တစ်ပါတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်

13/05/2018 12:29 PM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တိုကျိုကုန်စည်ဖလှယ်ရေးဌာန Tokyo Commodity Exchange အတိုကောက်အားဖြင့် TOCOM ရဲ့ စံအဖြစ်ထားတဲ့ အတုတ်အသိမ်းအများဆုံးကန်ထရိုက်လဖြစ်တဲ့ အခုမှစ ၆ လမြောက်လ အောက်တိုဘာလဈေးဟာ တနင်္လာနေ့မှာ အကျတွေကိုပြောင်းပြန်လှန်ကာ အတက်နဲ့ ဈေးပိတ်သွားတယ်။ ရှန်ဟိုင်းရဲ့ ကုန်စည်ဒိုင် Shanghai Foreign Exchange - SHFE ရဲ့အနုတ်အသိမ်း အများဆုံးကန်ထရိုက်လ စက်တင်ဘာပစ္စည်းအရောက်ပို့ ရော်ဘာဈေး  နာလံပြန်အထူနဲ့၊ ၂၀၁၄ နိုဝင်ဘာ ကတည်းကတွက်ရင် အမြင့်ဆုံးအဖြစ်နဲ့ ရေနံဈေးအမာမှာ တက်သွားတာပါ။ 

တနင်္လာနေ့မှာ ၂၀၁၄ နှောင်းပိုင်းကတည်းကစတွက်ရင် အမြင့်ဆုံးအဆင့်အဖြစ် အဓိက ရေနံစိမ်းဈေးက ၁% တက်သွားတယ်။ ဗင်နီဇွဲလားမှာ စီးပွားရေးကပ်ဆိုက်နေခြင်းနဲ့ အမေရိကန်အနေနဲ့ အီရန်အပေါ် ပိတ်ဆို့မှုပြစ်ဒဏ်ပြန်ခတ်လေမလား ဆိုသည်ကိုအာရုံရောက်နေခြင်းက ရေနံဈေးကိုတွန်းတင်လိုက်တာပါ။ 

ဒီနေရာမှာ အလျဉ်းသင့်လို့ ရေနံဈေးက ရော်ဘာဈေးကို အဆုံးအဖြတ်ပေးတဲ့ အခြေခံအချက်တစ်ခုဖြစ်ကြောင်း အနည်းအကျဉ်းပြောပြချင်တယ်။ ကျနော်တို့ထုတ်လုပ်လိုက်သမျှ သဘာဝရော်ဘာတွေရဲ့ အများစုကို တိုင်ယာလုပ်ငန်းမှာသုံးတယ်။ တိုင်ယာကိုလည်း သဘာဝရော်ဘာတစ်မျိုးတည်း သုံးလို့မဖြစ်ဘူး။ ရေနံကထုတ်လုပ်တဲ့ ရော်ဘာတုကို ရောသုံးရတယ်။ တိုင်ယာအမျိုးအစားပေါ်မူတည်လို့ သဘာဝနဲ့ အတုတို့ရဲ့ အချိုးကအမျိုးမျိုးပဲ။ ဒါပေမယ့် ပျမ်းမျှဆိုရင် ထက်ဝက်စီလောက်ရှိတယ်။ ဒီအခြေခံကိုစဉ်းစားလိုက်ရင် ရေနံဈေးကျမယ်ဆိုပါစို့၊ ရေနံကထုတ်တဲ့ ရော်ဘာတုလည်းဈေးကျမယ်။ အတုကိုများများသုံးနိုင်မယ်။ ဒီတော့သူနဲ့တွဲသုံးတဲ့ သဘာဝရော်ဘာကို အသုံးနည်းမယ်။ ဈေးကျမယ်။ ဒါကြောင့် ရေနံဈေးနဲ့ သဘာဝရော်ဘာဈေးဟာ တိုက်ရိုက်အချိုးကျတယ်လို့ ပြောလို့ရတယ်။ ရေနံဈေးတက်ရင် သဘာဝရော်ဘာဈေးတက်မယ်။ ကျရင် ရော်ဘာဈေးလိုက်ကျမယ်။

အောက်တိုဘာလကန်ထရိုက် TOCOM ရော်ဘာဈေးဟာ ၁.၅ ယန်းတက်ကာ ၁၉၃.၅ ယန်း($၁.၇၇)/ကီလိုဂရမ်ဈေးနဲ့ပိတ်တယ်။ စောစောပိုင်းက ၁၈၈.၉ ယန်းဆိုတဲ့ အနိမ့်ဆုံးကိုရောက်သွားသေးတယ်။

ဖူဂျိတိုမိကုမ္ပဏီမှ ကုန်စည်ပွဲစား ဈေးကွက်ဆန်းစစ်သူ တဟ်ယောက်ဖြစ်တဲ့ တိုရှိတက တဇဝက  " ရှန်ဟိုင်းဈေးအတက်နဲ့ ရေနံဈေးအမာလို ပြင်ပအကြောင်းရင်းခံ အချက်တွေက TOCOM ဈေးကို ပြန်ခုန်တက်စေတာ" လို့ ပြောပါတယ်။

"သို့ပေမယ့်၊ တွက်ချက်မှုအရ ၁၉၅ ယန်းဈေးအထက်ကလေးမှာပဲ ခံနေမယ်။ တိုကျိုရော်ဘာအနေနဲ့ ဒီအဆင့်ကို ဖောက်ပြီးတက်ဘို့ခက်လိမ့်မယ်။ ဆက်တက်မယ့်ရေနံဈေးသာ တဟ်ခုတည်းသော အထောက်အပံ့ဖြစ်မှာကိုး" တဲ့သူကဆက်ပြောပါတယ်။

TOCOM အသိအမှတ်ပြု ကုန်လှောင်ရုံများရှိ အရန်ရော်ဘာဟာ ၁၃၇၉၂ တန်အထိမြင့်တက်နေတယ်။ ဒါက ဧပြီ ၂၀ စာရင်းအရ။ ဧပြီ ၁၀ ရက်နေ့စာရင်းမှာ ၁၃၄ တန်ရှိရာမှ မြင့်တက်လာတာပါ။ လွန်ခဲ့တဲ့ တနှစ်ကထက် ၁၁ ဆနီးပါးဖြစ်လာတာလို့ TOCOM ရဲ့ ဒေတာတွေကပြနေပါတယ်။ ဒီလို ရော်ဘာစတော့များနေခြင်းက ရော်ဘာဈေးတက်မှာကို ဟန့်နေတဲ့ အဓိကအချက်ဖြစ်တယ်။

တိုကျိုရဲ့ စံရော်ဘာဟာ အင်္ဂါနေ့ဈေးအပိတ်မှာ ပြန်ကျသွားပါတယ်။ စောစောပိုင်းမှာ တစ်လခွဲကာလအတွင်း အမြင့်ဆုံးဈေးကို ရောက်ခဲ့ပြီးမှ ပြန်ဆွဲချသွားတာပါ။ အခြေခံအချက်တွေအားနည်းနေပြီး၊ ရေနံဈေးကလည်းကျခဲ့တဲ့အကြောင်းကြောင့်ပါပဲ။ ရေနံဈေးကလည်း အမေရိကန်က အီရန်အပေါ်ပြစ်ဒဏ်ခတ်မှု ပြန်လုပ်ဦးမှာလားဆိုတာကို ရင်းနှီးမြှုပ်နှံသူတို့က စောင့်ကြည့်နေကြလို့ ကျရခြင်းပါ။ 

တရုတ်ရဲ့ သဘာဝရော်ဘာနဲ့ ရော်ဘာတုတင်ပို့မှုဟာ ဧပြီလမှာ စုစုပေါင်းတန်ချိန် ၄၂၈၀၀၀ ရှိပါတယ်။ ယခင်နှစ်ဒီအချိန်ထက် ၂၆.၂ % လျော့ပါတယ်ဆိုတာ တရုတ်ရဲ့ အကြိုစီးပွားရေးရာဒေတာတွေက အင်္ဂါနေ့မှာ ပြသနေပါတယ်။ ဒါက အဓိကရော်ဘာအသုံးဆုံးတိုင်းပြည် တရုတ်ရဲ့ စီးပွားရေး အခြေအနေသိပ်မကောင်းတာကိုပြနေတာပါ။

" ရာသီအလိုက်ပြောရရင်၊ ဒါဟာ ဝယ်လိုအား ခေါင်ကိုရောက်ရမယ့်အချိန်မဟုတ်ဘူး။ ဒါကြောင့်မို့ ဝယ်လိုအား/ရောင်းလိုအားက မကျပ်နေဘူး" လို့ ဂျပန်ကုန်သွယ်သတင်းရင်းမြစ်ကဆိုတယ်။

တိုကျိုရဲ့ စံရော်ဘာဟာ ကြာသပတေးနေ့မှာ အမြင့်ဖြင့်ဈေးပိတ်သွားပါတယ်( ၁၉၂.၉ ယန်း($၁.၇၆)/ကီလိုဂရမ်ဈေး)။  ဒေါ်လာနဲ့ယှဉ်တဲ့ ယန်းငွေအားပျော့နေတာရယ်၊ ရှန်ဟိုင်းရော်ဘာဈေးအားကောင်းနေတာရယ်တို့က ထောက်တင်ပေးလိုက်တာပါ။ 

" တက်လင့်ကစား၊ အချို့အားမကောင်းတဲ့ အခြေခံအချက်တွေ ရှိနေသေးတယ်ဆိုတော့ စိုးရိမ်စရာရှိနေသေးတယ်။ ရော်ဘာစတော့က တော်တော်များများရှိနေသေးတယ်လေ" လို့ ဂျပန်ကုန်သွယ်ရေးသတင်းရင်းမြစ်ကဆိုတယ်။ 

ဧပြီ ၂၀ စာရင်းအရ ဂျပန်ဆိပ်ကမ်းများရှိ အရန်ရော်ဘာတွေဟာ ၁၆၆၀၆ တန်ရှိနေတယ်။ ယခင် လက်ကျန်ရော်ဘာစာရင်းပြတဲ့ နေ့စွဲကထက် ၁.၅% တိုးလာတာပါလို့ Rubber Trade Association of Japan ရဲ့ ကြာသပတေးနေ့မှာထုတ်ပြန်တဲ့ အချက်အလက်တွေအရသိရတယ်။ 

TOCOM ဟာ ဇန်နာဝါရီလနှောင်းပိုင်းကတည်းက ယန်း ၂၀၀ အဆင့်အောက်မှာပဲ ရောင်းဝယ်နေကြပါတယ်။ ခြောက်ကပ်နေတဲ့ဝယ်လိုအားနဲ့ အရံရော်ဘာတွေများပြားပိုလျှံနေတာကြောင့်ပါပဲ။

ဒေါ်လာက ကြာသပတေးနေ့မှာ ခိုင်နေတယ်။ ဒီတော့ ယန်းငွေပျော့တယ်။ ယန်းငွေပျော့တော့ ယန်းငွေနဲ့ သတ်မှတ်တဲ့ ကုန်စည်တွေကို ဒေါ်လာလို နိုင်ငံခြားငွေနဲ့ ဝယ်တဲ့အခါ ဈေးသက်သာတယ်။ အဝယ်လိုက်တယ်။ ရော်ဘာဈေးတက်တယ်။ ယန်းငွေဈေးနဲ့ ရော်ဘာဈေးက ပြောင်းပြန်အချိုးကျတယ်။ ယန်းငွေဈေးကျရင် ရော်ဘာဈေးတက်မယ်။ ယန်းငွေတက်ရင် ရော်ဘာကျမယ်။ 

အချုပ်အားဖြင့်ဆိုရရင် သဘာဝရော်ဘာဈေးဟာ ပြီးခဲ့တဲ့ ဧပြီတစ်လလုံးအတွင်းမှာ အားပျော့နေခဲ့တယ်လို့ အရှေ့ဖျားဈေးကွက်တွေရဲ့ ဖွင့်ဟဖော်ပြချက်တွေကနေ တွေ့ရတယ်။ ရေနံစိမ်းဈေး တက်လာပြီး အကျိုးဆက်အနေနဲ့ ရော်ဘာတုဈေးက လိုက်မြင့်လာလင့်ကစား၊ သဘာဝရော်ဘာဈေးဟာ ပြီးခဲ့တဲ့လမှာ အနည်းငယ်ပဲ မာလာတဲ့လက္ခဏာပြပါတယ်။ အကြောင်းရင်းက အရှေ့တောင်အာရှမှာ ရော်ဘာရွက်ကြွေရာသီပြီးဆုံးသွားပြီး ရော်ဘာတွေ ထွက်လာခဲ့ပြီဖြစ်လို့ပါပဲ။

ညီသွေး


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်