ထုံး ကို လယ်ယာစိုက်ပျိုးရေးတွင် သုံးသော် (၂)

22/03/2022 15:54 PM တွင် ဖုန်းမဏ်တိုး ဖုန်းမဏ်တိုး မှ ရေးသား

ဒိုလိုမိုက် (Dolomite) အား မြေချဉ်ငန်ဓာတ် တန်ဖိုး (pH) တက်လာစေရန် အတွက်ကော ကယ်ဆီယမ် အာဟာရဓာတ် နှင့် မဂ္ဂနီစီယမ် ၂ မျိုး ရရန် အတွက်ပါ သုံးသည်။

ကောင်းကျိုးများ

- ကယ်ဆီယမ် အာဟာရဓာတ် နှင့် မဂ္ဂနီစီယမ် အပင်အာဟာရဓာတ် ၂ မျိုးပါရှိသည်။ ထို့အတွက် မဂ္ဂနီစီယမ်ဓာတ်ကို ကြိုက်သော အပင်များအတွက် အထူးသင့်တော်သည်။

ဥပမာ - ပြောင်း၊ ဘရိုကိုလီ (ဂေါ်ဖီ စိမ်း)၊ ဆလပ်၊ ပန်းဂေါ်ဖီ၊ နှင်းဆီ၊ ငရုပ်၊ အာလူး၊ သကြားမုံလာ (Sugar beet)၊ ပဲမျိုးစုံ  စသည်တို့တွင် အချို့သော ဖျက်ပိုးများ နှင့် ဘတ်တီးရီးယားရောဂါများကို သက်သာစေနိုင်သည်။ 

မှတ်ချက် - ဘတ်တီးရီးယား ပင်ညှိုးရောဂါများ ၊ ပင်စည်ထိုးပိုးများအတွက်တော့ အချည်းနှီးသာ ဖြစ်ပြီး အာနိသင် မရှိပါ။

နှုန်းထား - တစ်ဧက ကို ၁ တန် ခန့် - မြေချဉ်ငန်ကိန်း (pH) အပေါ်မူတည်၍ ထည့်ရမည်။ မြေချဉ်ငန်ကိန်း (pH) ၄ နဲ့ ၅ အတွင်း ရှိပါက တစ်ဧက ကို ၃၀ ကီလို ခန့်၊ (pH) ၅.၁ နဲ့ ၆ အတွင်း ရှိပါက တစ်ဧက ကို ၁၅ ကီလိုခန့် ထည့်ရမည်။ 

ဆိုးကျိုးများမှာ ..

- သာမာန်ထုံးထက် တစ်ယူနစ် ကုန်ကျစရိတ် ပိုများပါသည်။ 

- မြေချဉ်ငန်ကိန်း (Soil pH) ကိုသိရှိရန် လိုအပ်သည်။ ဒိုလိုမိုက်ကို မြေချဉ်ငန်ကိန်း (pH – 7) အောက်မြေများတွင် သုံးရပါမည်။ အကယ်၍ မြေချဉ်ငန်ကိန်း (pH – 7) အထက် မြေများတွင် သုံးမိပါက - အပင်များ လောင်နိုင်ပြီး ဆိုးဝါးပါက သေစေနိုင်သည်။ 

- အပင်များ တက်မလာပဲ ပုစေသော မဂ္ဂနီစီယမ် အဆိပ်သင့်မှု ဖြစ်စေနိုင်၍ မဂ္ဂနီစီယမ်လိုသော မြေတွင်သာ သုံးရန် ပိုသင့်တော်ပါသည်။

- အပင်အတွက် အာနိသင်ပြရန် အချိန်စောင့်ရသည်။ ရေမှာပျော်ဝင်ရန်ခက်သဖြင့်ဖြစ်ပါသည်။ အနည်းဆုံး ၂ - ၃ လ စောင့်ရသည်။

 

ကျောက်မှုန့်/ လချေးမှုန့် (Gypsum) သည် ရေပျော်စွမ်းအား မြင့်မားသည်။ ထို့အတွက် မြေချဉ်ငန်ဓာတ် တန်ဖိုး (pH) မည်သည့်အနေအထားတွင်မဆို အသုံးပြုရန် အဆင်ပြေသည်။ 

အကျိုးကျေးဇူးများ အနေဖြင့်..

- ကယ်လ်ဆီယမ် နှင့် ဆာလ်ဖာ အာဟာရဓာတ် ရရှိစေခြင်း၊ စပါးစိုက်မြေများတွင် ရေအနေထိုင်တာ များသောကြောင့် အဆိပ်ဓာတ်များ စုဝေးလာခြင်းနှင့် ဇင့်ဓာတ် ချို့တဲ့မှုကို ပြုပြင်ထိန်းညှိပေးသည်။ 

- စိုက်ပျိုးရေအတွင်း အပင်အတွက် အန္တရာယ်ဖြစ်စေမည့် ဓာတ်ဆားများကို လျှော့ချပေးသည်။ ပူပြင်းခြောက်သွေ့သော ဒေသများတွင် ရေထိန်းစွမ်းအားနှင့် ရေအသုံးချစွမ်းအားကို မြှင့်တင်ပေးသည်။

- မြေဆွေးနှင့် တိရစ္ဆာန်အညစ်အကြေးအဆွေး စသော ဩဂဲနစ်ပစ္စည်းများနှင့်တွဲ၍ သုံးသော် မြေဆီလွှာ၏ သစ်ဆွေးဓာတ်ကို မြင့်တက်စေပြီး ကြပ်နေသော မြေသားများအတွင်း လေဝင်မှုနှင့် ရေစီးဆင်းမှုကို အားပေးသည်။

ထို့အပြင် မြေဆီလွှာတိုက်စားမှုကိုလည်း လျှော့ချပေးနိုင်သည့် အကျိုးကျေးဇူးလည်း ရှိပါသည်။

မြေပဲတွင် အထွက်နှုန်းကို သိသာစွာတိုးစေနိုင်သည်။ (ဆာလ်ဖာ ကြိုက်သောအပင်များမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီမုန့်ညှင်း၊ နှမ်း၊ ဆီအုန်း၊ နေကြာ စသော ဆီထွက်သီးနှံများ၊ ခရမ်းချဉ်။)

မှတ်ချက် - ကျောက်မှုန့်/ လချေးမှုန့် သည် ရွှံ့စေးမြေကို ဖွယ်လာအောင် ရုပ်ပိုင်းဆိုင်ရာ (Physical properties) အရ မပြုပြင်ပေးပါ။ ထယ်ရေးမကောင်းခြင်း၊ မြေအတွင်း ကျောက်လွှာ အမာခံနေခြင်း စသော ထုထည် ကြီးမားသည့် ပြဿနာများကိုလည်း မဖြေရှင်းပေးနိုင်ပါ။ 

နှုန်းထား - တစ်ဧကကို ၁ တန်ခန့် - မြေချဉ်ငန်ကိန်း (pH) ၁ ယူနစ် လျော့စေရန် ဥပမာ pH 9 မှ 8 ဖြစ်ရန် တစ်ဧက ကို ၃ တန်ခန့်  အနည်းဆုံး ထည့်ရမည်။ 

ရေစိမ့်ဝင် စီးဆင်းမှုကောင်းရန်နှင့် အဆိပ်အတောက်များကို ဖြေရှင်းရန် တစ်ဧက ၆၀ ပိဿာ - (၁၀၀ ကီလို) ခန့် ထည့်ရမည်။

ဆိုးကျိုးများ - ဈေးများသည်။ မြေချဉ်ငန်ဓာတ် တန်ဖိုး (pH) တက်လာစေရန် အတွက် သိသာသော ထိရောက်မှု မရှိပါ။ ပိုတက်ဆီယမ် အာဟာရဓာတ်ကို မြေအတွင်းတွင် ပိုချို့ တဲ့စေသည်။ 

အနှစ်ချုပ်အနေဖြင့်..

ထုံး၊ ကျောက်မှုန့်၊ ဒိုလိုမိုက် အားလုံးတို့သည် တန်ဆေး လွန်ဘေး ဖြစ်ပါသည်။ အစကတည်းက မြေမချဉ်အောင် သတိထားလုပ်ဆောင်ပါ။ မြေချဉ်၍ ကုစားဖို့ရန် ရေရှည်အတွက် အချိန်ပေးရပါသည်။

စိုက်ပျိုးရေး အသိကြွယ်စေရန် ရည်ရွယ်၍ 

မှ

ဖုန်းမာန်တိုး  (ရေဆင်းရနံ့)

အပိုင်း(၁) ကို ဒီလင့် https://greenwaymyanmar.com/posts/Application_of_Lime_and_its_related_products_in_Agricultural_Soil ကနေ ဖတ်ရှုနိုင်ပါသည်။

ကျမ်းကိုးများ - https://socratic.org/.../how-do-you-calculate-the...

https://www.dpi.nsw.gov.au/.../guides/soil-acidity/best-lime

https://www.fertilesoilsolutions.com/.../comparing.../

Iowa State University, USA,

Gardening Australia, 

The Agriculture and Food Development Authority (Teagasc), Ireland.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်