင့်၊ နောက်သတိပေးအဆင့် အဆင့်လိုက်လာမှာပါ။
အပူချိန်တွေက ပုံမှန်ထက်ပိုနေ
ဘယ်လောက်ထိဖြစ်နေပြီလဲဆိုတော့ အယ်နီညိုက စောင့်ကြည့်ရေးဧရိယာ သတ်မှတ်ထားတာရှိတယ်။ ပစိဖိတ် သမုဒ္ဒရာရဲ့ အရှေ့ပိုင်းအီကွေတာတစ်လျှောက်မှာ ဧရိယာ လေးခုသတ်မှတ်ပြီးတော့ ဧရိယာတစ်ခုချင်းရဲ့ ပင်လယ်ရေ မျက်နှာပြင်အပူချိန် ပြောင်းလဲမှုကို စောင့်ကြည့်ရတာ။ စောင့် ကြည့်တဲ့အခါမှာ လက်ရှိတွေ့နေရတဲ့ အနေအထားက ဧရိယာ တွေမှာ အပူချိန်တွေက ပုံမှန်ထက်ပိုနေတယ်။ တစ်နည်းအား ဖြင့် ရေနွေးစီးကြောင်းတွေ များစွာဝင်နေပြီ၊ အများဆုံး ဝ ဒသမ ၄ ဒီဂရီစင်တီဂရိတ် အမြင့်ဆုံးရှိတယ်။ အယ်နီညိုရဲ့ သတ်မှတ်ချက်က ဝ ဒသမ ၅ ဆိုတော့ ဖြစ်ဖို့ကပ်နေပြီ။ အဲဒါက လောလောဆယ်ဖြစ်နေတဲ့ အနေအထား။
နောက်ဆက်တွဲတစ်ခုက ဘာလဲဆိုတော့ ဒီအချိန်က ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေ တန်းစီဖြစ်ရမှာ။ ဒီလို အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလမှာ နှစ်စဉ် နှစ်တိုင်း ပျမ်းမျှအားဖြင့် မုန်တိုင်းလေးလုံးလောက် ဖြစ်တယ်။ အခု မုန်တိုင်းတွေ ဘင်္ဂလားပင်လယ်အော်မှာကျဲတယ်။ ဒါက အယ်နီညိုကြောင့်ပေါ့။ တကယ်လို့ အယ်နီညိုမရှိရင် မုန်တိုင်း က ဒီထက်ပိုဖြစ်မှာ။ သို့သော်ငြားလည်း မိုးကတော့ရွာတယ်၊ သတင်းကောင်းကတော့ မြန်မာပြည်အလယ်ပိုင်းက မိုးလိုတဲ့ သူတွေအတွက် ပြီးခဲ့တဲ့ နှစ်ရက်လောက်က မိုးရွာတယ်။ ဒါကတော့ မိုးလွန်ကာလဖြစ်တဲ့အတွက် နိုဝင်ဘာလအထိ မိုးကတော့ရှိဦးမယ်။ နောက်ပိုင်းမှာ မိုးရွာဖို့ အကြောင်းက နှစ်ခုရှိတယ်။ တစ်ခုက ပစိဖိတ်ဘက်မှာ မုန်တိုင်းတွေဖြစ်တယ်။ ဖြစ်တဲ့မုန်တိုင်းတွေက ကိုရီးယားနဲ့ ဂျပန်ဘက်ပဲ သွားနေတယ်။ ဒီဘက်ကို မလာဘူး။ ‘ဒီဘက်လာမယ်ဆိုရင် မိုးရွာနိုင်တယ်။ နောက်တစ်ခုက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ရင် တော့ မိုးရွာနိုင်တယ်။ နိုဝင်ဘာလအထိ မိုးကိုသတိထားဖို့ လိုတယ်။
မေး ။ ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောချင်တာတွေရှိရင် ပြောပြပေးပါ။
ဖြေ ။ ။ ရာသီဥတုကတော့ မငြိမ်ဘူး၊ အထူးသဖြင့် အဓိက ပြောချင်တာက အယ်နီညိုသတင်းကတော့ ဘာပဲ ပြောပြော အစိုးရတာဝန်ရှိတဲ့သူတွေရော၊ ပြည်သူလူထုရော ကြိုတင်ပြင်ဆင်ဖို့လိုမယ်။ ၂ဝ၁၅-၂ဝ၁၆ တုန်းကလို တကယ် ဖြစ်လာရင် ဘယ်လိုဖြစ်ခဲ့သလဲ၊ ဘာတွေလုပ်ခဲ့ရသလဲဆိုတာ တွေကို ပြန်ပြီးလေ့လာထားဖို့ လိုတယ်။ အဲဒီပုံစံမျိုး၊ အဲဒီ အတိုင်းအတာထိဖြစ်မလား၊ အခုနောက်ပိုင်းက ဖြစ်လိုက် တယ်ဆိုရင် လျော့တယ်ဆိုတာမရှိဘူး။ ပိုတယ်လို့ပဲ ရှိတယ်။ အခုချိန်ထိတော့ သတိရထားမယ့်အဆင့်မှာ ရှိနေတုန်းပဲ။ နောက်ပိုင်းမှာ မဖြစ်လို့လျော့သွားရင်လည်း ကံကောင်းတာ ပေါ့လေ။ တကယ်လို့ ဖြစ်လာရင်တော့ တော်တော်ပူပြင်းတဲ့ နွေရာသီကို ၂ဝ၁၉ မှာတွေ့ရဦးမယ်။
ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဥမ္မာသန့်
မြန်မာ့အလင်းမှ


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်