ဖော့စ်ပရပ်(စ်) မီးစုန်းမြေသြဇာ ဆိုတာ

29/08/2019 10:14 AM တွင် ဦးဖရက်သိန်းဖေ ဦးဖရက်သိန်းဖေ မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

   အပင်များအတွက် အဓိကအာဟာသုံးမျိုး တွင် နိုက်ထရိုဂျင်(N)၊ ဖော့စ်ပရပ်(စ်)  (ခေါ်) မီးစုန်း P၊ ပိုတက်စီယမ် (ခေါ်) ပြာဓာတ် (K) တို့ပါဝင်သည်။ အပင်များ၏ ပင်ပိုင်းအင်္ဂါဖြစ်သော အရွက်၊ အညွှန့်၊ အကိုင်းတို့ ဖွံ့ဖြိုးကြီးထွားရန်အတွက် နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို အဓိကအသုံးပြုကြသကဲ့သို့ အပင်များ၏လိင်အင်္ဂါများဖြစ်သော အပွင့်၊ အသီး၊ အစေ့များ ကြီးထွားဖွံ့ဖြိုးရန်အတွက် ဖော့်စ်ပရပ်(စ်) (ခေါ်) မီးစုန်းမြေသြဇာများကို အသုံးပြုကြမြဲဖြစ်သည်။ ပိုတက်စီယမ်မှာကား အပင်များ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ရောဂါပိုးမွှားဒဏ်၊ ဝန်းကျင်ဖိစီးမှုအမျိုးမျိုး၏ ဒဏ်ခံနိုင်ရည်ရှိရန် အသုံးပြုကြသည်။ မြန်မာ့စိုက်ပျိုးသူအချို့သည် ထိုအဓိကမြေသြဇာသုံးမျိုးအနက်မှ ပင်ပိုင်းအင်္ဂါကြီးထွားရန် နိုက်ထရိုဂျင်မြေသြဇာကို အသုံးပြုပြီး လိင်ပိုင်းအင်္ဂါများဖြစ်သော ပွင့်သီးခြင်းအတွက် ဖော့စ်ပရပ်(စ်) ခေါ် မီးစုန်းမြေသြဇာကို အသုံးပြုကြသည်။

   ဖော့စ်ပရပ်(စ်)၏တာဝန်မှာ သီးနှံပင်များပွင့်သီးရန်တာဝန်ရှိသော်လည်း အခြားအလွန်အရေးကြီးသော တာဝန်များလည်း ရှိနေသးသည်။ ထိုတာဝန်များအပေါ် အလေးထား မစဉ်းစားခြင်းက စိုက်ပျိုးရေးလုပ်ငန်းကို ကြီးမားစွာ ထိခိုက်စေတော့သည်။

   ဖော့စ်ပရပ်(စ်) ခေါ် မီးစုန်း၏ အဓိကတာဝန်တစ်ရပ်မှာ နေရောင်ခြည်၏ အလင်းစွမ်းအင်မှ အပင်အတွင်း ဓာတုစွမ်းအင်အဖြစ်ရှိနေသော မီးစုန်းတို့မှာ အပင်အတွက် ဇီဝကိစ္စများအတွက်လိုအပ်သော လုပ်ငန်းများဖြစ်မြောက်ရန် ဇီဝစွမ်းအင်အဖြစ်သို့ ကူးပြောင်းအသုံးပြုရသည်။ တစ်နည်းအားဖြင့် အပင်များအတွက် လိုအပ်သော ဇီဝကိစ္စအဝဝဆောင်ရွက်ရန် မီးစုန်းမှာ ထောက်ပံ့ရာဖြစ်သည်။

   အပင်များ၏ ဘဝအစမှ အစေ့များအညှောက်ပေါက်ပြီး မြေတစ်နေရာ၌ အခြေချရှင်သန်ခြင်း အောင်မြင်မှသာ နောင်ကာလကြာရှည်စွာ ဆက်လက်အသက်ရှင်ခြင်းကို ဖြစ်စေနိုင်မည်ဖြစ်သည်။ ထိုသို့ မြေတစ်နေရာတွင် အစေ့မှအပင်ပေါက်လာသော အပင်ငယ် အခြေမချနိုင်ပါက ဆက်လက်ရှင်သန်ရန် အကြောင်းမရှိတော့ပေ။

   အပင်ငယ်တစ်ပင် မြေတစ်နေရာတွင် အခြေချနိုင်ရေးတွင် အဓိကလိုအပ်ချက်မှာ ထိုအပင်ငယ်မှ အမြစ်များ ကောင်းစွာကြီးထွားဖွံ့ဖြိုးပြီး ဆိုးဝါးခက်ခဲသော ဝန်းကျင်အခြေအနေ မကျရောက်မီ ကောင်းစွာအခြေချနိုင်ရန်ဖြစ်သည်။ ဤနေရာ၊  ဤအခြေအနေမျိုး၌ လိုအပ်ဆုံးမှာ အပင်ငယ်တွင် အမြစ်များ ကောင်းစွာကြီးထွားဖွံ့ဖြိုးရန် လိုအပ်သည်။ မြေပေါ်ပိုင်းအင်္ဂါများ ရှင်သန်ရန်မှာ မြေဆီလွှာအတွင်း ကောင်းစွာ အခြေချထားသော အမြစ်အပေါ်မူတည်နေသည်။ အမြစ်အဖွဲ့အစည်းမကောင်းပါက ထိုအပင်ငယ် ဆက်လက်ရှင်သန်ရန်ခက်ခဲမည်ဖြစ်သည်။

   ဖော့စ်ပရပ်(စ်) ၏ အခြားသော အဓိကတာဝန်တစ်ရပ်မှာ အမြစ်များကြီးထွားဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေခြင်းဖြစ်သည်။ ဖော့စ်ပရပ်(စ်) လုံလောက်စွာ ဖွံ့ဖြိုးကြမည်ဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာမြေဆီလွှာ၌ စတင်အခြေချမည့် အပင်ငယ်များကို ဖော့စ်ပရပ်(စ်)လုံလောက်စွာ ထောက်ပံ့ကျွေးမွေးပေးရန် လိုအပ်သည်။ 

   ကမ္ဘာ့မြေထုတွင်ပါဝင်သော ဒြပ်စင်များအနက် ဖောစ်ပရပ်(စ်)ခေါ် မီးစုန်း၏ပါဝင်မှုမှာ ၁၁ ခုမြောက် အများဆုံးဒြပ်စင်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့မြေသားနှင့် စိုက်ပျိုးမြေများတွင် ဖော့စ်ပရပ်(စ်)များ အထိုက်အလျောက်ရှိနေသည်။ သို့သော် စိုက်ပျိုးပင်များစွာတို့မှာ ဖော့စ်ပရပ်(စ်)များ ချို့တဲ့မှုကြောင့် ကြီးထွားနှုန်းများနှင့် အထွက်နှုန်းကျဆင်းမြဲဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ မြေသားများအတွင်း သဘာဝအတိုင်းရှိနေသော ဖော့စ်ပရပ်(စ်)တို့မှာ အပင်၏ အမြစ်များစုပ်ယူစားသုံးခြင်းမပြုနိုင်သော ရေမပျော်သည့်အဆင့်မျိုးတွင် ရှိနေခြင်းကြောင့်ဖြစ်သည်။

   အပင်ငယ်၏အမြစ်များမှ ထုတ်လွှတ်သော စစ်ရည်များ မြေဆီလွှာအတွင်းရှိ အဏုဇီဝရုပ်များနှင့် အခြားဓာတုဗေဒဆိုင်ရာ ဓာတ်ပြုမှုများကြောင့် ရေမပျော်သော ဖော့စဖိတ်များ ရေပျော်လာနိုင်သည်။ ထိုသို့ ရေပျော်လာသောအခါ ဖော့စ်ပရပ်(စ်)များကို အပင်များအမြစ်များက စုပ်ယူစားသုံးနိုင်သည်။ သို့သော် ထိုသို့ရေပျော်ပြီး စုပ်ယူစားသုံးနိုင်သော ဖော့စ်ပရပ်(စ်)များမှာ ရေပျော်သော အနေအထားတွင် ကြားရှည်တည်တံ့မနေဘဲ ပြောင်းလဲသွားသည်။ အထူးသဖြင့် ကယ်လ်ဆီယမ် ခေါ် ထုံး၊ အိုင်းရွန်းခေါ် သံဓာတ်၊  အလူမီနီယမ်တို့နှင့် ပေါင်းစပ်ပြီး ရေမပျော်သောပစ္စည်းများအဖြစ်သို့ ရောက်ရှိသွားသည်။ ထိုသို့ရေမပျော်သော ဖော့စ်ပရပ်(စ်)ဓာတ်ပေါင်းများစွာမှာ မြေသားအတွင်း၌ မာကျောသောကျောက်သားကဲ့သို့ အမာလွှာအဖြစ်ပြောင်းလဲသွားသည်။

   ထိုသို့ အမာလွှာများဖြစ်ပေါ်ခြင်းမှာ အပင်များအတွက် ဖော့စ်ပရပ်(စ်) ရရှိရန် ခက်ခဲရုံသာမက ထိုအမာလွှာတွင် အမြစ်များဖွံ့ဖြိုးရန်ခက်ခဲသော ဖော့စ်ပရပ်(စ်)မြေသြဇာများ ကာလကြာရှည်စွာ နည်းမှန်လမ်းမှန် မသုံးမိသောအခါ နောင်အခါ၌ ထိုမြေမျိုး၌ စိုက်ပျိုးရေးမလုပ်နိုင်တော့သည့် အခြေအနေသို့ ဆိုက်ရောက်စေတော့သည်။ ထိုမြေမျိုး၌ အသစ်အသစ်သော ဖော့စ်ပရပ်(စ်) မြေသြဇာများ အသုံးပြုခြင်းမှာ အဖြေမဟုတ်ပေ။ ထိုသို့ပျက်စီးသွာသောမြေများကို ကုစားရန်မှာ မြေဆီလွှာအတွင်း ပိတ်လှောင်နေသော ဖော့စ်ပရပ်(စ်)များကို အရည်ပြန်ဖျော်ပြီး ပြိုကွဲသွားမည့်နည်းများကိုသာ အသုံးပြုရန်လိုအပ်သည်။

   မြေဆီလွှာအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရေမပျော်နိုင်ဘဲ ပိတ်လှောင်နေသော ဖော့စ်ပရပ်(စ်)များကို ရေဖျော်ပြီး အပင်များစားသုံးနိုင်သည့်အဆင့်သို့ ပြောင်းပေးရန်အကောင်းဆုံး လုပ်ရပ်မှာ မြေဆီလွှာအတွင်းသို့ သစ်ဆွေးမြေများ၊ အော်ဂဲနစ်မြေသြဇာများဖြစ်သော နွားချေး၊ ကြက်ချေး၊ သစ်ရွက်စိမ်းမြေသြဇာများ အသုံးပြုခြင်းဖြစ်သည်။ အကယ်၍ မြေချဉ်ဖြစ်နေပါက ထုံးအသုံးပြုပေးရန် လိုအပ်သည်။

ဦးဖရက်သိန်းဖေ - လယ်ယာစီးပွား ဂျာနယ်မှ ကူးယူဖော်ပြပါသည်။