စိုက်ပျိုးမွေးမြူရေးအတွက် နည်းပညာပံ့ပိုးတယ်ဆိုတာ..

28/07/2023 13:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဟာ နည်းပညာကို အခြေခံရတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မပြတ်ကြိုးပမ်းနေမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ရှင်သန်တိုးတက်နေမှာ ဖြစ်ပါတယ်။ 

စိုက်ပျိုးမွေးမြူရေး နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရာမှာ မိမိတို့ နိုင်ငံရဲ့ ရေမြေရာသီဥတုနဲ့ ကိုက်ညီတဲ့ မျိုး၊ အစာ၊ မွေးမြူနည်းစနစ်၊ ရောဂါကာကွယ်ထိန်းချုပ်ရေး တွေကို သုတေသနပြု ဖော်ထုတ်ဖို့ လိုအပ်ပြီး၊ အဲဒီနည်းပညာတွေကို စိုက်ပျိုးမွေးမြူသူတွေထံ ရောက်ရှိအောင် ပို့ဆောင်ပေးဖို့၊ အသုံးချနိုင်အောင် ပံ့ပိုးကူညီပေးဖို့ လိုအပ်ပါတယ်။

မျိုး၊ အစာ၊ မွေးမြူနည်းစနစ်နဲ့ ရောဂါကာကွယ်နည်းစနစ်တွေက ဒေသနဲ့ ကိုက်ညီမှုရှိလေလေ ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းလေလေ၊ ထုတ်လုပ်မှု တိုးတက်လေလေ စိုက်ပျိုးမွေးမြူသူတွေအတွက် အမြတ် အစွန်းပိုရလေလေပဲ မဟုတ်ပါလား။ 

စာရေးသူအနေနဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားရောက်ပြီး အဲဒီနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ကျေးလက်ဒေဖွံ့ဖြိုးရေး ဆောင်ရွက်ပုံတွေကို သွားရောက်လေ့လာခွင့်ရရှိခဲ့ပါတယ်။

အဲဒီ လေ့လာရေးခရီးစဉ်အတွင်း တရုတ်နိုင်ငံအစိုးရက တရုတ်စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် နည်းပညာပံ့ပိုးမှု အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တရုတ်စိုက်ပျိုးရေးတက္ကသိုလ် (China Agriculture University)၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာကောလိပ် (College of Economics and Management) က ပါမောက္ခ ဒေါက်တာဝူလာပင်း (Dr Wu Laping) နဲ့ မေးမြန်းဆွေးနွေးပြောဆိုခွင့် ရရှိခဲ့ပါတယ်။

အဲဒီလို ဆွေးနွေးမေးမြန်းခွင့်ရရှိခဲ့တဲ့ အချက်အလက်တွေကို ပြန်လည်မျှဝေတင်ပြလိုပါတယ်။ 

တရုတ်အစိုးရအနေနဲ့ စိုက်ပျိုးမွေးမြူရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် မူဝါဒပိုင်းအကူအညီတွေ၊ စျေးကွက်ထိန်းညှိပေးတာတွေ လုပ်ပေးရုံသာမက နည်းပညာပိုင်း ပံ့ပိုးကူညီမှုတွေလည်း ဆောင်ရွက်နေပါတယ်။ နည်းပညာပံ့ပိုးကူညီတယ် ဆိုရာမှာလည်း နိုင်ငံတကာက နည်းပညာတွေကို ပုံတူကူးချပြီး တောင်သူတွေကို လိုက်နာကျင့်သုံးခိုင်းတာ မဟုတ်ပါဘူး။ သူ့နိုင်ငံ၊ သူ့ရေမြေ၊ သူ့စီးပွားနဲ့ ကိုက်တဲ့ စိုက်ပျိုးမွေးမြူနည်းစနစ်တွေ ပေါ်ပေါက်လာအောင် သုတေသနပြုလုပ်ပြီး စိုက်ပျိုးမွေးမြူရေးသမားတွေဆီ ပြန်လည်ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။ 

တရုတ်အစိုးရဟာ ၂၀၀၉ ခုနှစ်ကစတင်ပြီး အမျိုးသားသုတေသနအစီအစဉ် (National Research Program) ကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအစီအစဉ်အောက်မှာ တရုတ်စိုက်ပျိုးမွေးမြူရေးသုတေသနစနစ် (China Agriculture Research System - CARS) ကို ထည့်သွင်းတည်ဆောက်ထားပါတယ်။

CARS ဟာ တရုတ်နိုင်ငံအတွက် အရေးအကြီးဆုံး စိုက်ပျိုးမွေးမြူရေးထုတ်ကုန် ၅၀ ကို ရွေးချယ်ပါတယ်။ ဥပမာအားဖြင့် စိုက်ပျိုးရေးအနေနဲ့ စပါး၊ ဂျုံ၊ ဝါ၊ ပဲပုတ်နဲ့ ပြောင်း စတဲ့ သီးနှံတွေ ပါဝင်သလို၊ မွေးမြူရေးအနေနဲ့ နွား၊ ဆိတ်၊ ယုန်၊ ဝက်၊ ငါး မွေးမြူရေးတွေ ပါဝင်ပါတယ်။ အဲဒီ ထုတ်ကုန် ၅၀ အတွက် ထုတ်ကုန်တစ်မျိုးချင်းအလိုက် သုတေသနအဖွဲ့တွေကို ဖွဲ့စည်းထားပါတယ်။ 

အဲဒီ သုတေသနအဖွဲ့တွေအကြောင်း သိရဖို့ မေးမြန်းကြည့်ရာမှာ ယုန်မွေးမြူရေးသုတေသနအဖွဲ့ (Research System for Rabbit) အကြောင်း ဥပမာထားပြီး ပါမောက္ခ ဒေါက်တာဝူလာပင်းက ရှင်းပြပါတယ်။ ဒေါက်တာ ဝူဟာ ယုန်မွေးမြူရေး သုတေသနအဖွဲ့မှာ ယုန်မွေးမြူရေးရဲ့ စီးပွားရေးတွက်ချေကိုက်မှုတွေ၊ စျေးကွက်အခြေအနေတွေကို လေ့လာနေတဲ့ သုတေသီတစ်ဦးဖြစ်ပါတယ်။ 

ယုန်မွေးမြူရေးသုတေသနအဖွဲ့ကို ယုန်မွေးမြူရေးမှာ လိုအပ်တဲ့ မျိုး၊ အစာ၊ အသားထုတ်လုပ်ရေး၊ စီးပွားရေးတွက်ချေကိုက်မှုလေ့လာရေး စတာတွေနဲ့ ပတ်သက်ပြီး ဘာသာရပ်အလိုက် အကျွမ်းကျင်ဆုံး ပညာရှင် စုစု ပေါင်း ၁၉ ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ (အခြားသော ထုတ်ကုန်တွေမှာလည်း အဲဒီလို စုဖွဲ့တာပါ။ အချို့ထုတ်ကုန်တွေအတွက်ဆိုရင် ပညာရှင် ၄၀-၅၀ လောက်အထိ ပါဝင်ပါတယ်။) 

အဲဒီ ပညာရှင်တစ်ယောက်ကို တစ်နှစ် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ (မြန်မာငွေ သိန်း ၃၀၀ ဝန်းကျင်) ထောက်ပံ့ပြီး သုတေသနပြုစေပါတယ်။ ထုတ်ကုန်အမျိုးအစားအလိုက် ရန်ပုံငွေက ကွာခြားနိုင်ပါတယ်။ ယုန် သုတေသနတွေက ကုန်ကျစရိတ်နည်းတဲ့အတွက် တစ်နှစ် ဒေါ်လာ ၁၀,၀၀၀ ပဲ ထောက်ပံ့တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပညာရှင် ၁၉ ယောက်ပါဝင်တဲ့အတွက် ယုန်မွေးမြူရေးသုတေသနအဖွဲ့ဟာ တစ်နှစ်ကို သုတေသနရံပုံငွေ ဒေါ်လာ ၁၉၀,၀၀၀ (မြန်မာငွေ ကျက် သိန်း ၅၇၀၀) လက်ခံရရှိတာ ဖြစ်ပါတယ်။ 

ယုန်မွေးမြူရေး သုတေသနဆိုတာ ပိုက်ဆံရှိရုံနဲ့ လုပ်လို့မရပါဘူး။ သုတေသနစခန်းတွေ ရှိဖို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံမှာ ယုန်မွေးမြူရေးသုတေသနစခန်း စုစုပေါင်း ၁၅ ခု ရှိပါတယ်။ အားလုံးက ယုန်မွေးမြူရေးကုမ္ပဏီတွေကပိုင်တဲ့ စခန်းတွေပါ။ အစိုးရက သုတေသနပညာရှင်နဲ့ သုတေသနစရိတ်တွေ ထောက်ပံ့ပေးနေပြီး ကုမ္ပဏီတွေက သုတေသနပြုစမ်းသပ်မှုတွေလုပ်ဖို့ သုတေသနစခန်းတွေ ကူညီပေးရပါတယ်။ ဒါပေမဲ့ အဲဒီသုတေသနစခန်းတွေအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေဝယ်လို့ရအောင်၊ ပြင်ဆင်မှုတွေ ဆောင်ရွက်နိုင်အောင် အစိုးရက တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၈,၀၀၀ (မြန်မာငွေ ကျပ် သိန်း ၂၄၀) စီ ထောက်ပံ့ပေးပါတယ်။ 

အဲဒီလို သုတေသနတွေ ဆောင်ရွက်ခဲ့တာကြောင့် အရင်က ယုန်မျိုးတွေကို အီတလီနဲ့ အခြားနိုင်ငံတွေက တင်သွင်းခဲ့ရပေမယ့် အခုတော့ တရုတ်ကိုယ်ပိုင် ယုန်မျိုး ၆ မျိုးကို ပြည်တွင်းမှာပဲ ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ 

နောက်ထပ်အရေးကြီးတာက သုတေသနရလဒ်တွေကို စိုက်ပျိုးမွေးမြူသူတွေဆီ ပို့ဆောင်ပေးတဲ့ လုပ်ငန်းပါ။

သုတေသနရလဒ်တွေကို သုတေသနသမားအချင်းချင်းကြားမှာပဲ မထားပါဘူး။ စိုက်ပျိုးမွေးမြူရေးသမားတွေကို ပြန်ပြီး သင်တန်းတွေပေးပြီး မျှဝေပေးပါတယ်။ အင်တာနက်ကတဆင့် သတင်းအချက်အလက်မျှဝေပေးသလို သင်တန်းတွေ ပေးပါတယ်။

စိတ်ဝင်စားစရာတစ်ခုက တရုတ်စိုက်ပျိုးရေးဝန်ကြီးဌာနအနေနဲ့ တစ်နှစ်ကိုတစ်ကြိမ် စိုက်ပျိုးမွေးမြူရေးသမားတွေကို တယ်လီဖုန်းအသုံးပြုနည်း သင်တန်းတွေပေးတာ ဖြစ်ပါတယ်။ အင်တာနက်က မျှဝေတဲ့ စိုက်ပျိုးမွေးမြူရေးသုတေသန သတင်းအချက်အလက်တွေကို ဘယ်လိုရယူရမယ်ဆိုတာကို သင်ကြားပေးတာ ဖြစ်ပါတယ်။ နောက်ပြီး အဲဒီလို သတင်းအချက်အလက်တွေကို မိုဘိုင်းလ်ဖုန်းကတဆင့် မျှဝေရာမှာ စာတတ်စရာမလိုဘဲ လေ့လာနိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ 

စိုက်ပျိုးမွေးမြူရေးသတင်းအချက်အလက်တွေကို CCTV-17 ရုပ်သံလိုင်းကနေလည်း ထုတ်လွှင့်ပေးပါတယ်။ CCTV-17 ဟာ တစ်နိုင်ငံလုံးကို ဖြန့်ကျက်ထားတဲ့ အခမဲ့ရုပ်သံလိုင်းဖြစ်သလို၊ စိုက်ပျိုးမွေးမြူရေးတွေကိုပဲ အာရုံစိုက်ထုတ်လွှင့်တာ ဖြစ်ပါတယ်။ (အဲဒီ ရုပ်သံလိုင်းမှာ ကြော်ငြာအစီအစဉ်တစ်ခုက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာလဲဆိုတော့ စိုက်ပျိုးမွေးမြူရေးသမားတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို အဲဒီရုပ်သံလိုင်းမှာ အခမဲ့ ကြော်ငြာထည့်သွင်းနိုင်တာပါ။) 

ဒါကတော့ စာရေးသူလေ့လာခွင့်ရရှိခဲ့တဲ့ ၂၀၁၉ ခုနှစ်လောက်က တရုတ်နိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တရုတ်အစိုးရ ဆောင်ရွက်ပေးနေတဲ့ သုတေသနနဲ့ နည်းပညာပံ့ပိုးမှု အစီအစဉ်တွေပါ။ 

တင်ပြခဲ့တဲ့ အချက်အလက်တွေကနေတဆင့် စာဖတ်သူအတွက် အတွေးအမြင် တစ်ခုရရှိစေလိမ့်မယ်လို့ ယူဆမိပါတယ်။ စာရေးသူ သင်ခန်းစာထုတ်ယူမိတာကတော့ စိုက်ပျိုးမွေးမြူရေးနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင်...

(၁) ဘယ်လုပ်ငန်းတွေကို ဦးစားပေးပြီး နည်းပညာတိုးတက်အောင် လုပ်မလဲဆိုတာ ရွေးချယ်ဖို့ လိုပါတယ်။ စိတ်ထဲရှိတဲ့ သီးနှံကို ရွေးပြီး ထောက်ပံ့နေလို့ မရပါဘူး။ 

(၂) ရွေးချယ်ထားတဲ့ လုပ်ငန်းအတွက် နားလည်တတ်ကျွမ်းသူတွေကို စုဖွဲ့ပြီး ငွေကြေး၊ လုပ်ပိုင်ခွင့်တွေ ပံ့ပိုးပေးဖို့ လိုပါတယ်။ 

(၃) ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ 

(၄) သုတေသနရလဒ်တွေကို စိုက်ပျိုးမွေးမြူသူတွေထံ မရောက်ရောက်အောင် ပို့ဆောင်ပေးဖို့ လိုပါတယ်။ 

(၅) သုတေသနလုပ်ငန်းကို ဟန်ပြမလုပ်ဘဲ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။

စာရှုသူရော ဘယ်လိုများ ယူဆမိပါသလဲ။ 

ခိုင်ကြည်သစ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်