ဇီဝမျိုးစုံ မျိုးကွဲများကို ဘာကြောင့် ထိန်းသိမ်းစောင့်ရှောက်သင့်တာလဲ...

03/03/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ဇီဝမျိုးစုံ မျိုးကွဲများကို ဘာကြောင့် ထိန်းသိမ်းစောင့်ရှောက်သင့်တာလဲ...

နှစ်စဉ် မတ်လ(၃)ရက်နေ့တိုင်းကို ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ (World Wildlife Day) အဖြစ် သတ်မှတ်ထား ပါသည်။ သို့သော် တောရိုင်းတိရစ္ဆာန်(wildlife)ဆိုသည့်အဓိပ္ပာယ်သည် အိမ်မွေးတိရစ္ဆာန်မဟုတ်သော တိရစ္ဆာန် များကို ဆိုလိုသည်သာမက အပင်၊ မှိုမျိုးစုံနှင့် microorganisms များလည်း ပါဝင်သေးသည့်အတွက် ကမ္ဘာ့ တောရိုင်းသက်ရှိများနေ့ဟုဆိုပါက ပိုမှန်နိုင်မည်ထင်ပါသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုများထိန်းချုပ်ခြင်းက အရေးကြီးရုံသာမက Biodiversity and Ecosystem ဟုခေါ်သည့် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းစောင့်ရှောက်ခြင်း ကဏ္ဍများကလည်း အရေး ပါလွန်းလှသည်။ မိမိတို့နိုင်ငံလိုမျိုး ဇီဝမျိုးစုံမျိုးကွဲများ နည်းလမ်းပေါင်းစုံဖြင့် ဆုံးရှုံးနေရသည့်နိုင်ငံမျိုး ဆိုလျှင် တော့ Wildlife များ ထိန်းသိမ်းစောင့်ရှောက်ရေးမှာ ပိုလို့ ပိုလို့ပင် အရေးပါလွန်းနေပါသည်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ဖြစ်ပေါ်လာပုံ

 ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ(၂၀)ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက စတင်ပြီး ကမ္ဘာ့တောရိုင်းတိရစ္ဆာန် များနှင့် သစ်ပင်ပန်းမန်တို့ကို ဂုဏ်ပြုရန်နှင့် ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း အသိပညာပေးမျှဝေနိုင်ရန် ရည်ရွယ်ပြီး မတ်လ (၃)ရက်ကို ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

မတ်လ(၃)ရက်ကို သတ်မှတ်ရသည့် အကြောင်းအရင်းမှာ နိုင်ငံတကာတရားမဝင် တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှုပပျောက်ရေးအတွက် အရေးပါလှသည့် မျိုးဆက်ပျက်သုဥ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင် ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာကွန်ဗင်းရှင်း(Convention on International Trade in Endangered Species of Wild Fauna and Flora-CITES)ကို ၁၉၇၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်သည့်နေ့ကို  ရွေးချယ်ပြီး သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ အဆိုပါကွန်ဗင်းရှင်းမှာ တောရိုင်းတိရစ္ဆာန်များနှင့် အပင်မျိုးစိတ် များ၏ ရှင်သန်မှုကိုခြိမ်းခြောက်မှုမရှိရေး သေချာစေရန် နိုင်ငံတကာအစိုးရများအကြား သဘောတူညီချက်တစ်ခု ဖြစ်သည်။ လက်ရှိအချိန်တွင် CITES အနေဖြင့် တိရစ္ဆာန်နှင့် အပင်မျိုးစိတ်ပေါင်း ၃၇၀၀၀ ကျော်ကို အမျိုးမျိုးသော အကာအကွယ်ပေးထားသည်။

CITES ၏ အထွေထွေအတွင်းရေးမှူးကို ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန်နေ့တွင် ပူးပေါင်းလုပ်ဆောင်ရန် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက ဖိတ်ခေါ်ခဲ့ကြောင်း မှတ်သားရဖူးပါသည်။ ၂၀၁၃ ခုနှစ်၊ မတ်လ(၃)ရက်မှ (၄)ရက်အထိ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် CITES ၏ CoP16 တွင် ကမ္ဘာ့ တောရိုင်းတိရစ္ဆာန်နေ့ကို CITES က ဆွေးနွေးခဲ့ပြီး ရရှိလာသောရလဒ်များကို ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ “World Wildlife Day”ကို ကမ္ဘာ့ကုလသမဂ္ဂအပြင် အခြား နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ CITES က ကူညီပံ့ပိုးကာ နှစ်စဥ်ပြုလုပ်လျက်ရှိပါသည်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးမှာလည်း နှစ်စဥ်ဂုဏ်ပြုကျင်းပလျက်ရှိပါသည်။

ယခု ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့ဆောင်ပုဒ်ကတော့ ”Partnerships for Wildlife Conservation” ဖြစ်ပြီး မြန်မာလိုအဓိပ္ပာယ်ပြန်ရသော် “တောရိုင်းတိရစ္ဆာန်အတွက် ပူးပေါင်းဆောင်ရွက်ကြ” ဟု ဆိုနိုင်ပါသည်။ ယခုနှစ် World Wildlife Day ၏ထူးခြားချက်ကတော့ United Nations နှင့် CITES တို့၏ ပူးပေါင်းဆောင်ရွက်မှု နှစ်(၅၀)ပြည့်နှစ်လည်း ဖြစ်နေခြင်း ဖြစ်ပါသည်။

ဘာကြောင့်တောရိုင်းတိရစ္ဆာန်နေ့က အရေးကြီးတာလဲ

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့သည် ယနေ့ ကျွန်ုပ်တို့နှင့်အတူရှိနေသည့် တောရိုင်းတိရစ္ဆာန်များနှင့် ရေနေသတ္တဝါ များ၏ ထူးထူးခြားခြားကွဲပြားမှုများကို သတိပြုမိစေပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက်ရည်ရွယ်သည့် အရေးကြီးသောနိုင်ငံတကာ အထိမ်းအမှတ်နေ့ ဖြစ်သည်။

မျိုးသုဥ်းလုနီးပါးမျိုးစိတ်များ အန္တရာယ်တိုးပွားများပြားလာသည်နှင့်အမျှ အနာဂတ်မျိုးဆက်လူငယ်များအတွက် ဆက်လက်ပံ့ပိုးပေးနိုင်ရန်နှင့် ကျွန်ုပ်တို့ကမ္ဘာကြီးအား ကျွန်ုပ်တို့ မည်ကဲ့သို့ထိန်းသိမ်းစောင့်ရှောက်နိုင်ပုံကို လူသား တို့အား အသိပညာပေးရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါသည်။

ဥပမာအားဖြင့် ကမ္ဘာပေါ်တွင် မျိုးသုဥ်းပျောက်ကွယ်လုနီးပါး တောရိုင်းတိရစ္ဆာန်မျိုးစိတ်(၄၁၄၁၅)ရှိကြောင်း IUCN Red list တွင် ဖော်ပြထားပြီး ဖော်ပြပါစာရင်းများထဲမှ မျိုးစိတ်ပေါင်း (၁၆၃၀၆) ခုကတော့ မကြာခင် မျိုးသုဥ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ဆိုပါသည်။ Sunda ကျား၊ ဆူမားတျားဆင်၊ ဆူမားတျားကြံ့၊ အာဖရိကဆင်၊ Vaquita နှင့် Saola တို့သည် မျိုးသုဥ်းမည့်အန္တရာယ်များနှင့် ရင်ဆိုင်နေရပါသည်။

မြန်မာနိုင်ငံတွင်လည်း နာမည်ကြီးဧရာဝတီလင်းပိုင်မျိုးစိတ်သည် မျိုးသုဥ်းမည့်စာရင်းထဲတွင် ပါနေပါသည်။ မြစ်ဝှမ်း(၃)ခုတွင် ရေချိုဧရာဝတီလင်းပိုင်ကောင်ရေ  ၂၅၀ အောက်သာ ကျန်ရှိတော့ကြောင်း တွေ့ရှိရသည်။ မဲခေါင်မြစ်ဝှမ်းအတွင်း လင်းပိုင်အကောင်ရေသည် ၁၉၉၇ ခုနှစ်တွင် အကောင်ရေ ၂၀၀ ခန့်မှ ၂၀၀၅ ခုနှစ်တွင် ၁၂၇ ကောင်၊ ၂၀၀၇ ခုနှစ်တွင် ၉၃ ကောင်၊ ၂၀၁၀ ပြည့်နှစ်တွင် ၈၅ ကောင်နှင့် ၂၀၁၅ ခုနှစ်တွင် အကောင် ၈၀ သို့ ကျဆင်းသွားခဲ့ကြောင်း သိရသည်။  ၂၀၂၀ ပြည့်နှစ် စစ်တမ်းများအရဆိုလျှင်တော့ နောက်ဆုံးခန့်မှန်းချက် အနေဖြင့် ဧရာဝတီလင်းပိုင်အကောင်ရေ ၈၉ ကောင်သာကျန်ရှိတော့ပြီး မြန်မာနိုင်ငံတွင်တော့ ၅၉ ကောင်မှ ၇၂ ကောင်ကြားသာကျန်ရှိတော့ကြောင်း ခန့်မှန်းထားကြပါသည်။

၄င်းတို့ကို ခြိမ်းခြောက်နေသည့် အကြောင်းအရင်းများထဲတွင် မှားယွင်းဖမ်းမိခြင်းနှင့် ရှော့ခ်တိုက်ငါးဖမ်းခြင်းတို့ မှာ အဓိကဖြစ်လိမ့်မည်ဟု သုံးသပ်ထားကြပါသည်။

ဘာကြောင့် တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်သလဲ

တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး(Preservation)ဆိုသည်မှာ တိရစ္ဆာန်များ၊ အပင်များနှင့် ၄င်းတို့၏နေထိုင်ရာများ ကို ထိန်းသိမ်းကာကွယ်ခြင်းဖြစ်သည်။ တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းခြင်းဖြင့် အနာဂတ်မျိုးဆက်သစ် များသည် ကျွန်ုပ်တို့၏သဘာဝတရားကြီးနှင့် ကမ္ဘာမြေပေါ်တွင်နေထိုင်သော တန်ဖိုးရှိမျိုးစိတ်များကို စောင့် ရှောက်ခံစားနိုင်စေရန် လိုအပ်သောလုပ်ဆောင်မှုမျိုးဖြစ်ပါသည်။

တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲအရင်းအမြစ်များသည် လူသားတို့၏ အခြေခံလိုအပ်ချက်များဖြစ်သည့် အစားအစာ၊ လောင်စာဆီ၊ ဆေးဝါး၊ အိမ်ရာများနှင့် အဝတ်အထည်များအထိ ဖြည့်ဆည်းပေးလျက်ရှိပြီး သန်းပေါင်းများစွာသော လူသားများ၏ အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးအခွင့် အလမ်းများ၏ အရင်း အမြစ်အဖြစ် သဘာဝကို မှီခိုအားထားနေကြရသည်။

ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတိုင်းတွင် နိုင်ငံအဆင့်နှင့် ဒေသအဆင့်အလိုက် တောရိုင်းတိရစ္ဆာန် မျိုးစိတ် များနှင့်ဂေဟစနစ်များထိန်းသိမ်းရေးအပေါ် အာရုံစိုက်ပူးပေါင်းဆောင်ရွက်ရန် မရှိမဖြစ်လိုအပ်လှပေသည်။

Ref;(1)ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပို့ချသော အချက်အလက်များ။

       (2)United Nations,Convention on International Trade in Endangered Species of Wild Fauna and Flora, River Dolphins.org.

       (3)World Wildlife Fund (WWF).

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်