ပန်းတို့မာလာ စကားဝါ

Photo - yellow-or-golden-chamka

မြန်မာအမည်မှာ စကားဝါ ပန်းဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Golden (or) Yellow Chamka ၊ Yellow champak ဟုခေါ်သည်။ ရုက္ခဗေဒအမည်အားဖြင့် Michelia Champaca Linn ဟုခေါ်ပြီး မျိုးရင်းမှာ မလေးရှားကျွန်းဆွယ်ဒေသ ဖြစ်သည်။

အမျိုးအစားအားဖြင့် နှစ်မျိုးတွေ့ရသည်။
၁။Michelia acba မျိုး အဖြူရောင်ပွင့် (white flower)
၂။ Michelia Champaca မျိုးအဝါရောင်ပွင့် (mangeflower )

acba မျိုးသည် (tava) မျိုးဖြစ်သည်။ champae ဟုခေါ်ပြီး အမြဲစိမ်းလန်းသော အပူပိုင်းပင်အဖြစ် အသိအမှတ် ပြုကြသည်။ မက်ကနိုလီယားခေါ်သော magnolia အပင်နှင့် ဆင်တူ၏ ။ အဖြူရောင်အပွင့်များ ပွင့်သည်။ အပွင့်သည် ငါးစင်တီမီတာခန့်ရှိပြီး အရွက်သည် ၂၁ စင်တီမီတာ ခန့်ရှည်၍ ဘဲဥပုံအရွက်ရှိသည်။ Champaca (Himalayas) အား စံကားဝါ ဟုခေါ်သည်။ အင်္ဂလိပ်အားဖြင့် arrange champak သို့မဟုတ် fragrance champaca ခေါ်ကြသည်။ မြန်မာပြည်တောင်ပိုင်းဒေသများနှင့် မိုးများသောဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်ပြီး မြန်မာပြည်အနှံ့အပြား စိုက်ပျိုးနိုင်သည်။

အပင်သည် အမြဲစိမ်းလန်းသော အပင်ကြီးမျိုးများဖြစ်သည်။ အကိုင်းအခက်များစွာ ဖြာထွက်ပြီး အမွေးနုများဖြင့် ဖုံးလွှမ်းနေသည်။ အခေါက်ချောမွတ်ပြီး မီးခိုးရောင်ရှိသည်။ အတွင်းသားမှာ အသားပျော့မျိုးတွင် ပါဝင်သည်။ အရွက်သည် ဘဲဥပုံနှင့် လှံစွပ်ပုံရှိသည်။ ၈ - ၁၀ လက်မ ခန့် ရှည်ပြီး ရွက်ညှာ တစ်လက်မခန့် ထိ ရှိသည်။ ရွက်နု စဉ် အမွှေးနုများပါရှိပြီး ရင့်လာသောအခါ ပြောင်ချော၍ ရွက်နားများ ညီညာလာသည်။ 

အပွင့်သည် ရွက်ညှာနားမှကပ်၍ တစ်ပွင့်ချင်းပွင့်သည်။ အပွင့်မှာ လိမ္မော်ရောင်၊ အဝါပျော့ရောင်နှင့် အဖြူရောင် များရှိသည်။ အလွန်မွှေးကြိုင်ပြီးပွင့်ဖတ်သည် ၂ - ၃ လက်မခန့် ရှိသည်။ သေးငယ်သော ဝတ်ဆံများရှိပြီး ပွင့်ညှာတိုသည်။ ၎င်းသည် ဧပြီလ၊ မေလ များတွင် လှိုင်လှိုင်ပွင့်သည်။ အသီးသည် ၁ - ၂ လက်မ ထိရှည်ကာ အခိုင်လိုက်သီးပြီး အညိုရောင်အစေ့များ ရှိသည်။ ၎င်းသည် ဝါခေါင်၊ တော်သလင်းလများတွင် အသီးစတင် ရရှိ နိုင်သည်။ 

မြန်မာပြည်အနှံ့အပြား စိုက်ပျိုးနိုင်သည်။ ပူအိုက်စွတ်စိုသော ရာသီကြိုက်ပင် ဖြစ်သည်။ မြေနေရာမရွေး စိုက်ပျိုး နိုင်သည်။ ရေဝပ်ဒဏ် မခံနိုင်ချေ။

အစေ့မှ အများအပြား ပျိုးထောင်စိုက်ပျိုးကြသည်။ ထို့ကြောင့် မျိုးစေ့များ ပျိုးထောင်နိုင်ရန် ၃၀ ပေ ပျိုးဘောင် များ ပြုလုပ်ပျိုးထောင်ကြသည်။ ပျိုးထောင်မည့်နေရာ ရွေးချယ်ရာတွင် နံနက်နေရောင်ခြည်ရပြီး ညနေတွင် နေရောင် တိုက်ရိုက်မကျသည့် နေရာကို ရွေးချယ်ရသည်။ ပျိုးထောင်မည့်နေရာသတ်မှတ်ပြီးလျှင် ၉ လက်မထိ ဘောင်ခတ်၍ လည်းကောင်း၊ မြေဆွေးနှစ်ဆကို သဲတစ်ဆနှင့် ရောပြီး ဆန်ခါချကာ မြေထည့်ပေးရသည်။ နွားချေးခြောက်အနည်းငယ် ဆန်ခါချပြီး အနည်းငယ်ထည့်ပေးက ပိုမိုကောင်းမွန်သည်။

စံကားဝါစေ့များအား ၉ x ၉ လက်မခြား၍ ပျိုးထောင်ရသည်။ ၎င်းကို ၁.၅ လက်မထိ မြေတွင် မြှုပ်၍ စိုက်ပျိုး ရသည်။ ပျိုးခင်နေပူပါက အမိုးမိုးပေးရန်လိုပြီး ရေမှန်မှန်လောင်းပေးရသည်။ တစ်ပတ်ခန့်ကြာလျှင် မျိုးစေ့မှ အပင်ငယ်ပေါက်မည်ဖြစ်သည်။ နှစ်လသားအရွယ်တွင် ပြောင်းရွှေ့စိုက်နိုင်သည်။ အသီးများကို ဝါဆို၊ ဝါခေါင်လ မှသာ ရရှိ၍ ၎င်းတို့ကို ပျိုးထောင်ပြီး ကျည်တောက်၊ ပျိုးအိုးများဖြင့် ပြောင်းရွှေ့ပျိုးထောင်ပြုစုထားကာ မိုးဦး ကျမှချစိုက်ပါက အပင်ဖြစ်လွယ်ပြီး စိုက်ခင်းတွင် သေပျောက်မှုနည်းသည်။ စံကားဝါများကို ပျိုးထောင်ပြီးမှ စိုက်ပျိုးသင့်သည်။ တစ်ပင်နှင့် တစ်ပင် ၂၅ x ၂၅ ပေ ခြား၍ စိုက်ပျိုးသင့်သည်။ နေရာသတ်မှတ်ပြီးပါက ၃ x ၃ x ၃ ပေ ပတ်လည် ကျင်းများတူးပေးရသည်။ ၎င်းကျင်းထဲသို့ နွားချေး တစ်ပြည်၊၊ မြေဆွေးနှစ်ပြည်နှင့် အပေါ်ယံ တူးထားသော မြေသားကို ဖယ်ပြီး အောက်ခံမြေနှင့် သမစေရန် ရောစပ်ပြီး ကျင်းကို လိပ်ခွံသဏ္ဌာန် မို့နေစေရန် ဖို့၍ ပြုပြင်ထားသည်။ ၂၅ x ၂၅ ပေ စိုက်ပါက ၆၉ ပင် စိုက်ရမည်ဖြစ်ပြီး ၃၀ x ၃၀ ပေ အကွာအဝေးထား စိုက်ပါက ၄၈ ပင် ခန့် ဝင်မည်ဖြစ်သည်။ အထက်ပါ ပျိုးထောင်ထားသော ပျိုးပင်များ နှစ်လသားအရွယ်တွင် ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ အရွက်လေးရွက်မှ ခြောက်ရွက်ထွက်ချိန်တွင် ပျိုးပင်များကို အမြစ်မနာစေရန် သေချာစွာ နုတ်ပြီးလျှင် မြေပြုပြင်ထားသော ကျင်းတွင် သေချာစွာစိုက်ပျိုးရသည်။ ပျိုးပင်များ လေတိုက်ခြင်းမှ ကာကွယ်နိုင်ရန် တိုင်ထောင်၍ကြိုးချည်ပြီး စိုက်ပျိုးပါက ပိုမိုကောင်းမွန်သည်။ 

မိုးရာသီ၌ ဇွန်၊ ဇူလိုင်လများတွင် မြေချစိုက်ပျိုးပါက အကောင်းဆုံးဖြစ်သည်။ အနည်းအကျဉ်း စိုက်ပျိုးလိုသူများ အတွက် ကျင်းကိုသေချာစွာ ပြုပြင်စိုက်ပျိုးပြီး ရေလောင်းပေးခြင်းပြုလုပ်ပေးပါက အချိန်မရွေးစိုက်ပျိုးနိုင်သည်။ 

မြေဩဇာကျွေးခြင်းကို တစ်နှစ်လျှင် မိုးဦးတွင် တစ်ကြိမ်၊ မိုးနှောင်းတွင် တစ်ကြိမ် ကျွေးသင့်ပါသည်။ NPK အချိုးကို ၁: ၂: ၁ ရောစပ်၍ ပထမနှစ်သားတွင် လေးအောင်စနှုန်း၊ ဒုတိယနှစ်သားတွင် ရှစ်အောင်စနှုန်း၊ တတိယနှစ်သားတွင် တစ်ပေါင်နှုန်း ကျွေးပြီး လေးနှစ်သားမှစ၍ တစ်ပင်လျှင် လေးပေါင်နှုန်းကျွေးသင့်ပါသည်။ မြေဩဇာကျွေးရာတွင် အပင်သက်တမ်း၊ အရွယ်အစားအလိုက်၊ အကွာအဝေး အလိုက် နှစ်ပေမှ ခြောက်ပေ ထား၍ မြေကျင်းတူးပြီး ဘေးမှ မြေဩဇာများချကျွေးရသည်။

ဒုတိယနှစ်သားအထိ နွေရာသီတွင် တစ်ပတ်လျှင် တစ်ကြိမ်ရေပေးသင့်သည် ။ အပင်ကြီးလာပါက ရေးပေးရန် မလိုပါ။အပင်ခြေရင်းတွင် ရေမဝပ်စေရန် ဂရုစိုက်ရမည်။

နှစ်နှစ်သားမှစ၍ ကိုင်းခြောက်၊ ကိုင်းပိုများကို ပြုပြင်ညှပ်ပေး၍ ပြုပြင်ရသည်။ နွေရာသီတွင် နေပူဒဏ်ခံနိုင်ရန် နှစ်စဉ် နိုဝင်ဘာလတွင် အစိုဓာတ်ထိန်းသိမ်းနိုင်ရန် မြက်ခြောက်အုပ်ခြင်းပြုလုပ်ပေးရသည်။

တစ်နှစ်သား နှင့် နှစ်နှစ်သား ကိုင်းတက် လက်သန်းခန့်ရှိ ဖြောင့်တန်းချောမွေ့သည့် ကိုင်းဖျားများကို ရွေးချယ်၍ မြေထုပ်စည်းနည်းဖြင့် ကိုင်းပွားယူနိုင်သည်။
ကိုင်းတက်နှင့် လက်သန်းခန့်ရှိကိုင်းများကို မိုးဦးကာလတွင် ပြုပြင်ထားသောကျင်း၌ လည်းကောင်း၊ ကျင်းတူး၍ လည်းကောင်း ကိုင်းထိုးစိုက်ပျိုးပါက လွယ်ကူစွာ အပင်ဖြစ်သည်ကို တွေ့ရသည်။ 

စံကားဝါတစ်ပင်လျှင် ပျမ်းမျှအပွင့် ၁၀၀၀-၁၅၀၀ ခန့်ရရှိပါမည်။ တစ်ဧက ၆၉ ပင်နှုန်းစိုက်ထားပါက ပျမ်းမျှ ၆၉၀၀၀ခန့် ထွက်ရှိမည် ဖြစ်ပါသည်။ စံကားဝါသည် သက်တမ်း ၈၀ ခန့်ထိရှိသည့်အပင်ကြီးများ တွေ့ရှိရာ တစ်ပင်လျှင် အပွင့်ပေါင်း ၄၀၀၀ ခန့်ထိ ပွင့်သည်ကို တွေ့ရသည်။ 

မြန်မာဆေးကျမ်းအလိုရ စံကားဝါအပွင့်၊ အသီး၊ အရွက်၊ အခေါက်၊ အမြစ်အားလုံး ဆေးဖက်ဝင်ပါသည်။ ၎င်းသည် ချိုဖန်သောအရသာ ရှိသည်။ အေးသော ဂုဏ်သတ္တိရှိသည်။ သုတ်ကိုပွားသည်။ နှလုံးကို အကျိုးပြုစေ သည်။ သလိပ်ကို နိုင်စေသည်။ သွေးအန်၊ သွေးကျ ၊ ဆီးအောင့်၊ နူနာ၊ အဆိပ်နှင့် ယားနာခြင်း၊ အနာစိမ်း ပေါက်ခြင်းတို့ကို ပျောက်စေသည်ဟု ဆိုပါသည်။ 

ပုပ္ပါးနှင့် ကျောက်ပန်းတောင်းတွင် ပုလင်းထဲသို့ စံကားဝါပန်းများအား ကျောက်ချဉ်ရည် စိမ်၍ လေလုံ ပုလင်းများ ဖြင့် ရောင်းချသည်ကို တွေ့ရသည်။

ကိုရဲ (စိုက်ပျိုးရေး)



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"သူ့အသီးကို စားချင်ရင် သူ့ခေါင်းကို ပြောင်အောင် တုံးရတယ်"