တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန် ဂျုံသီးနှံ

07/01/2022 10:30 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

   ဂျုံသည် ဆန်ကဲ့သို့နေ့စဉ်ရိက္ခာသီးနှံဟုဆိုနိုင်သည်။ အကြောင်းမှာ ဂျုံနှင့်ပြုလုပ်သည့် ခေါက်ဆွဲ၊ ပေါင်မုန့်၊ ကိတ်မုန့် စသည်ကို ကျေးလက်ဒေသပါမကျန် မြန်မာနိုင်ငံအနှံ့အပြား စားသုံးကြသောကြောင့် ဖြစ်သည်။ 

   မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ အဓိကစိုက်ပျိုးသည်။ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးသည်။ အခြားဒေသအချို့တွင်လည်း စိုက်ပျိုးသည်။ တစ်ချိန်က စိုက်ဧရိယာဧက၂ ဒသမ ၅ သိန်းခန့်ထိ စိုက်ပျိုးခဲ့ကြောင်းသိရပါသည်။

   ဂျုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားရန် အဓိကလိုအပ်သည်မှာ မျိုးနှင့် နည်းပညာပြန့်ပွားရေး ဖြစ်သည်။ တစ်နည်းအားဖြင့် သုတေသနဖွံ့ဖြိုးရေးဖြစ်ပါသည်။ 

စိုက်ပျိုးနိုင်မှု

   ဂျုံသီးနှံသည် ပဲမျိုးစုံ၊ ဆီထွက်သီးနှံတို့ကဲ့သို့ အခြောက်ထွန်ရေးဖြင့် ဆောင်းရာသီတွင် စိုက်ပျိုးနိုင်သည့် ယာသီးနှံတစ်မျိုး ဖြစ်သည်။ လယ်မြေနှင့် ယာမြေနှစ်မျိုးလုံးတွင် ဖြစ်ထွန်းသည်။ သဲ၊ ကျောက်စရစ်မြေများမှအပ မြေမျိုးမရွေးတွင် စိုက်ပျိုးနိုင်သည်။ အသင့်တော်ဆုံးမှာ နုံးမြေစေး ဖြစ်ပါသည်။ 

   မိုးရေချိန် ၂၅ လက်မခန့်ရှိသောဒေသများတွင် မြေတွင်းလက်ကျန် အစိုဓါတ်ဖြင့် စိုက်ပျိုးနိုင်သည်။ ဂျုံသားတက်ထွက်ချိန်တွင် အေးမြသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ စိုက်ပျိုးသည့် ဂျုံမျိုး၏ သက်တမ်းကိုတွက်ဆ၍ သားတက်ထွက်ချိန်၌ အပူချိန်နိမ့်သည့်ရက်များကို မှန်းဆစိုက်ပျိုးရန် အသိပေးလိုပါသည်။

သီးထပ်သီးလှည့်သီးနှံပုံစံ

   မိုးရာသီသီးနှံတစ်မျိုးမျိုးရိတ်သိမ်းအပြီး ဂျုံသီးနှံကို စိုက်ပျိုးနိုင်သည်။ ဤသို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် (၁) ပဲတီစိမ်း-ဂျုံ၊ (၂) နှမ်းလျင်-ဂျုံ၊ (၃) မိုးမြေပဲ-ဂျုံ စသည့်သီးနှံပုံစံများကို ဆောင်ရွက်နိုင်ပါသည်။ 

   ရှမ်းပြည်နယ်တွင်မူ (၁) ပဲရင်း-ဂျုံ၊ (၂) မိုးမြေပဲ-ဂျုံ (၃) ပဲပုပ်-ဂျုံစသည့်သီးနှံပုံစံများကို ဆောင်ရွက်နိုင်ပါသည်။

   ဆည်ရေ/သွင်းရေရရှိသည့်ဒေသများတွင် စပါး-ဂျုံသီးနှံပုံစံကို စိုက်ပျိုးနိုင်ပါသည်။ ကုလားပဲသီးနှံကို အဓိကထားစိုက်ပျိုးသည့်ဒေသများတွင် ကုလားပဲကို နှစ်စဉ်စိုက်ပျိုးမည့်အစား ဂျုံနှင့်သီးလှည့်စိုက်ပျိုးသင့်သည်။ အကြောင်းမှာ ကုလားပဲသီးနှံတွင် ပင်ညှိုးရောဂါ၊ ပင်ခြေပုပ်ရောဂါနှင့် သီးလုံးဖေါက်ပိုးတို့ကျရောက်လေ့ရှိသည်။ အဆိုပါ ရောဂါနှင့် ပိုးတို့ကို မျိုးဆက်ဖြတ်ရန် သီးလှည့်စိုက်ပျိုးရန် တိုက်တွန်းလိုပါသည်။

အခြေခံအချက်များ

ဂျုံသီးနှံတစ်ဧကအထွက်နှုန်းမြင့်မားရေးအတွက် အဓိကလိုက်နာရန် အခြေခံကျသော အချက်များကို ဖေါ်ပြလိုပါသည်။ ၄င်းတို့မှာ-

(၁) မြေပြန့်တောင်ပေါ်အလိုက်၊ ဒေသနှင့်ကိုက်ညီသည့်အထွက်ကောင်းမျိုးသန့်ကိုအသုံးပြုရန်

(၂) မြေတွင်းအစိုဓါတ်ထိန်းသိမ်းနိုင်သည့်ထွန်ရေးပြုပြင်မှုပြုလုပ်ရန်၊ စိုက်ချိန်မှန်ရန်၊ စိုက်နည်း စနစ်မှန်ရန်နှင့် ပြုစုဂရုစိုက်မှုစနစ်မှန်ရန်

(၂) စိုက်ပျိုးရာရေမြေသဘာဝ၊ စိုက်ပျိုးသည့်မျိုးပေါ်အခြေခံ၍ ဓါတ်မြေသြဇာသုံးစွဲမှု နှုန်းထားများ မှန်ရန်စသည်တို့ဖြစ်ပါသည်။

အသုံးပြုသင့်သည့်မျိုး

   သုတေသနပြုဖော်ထုတ်ထားသော နနွင်းရောဂါဒဏ်ခံနိုင်သော ရေဆင်းဂျုံ-၉ မျိုး၊ နနွင်းရောဂါဒဏ်နှင့် ရေငတ်ဒဏ်ခံနိုင်သော ရေဆင်းဂျုံ-၁၀ မျိုး၊ ခြောက်သွေ့မှုဒဏ်ခံနိုင်ပြီး၊ ရောဂါဒဏ်ခံ၊ အရည်အသွေးကောင်းသော ရေဆင်းဂျုံ-၁၁ မျိုး၊ သက်လျင်အထွက်ကောင်း အပူဒဏ်ခံပြီး နောက်ကျစိုက်ပျိုးနိုင်သော ရေဆင်းဂျုံ-၁၂ မျိုးတို့ကို စိုက်ပျိုးရန်ဖြစ်သည်။ 

   ထို့ပြင် ရေသွင်းဂျုံစိုက်ပျိုးသည့်ဒေသများတွင် ဂျုံသံချေးရောဂါကျရောက်တတ်သဖြင့် ဇလုပ်ဖြူ-၁ မျိုး၊ ဇလုပ်ဖြူ-၄ မျိုး၊ ရေဆင်းဂျုံ-၇ မျိုး၊ ရေဆင်းဂျုံ-၉ မျိုးနှင့် ရေဆင်းဂျုံ-၁၀ မျိုး တို့ကိုလည်း ရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါသည်။

စိုက်နည်းစနစ်

   ဂျုံစိုက်ပျိုးရန်ထွန်ရေးပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်းစသည့်လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ချိန်တွင် အစိုဓါတ်မပျက်ဖို့ ဂရုစိုက်ရန်လိုသည်။ ဂျုံပင် သီးပွင့်ရင့်မှည့်သည်ထိ မြေတွင်းအစိုဓါတ်ထိန်းနိုင်ရေးကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းလိုသည်။  

   ဂျုံပင်များ အပင်ပေါက်ပြီးနောက် ၁၅ ရက်သားခန့်တွင် ပေါင်းသင်မြေဆွမှုပြုလုပ်ရန် လိုသည်။ အပင်တစ်လသားခန့်တွင် ပေါင်းသင်မြေဆွမှုကို ဒုတိယအကြိမ် ဆောင်ရွက်ရန်လိုသည်။ ထိုလုပ်ငန်းများကို လေးသွားထွန်၊ ကြားထွန်စသည်ဖြင့် ဆောင်ရွက််နိုင်ပါသည်။ 

   အပင်ခြေတွင်ရှိသောပေါင်းပင်များကိုမူ လက်ပေါင်းလိုက်ရန်လိုသည်။ ယခုအခါ ဓာတုပေါင်းသတ်ဆေးများကို အလွယ်တကူဝယ်ယူရရှိနိုင်သည်ဖြစ်ရာ ရွက်ပြန့်ပေါင်းပင်များကို သေစေသောပေါင်းသတ်ဆေးတစ်မျိုးမျိုးဖြင့် နှိမ်နင်းနိုင်သည်။ ဤသို့ဖြင့် ဂျုံပင်အသက်ရက် ၄ဝ ခန့်အတွင်း ဘက်စုံနည်းစနစ်ဖြင့် ပေါင်းမြက်ကင်းစင်စေရေးဆောင်ရွက်ရန် ဖြစ်ပါသည်။

   ဂျုံသီးနှံကို မြေတွင်းလက်ကျန်အစိုဓါတ်ဖြင့် စိုက်ပျိုးထားသည်ဖြစ်ရာ ဂျုံပင်သားတက် ပွားချိန်၊ မှို့ကပ်ချိန်နှင့် ပန်းပွင့်ချိန်တို့တွင် အစိုဓါတ်လိုအပ်မှုရှိနိုင်သည်။ တစ်ကြိမ်မှ သုံးကြိမ်ခန့် ရေသွင်းပေးသင့်သည်။ ဂျုံပင် သက်တမ်းတစ်လျောက် ရေလိုအပ်မှုကိုစစ်ဆေးပြီး  အစိုဓါတ်လုံလောက်အောင် ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။

   ဂျုံပင်တွင် မြေအောင်းပိုးများဖြစ်သော ချ၊ ဖိုးလမင်း၊ ပုရစ်တို့ဖျက်ဆီးလေ့ရှိသည်။ အဆိုပါပိုးများ ဂျုံအပင်ပေါက်များကိုဖျက်ဆီးခြင်းမပြုနိုင်စေရန် စိုက်ပျိုးစဉ်ကပင် မြေအောင်းပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုးရန် လိုပါသည်။ 

   ဂျုံပင်ရင့်မှည့်ချိန်တွင်လည်း ကြွက်ဖျက်ဆီးနိုင်သေးသည်။ ကြွက်သတ်ဆေး၊ ကြွက်ထောင်ချောက်တို့ဖြင့် နှိမ်နင်းရန်ဖြစ်ပါသည်။

မြေသြဇာ

   ဂျုံသီးနှံသည်အခြားသီးနှံများကဲ့သို့ပင် ကြီးထွားဖွံ့ဖြိုးမှုလုပ်ငန်းအတွက် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်နှင့် ပိုတက်စီယံအာဟာရဓါတ်များလိုသည်။ စိုက်ပျိုးမြေတွင် အာဟာရဓါတ်များရှိပြီး ဖြစ်သော်လည်း လိုအပ်သည့် အာဟာရနှင့်ပမာဏလုံလောက်မှုမရှိနိုင်ချေ။ 

   နွားချေးကဲ့သို့ သဘာဝမြေသြဇာကို စိုက်ခင်းတွင် ထည့်ပေးသင့်သည်။ ထို့ပြင် ဓါတုမြေသြဇာများကိုပါ သုံးစွဲရန်လိုသည်။ ဂျုံပင်အတွက် လိုအပ်သည့်အာဟာရပြည့်ဝမှသာ ဂျုံအထွက်နှုန်း မြင့်မားမည်ဖြစ်ပါသည်။

   ဂျုံသီးနှံသည် စပါးသီးနှံကဲ့သို့ အဓိကသီးနှံမဟုတ်သော်လည်း ပြည်တွင်းစားသုံးမှုဖူလုံရန် လိုသည့်သီးနှံဖြစ်ရာ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရန်လိုသည်။ သို့ဖြစ်၍ စိုက်ဧရိယာ တိုးချဲ့ရေး၊ အထွက်နှန်းမြင့်မားရေးတို့အတွက် ဆောင်ရွက်သင့်သည့်  အခြေခံအချက်များကို လိုက်နာဆောင်ရွက်နိုင်ရေး အသိပေးအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်