စိုက်ပျိုးသုတ သြဂုတ်လ

01/08/2023 11:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

မိုးဦးနှင့် မိုးလယ်ရာသီတို့တွင် စိုက်ပျိုးလေ့ရှိသည့်ယာသီးနှံများနှင့် မိုးစပါးသီးနှံတို့အတွက် သြဂုတ်လအတွင်း လုပ်ကိုင်ဆောင်ရွက်သင့်သည်များမှ သိမှတ်စရာများကို ဖော်ပြလိုပါသည်။

မိုးစပါး

ပြုစုစောင့်ရှောက်ရေး

ဇွန်၊ ဇူလိုင်လများတွင်စိုက်သည့် မိုးစပါးသည် ပင်ပွားချိန်နှင့် မှို့ကပ်ချိန်တို့ကို ရောက်ရှိတော့မည် ဖြစ်ပါသည်။

စိုက်ပြီးစပါးခင်းအများစုသည် ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase) တွင် ရှိပါမည်။ ဤကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area) များစေရေးအတွက် အရေးပါသောကာလ ဖြစ်သည်။

ပေါင်းမြက်ကင်းစင်စေရေး၊ လယ်ကွက်အတွင်း ရေမပြတ်စေရေး၊ မြေသြဇာအာဟာရ မချို့တဲ့စေရေး၊ ပိုးမွှားရောဂါကင်းစင်စေရေး လိုအပ်သလို လုပ်ကိုင်ရမည် ဖြစ်ပါသည်။

နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်နှင့် ပိုတက်စီယမ်ဓာတ်သုံးမျိုးသည် စပါးအပင်အတွက် မရှိမဖြစ်လိုအပ်သောအာဟာရများဖြစ်သော်လည်း ဤကာလတွင် အဓိကလိုအပ်သည်မှာ နိုက်ထရိုဂျင်(N)အာဟာရဓာတ် ဖြစ်သည်။  အပင်ကြီးထွားဖြစ်ထွန်းမှုကိုကြည့်ပြီး လိုအပ်ပါက နိုက်ထရိုဂျင်မြေသြဇာ ကျွေးပေးသင့်သည့် ကာလဖြစ်ပါသည်။

ပိုတက်စီယမ်(K) အာဟာရသည်လည်း အထွက်နှုန်းနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိရာ လိုအပ်ပါက နိုက်ထရိုဂျင်မြေသြဇာနှင့်အတူ ကျွေးပေးသင့်ပါသည်။ 

မိုးစပါးကို ယခုအချိန်အထိ စိုက်ပျိုးခြင်းမပြုရသေးပါက သြဂုတ်လပထမပတ် အတွင်းအပြီး စိုက်ပျိုးသင့်သည်။ စပါးမျိုးမှာ သက်လျင်စပါးမျိုးသာ ဖြစ်သင့်ပါသည်။

ပျိုးထောင်ထားသည့်ပျိုးသက်ကြီးများကို ပြောင်းရွှေ့စိုက်ပျိုးရန်ဖြစ်ပါက ရှိပြီးဖြစ်သည့် ပျိုးသက်ကြီးပျိုးကိုပင် အသုံးပြုစိုက်နိုင်သည်။ ပျိုးသက်ကြီးပျိုးကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် အမြင့်ဆုံးအထွက် (Maximum Yield) ကို မမျှော်မှန်းနိုင်သော်လည်း သင့်တင့်သောအထွက် (Accptable Yield) ကိုတော့ ရနိုင်ကြောင်း အသိပေးလိုသည်။ သို့သော် ပျိုးသက်ရက် ၆၀ ထက်ကြီးသော ပျိုးများကိုမူ  အသုံးမပြုသင့်ပါ။

သဘာဝဘေးကြိုတင်ပြင်ဆင်ရေး

နေရာကွက်၍ မိုးကြီးရွာသွန်းချပါက ချောင်းငယ် မြောင်းငယ်များမှတစ်ဆင့် ရေကြီးရေလျှံကာ ရေကြီးရေလွှမ်းမှုဖြစ်ပေါ်နိုင်သည့်လယ်မြေများအတွက် စိုက်ပြီးစပါးခင်းများ ပျက်စီးပါက ပြန်လည်စိုက်ပျိုးနိုင်ရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ လုပ်ထားသင့်သည်။ ၄င်းမှာ ကုန်းမြင့်မြေလွတ် ရေလွှမ်းမှု မဖြစ်ပေါ်နိုင်သည့်နေရာတွင် စပါးပျိုးအပိုထောင်ထားရန် ဖြစ်ပါသည်။ 

စပါးမျိုးသည် အလင်းရောင်တုံ့ပြန်မှုရှိသည့် ရာသီစပါးမျိုး မဖြစ်သင့်ပါ။ သက်တမ်းတိုသော အထွက်ကောင်းမျိုး ဖြစ်သင့်ပါသည်။

ယာသီးနှံများ

နှမ်းလျင်၊ ပဲတီစိမ်း၊ မြေပဲ၊ အစေ့ထုတ်ပြောင်း

မိုးဦးကျပုံမှန်သည့်ဒေသများတွင် စိုက်ပျိုးသည့် မိုးနှမ်း၊ မိုးပဲတီစိမ်း၊ အစေ့ထုတ်ပြောင်းတို့ကို ရိတ်သိမ်းရမည့်အချိန်ဖြစ်သည်။ အလေအလွင့်မရှိစေရေး ဆောင်ရွက်ရန်ဖြစ်ပါသည်။

မိုးရွာသွန်းမှုနောက်ကျသည့်ဒေသများတွင်စိုက်ပျိုးသည့် ပဲတီစိမ်း၊ မြေပဲ၊ အစေ့ထုတ်ပြောင်းတို့တွင် ပေါင်းမြက်ကင်းစင်ရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး စသည့် အပင်ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ဖြစ်ပါသည်။

သြဂုတ်လတွင် မိုးများစွာ ရွာသွန်းလေ့ရှိသည်။ စိုက်ပျိုးထားသည့် ယာသီးနှံများ အပင်ခြေရေဝပ်မှုမရှိစေရေး အထူးဂရုပြု ကြိုတင်ဆောင်ရွက်ရန် ဖြစ်ပါသည်။

မိုးနှောင်းချည်မျှင်ရှည်ဝါ

စက်မှုသီးနှံတစ်မျိုးဖြစ်သည့် မိုးနှောင်းချည်မျှင်ရှည်ဝါကို သြဂုတ်လလယ်အတွင်း အပြီးစိုက်ပျိုးသင့်သည်။ မြေကောင်း၊ မြေသင့်၊ မြေညံ့ပေါ်မူတည်၍ ပင်ကြားတန်းကြား စိုက်စနစ်မှန်ကန်ပြီး အပင်ဦးရေပြည့်မီစေရေး ဆောင်ရွက်ရန် ဖြစ်ပါသည်။

စိုက်ချိန်တွင် မြေတွင်းအစိုဓာတ်လုံလောက်စွာရှိပြီး အပင်ဖြစ်ထွန်းချိန်များတွင်ပါ မြေအစိုဓာတ်ထိန်းသိမ်းနိုင်သည့်မြေမျိုးဖြစ်သင့်ပါသည်။ 

ထို့ပြင် ဝါပင်အတွက် ရေအလိုအပ်ဆုံးအချိန်များဖြစ်သည့် အပိန့်ဝင်ချိန်နှင့် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တို့တွင် မိုးရွာသွန်းခြင်းမရှိပါက ရေပေးသွင်းနိုင်ရေး ကြိုတင်ဆောင်ရွက်ရန် ဖြစ်ပါသည်။

မိုးလယ်သီးထပ်သီးနှံစိုက်ပျိုးရေး

စိုက်ချိန်စောခဲ့သဖြင့် ပထမယာသီးနှံရိတ်သိမ်းသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများရှိ ယာမြေကွက်များတွင် သီးထပ်အဖြစ် ဒုတိယယာသီးနှံ ထပ်မံစိုက်ပျိုးရန် တိုက်တွန်းလိုသည်။ မိုးရာသီတစ်ခုအတွင်း ‘ယာသီးနှံ-ယာသီးနှံ' သီးနှံပုံစံ ချမှတ်ဆောင်ရွက်ခြင်းမည်ပါသည်။

စိုက်ပျိုးမည့်ဒုတိယယာသီးနှံသည် ဒေသနှင့်သင့်တော်ရန်လိုသည်။ ရေမြေအလိုက် ဖြစ်ထွန်းသောမျိုး ဖြစ်သင့်သည်။ မည်သည့်ယာသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ သက်လျင် အထွက်ကောင်းမျိုးကို ရွေးချယ်အသုံးပြုသင့်ပါသည်။ 

သြဂုတ်လသည် မိုးဦးသီးနှံများအပျက်အစီးမရှိရိတ်သိမ်းရေး၊ မိုးလယ်သီးနှံများ စိုက်ပျိုးရေး၊ မိုးစပါးအောင်မြင်စွာစိုက်ပျိုးရေးနှင့် ရေကြီးရေလွှမ်းမှုရှိပါက ပြန်လည်စိုက်ပျိုးရေးတို့ အတွက် အရေးပါသောလဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်