ရှမ်းနံနံရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

22/11/2022 17:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - Culantro, Mexican coriander, long coriander

ရုက္ခဗေဒအမည် - Eryngium foetidum 

“နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏” ဆိုတဲ့ စာဆိုအတိုင်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အပင်တွေအားလုံးနီးပါးဟာ အနည်းနဲ့အများဆိုသလို ဆေးဖက်ဝင်တဲ့ အစွမ်းသတ္တိတွေ ရှိနေကြတာ ဖြစ်ပါတယ်။ 

ရှမ်းနံနံလို့ ဆိုလိုက်ရင် သူရဲ့ အနံ့အသက်ပြင်းတဲ့လက္ခဏာကို အရင်ဆုံးပြေးမြင်မိကြမယ် ထင်ပါတယ်။ အသားဟင်းလျာတွေ ချက်ပြုတ်ရာမှာ အညှီနံ့ပျောက်ဖို့အတွက် ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြတာ ဖြစ်ပါတယ်။ ရှမ်းနံနံဟာ အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ ဆေးဖက်ဝင် နှစ်ရှည်အပင်ဖြစ်ပါတယ်။

 အများအားဖြင့် အရွက်နဲ့ ရိုးတံကို အသုံးပြုကြတာ ဖြစ်ပါတယ်။ ရှမ်းနံနံဟာ အနံ့အရသာ ပိုပြင်းတာကြောင့် နံနံပင် အစားထိုး ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း အသုံးပြုကြတာ ဖြစ်ပါတယ်။

ရှမ်းနံနံကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ အသုံးပြုကြတာ မဟုတ်ပါဘူး။ ကာရေဘီယံဒေသတွေ၊ အမေရိက၊ ဗီယက်နမ်၊ ထိုင်းနဲ့ အခြားသော အာရှနိုင်ငံတွေရဲ့ ဟင်းလျာတွေမှာလည်း အသုံးပြုကြတာ ဖြစ်ပါတယ်။

စိုက်ပျိုးရတာလည်း လွယ်ကူတာကြောင့် အိုးနဲ့ဖြစ်စေ မြေပေါ်မှာဖြစ်စေ အိမ်မှာ တနိုင်တပိုင်စိုက်ပျိုးထားလို့ရတဲ့ အပင်လည်း ဖြစ်ပါတယ်။ ရှမ်းနံနံဟာ မျိုးစေ့ချခြင်းကနေတဆင့် သူ့ဘာသာသူ ပြန့်ပွားနိုင်ပြီး အရိပ်ရသစ်တောတွေ၊ ပူနွေးစိုစွတ်တဲ့ ရာသီဥတုနဲ့ အစိုဓာတ်ကောင်းစွာရှိနေတဲ့ မြေတွေမှာ သဘာဝအတိုင်း ပေါက်ရောက်လေ့ရှိတာ ဖြစ်ပါတယ်။  ယခုဆောင်းပါးမှာတော့ ရှမ်းနံနံရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ပါဝင်သော အာဟာရဓာတ်များ 

ရှမ်းနံနံအပင်မှာ ကယ်လ်စီယမ်၊ အိုင်းယွန်း၊ ပရိုတင်း၊ ဗီတာမင်အေ၊ ဘီ၊ စီ၊ ကယ်ရိုတင်း (carotene) နဲ့ ရီဗိုဖလာဗင် (riboflavin) စတဲ့ ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာ ဖြစ်ပါတယ်။ ရှမ်းနံနံဟာ ကျန်းမာရေး အကျိုးကျေးဇူးများစွာရှိပြီး တုပ်ကွေး၊ အဖျားတက်ခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ ဆီးချိုရောဂါတို့ကို ကုသဖို့အတွက် လက်ဖက်ရည်ကြမ်းပုံစံနဲ့လည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ 

အဆိပ်အတောက် ကင်းစေခြင်း 

ရှမ်းနံနံမှာ ဗီတာမင် B2 ပါ၀င်နေတာကြောင့် အသည်းရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဟင်းလျာတွေ ချက်ပြုတ်ရာမှာ ပုံမှန်ထည့်သွင်း စားသုံးပေးခြင်းဖြင့် အသည်းအတွင်းမှာ အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ အရာဝတ္ထုတွေကို လျှော့ချပေးနိုင်တာကြောင့် ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ကင်းစင်စေဖို့ အတွက် အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုင် ဖြစ်ပါတယ်။ ရှမ်းနံနံပင်တွေမှာ phenolics၊ carotenoids၊ anthraquinone နှင့် ascorbic acid (ဗီတာမင် စီ) ကဲ့သို့သော သဘာဝ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ 

နာကျင်ကိုက်ခဲမှုများ သက်သာစေခြင်း 

ရှမ်းနံနံဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ နာကျင်ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်တဲ့အတွက်လည်း လူသိများတာ ဖြစ်ပါတယ်။ နာကျင်ကိုက်ခဲမှုတွေအတွက် အသုံးပြုမယ်ဆိုရင် အရွက်တွေကို ရေနဲ့ပြုတ်ပြီး ရရှိလာတဲ့အရည်ကို သောက်သုံးနိုင်သလို နာကျင်ကိုက်ခဲနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ အဆစ်တွေပေါ်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။ 

အနံ့အသက်ဆိုးများကို ဖယ်ရှားနိုင်ခြင်း 

ရှမ်းနံနံဟာ ခံတွင်းနံ့ဆိုးခြင်းကိုလည်း ကောင်းစွာ ကာကွယ်ပေးနိုင်ပါတယ်။ ၎င်းရဲ့ ပြင်းထန် လတ်ဆတ်တဲ့ရနံ့နဲ့ ကလိုရိုဖီးလ်တွေကြောင့် ခံတွင်းအနံ့ဆိုးထွက်တာမျိုးတွေကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ခံတွင်းအနံ့ ဆိုးတာမျိုး ဖြစ်တဲ့အခါ အရွက်ပြုတ်ထားတဲ့အရည်နဲ့ ပလုတ်ကျင်းပေးနိုင်သလို အရွက်တွေကို ဝါးစားတာမျိုး လည်း ပြုလုပ်နိုင်ပါတယ်။ 

အာရုံကြောဆိုင်ရာ ပြဿနာများကို ကာကွယ်ပေးနိုင်ခြင်း 

ရှမ်းနံနံကို ပုံမှန်အသုံးပြုဖြစ်တယ်ဆိုရင် အာရုံကြောရောင်ရမ်းတဲ့ ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါတွေ ဖြစ်ပွားနိုင်မှုကိုပါ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ 

ပန်းနာရင်ကြပ် ကာကွယ်ပေးနိုင်ခြင်း 

ပန်းနာရင်ကျပ်ရောဂါဟာ အဆုတ်နဲ့ပတ်သက်လို့ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ပန်းနာရင်ကြပ်ဟာ သတ္တုပစ္စည်းတွေ၊ ဖုန်မှုန့်တွေနဲ့ အဆိပ်ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုများတဲ့ နေရာတွေမှာ နေထိုင်တဲ့သူတွေအပေါ် အဓိကသက်ရောက်မှုရှိတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာ ဖြစ်ပါတယ်။ သို့ပေမယ့် ရှမ်းနံနံကဲ့သို့ အပင်တွေဟာ ပန်းနာရင်ကျပ်ရောဂါတွေကို ကုသပေးနိုင်တဲ့ ဆေးဖက်ဝင် အပင်အရင်းအမြစ်တွေ ဖြစ်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဂလူးကို့စ် ကျဆင်းစေခြင်း 

ရှမ်းနံနံရဲ့ အရွက်နဲ့ ရိုးတံတွေဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ကြောင်း သုတေသနတွေမှာ ဖော်ထုတ်တွေ့ရှိထားတာ ဖြစ်ပါတယ်။ ဗီတာမင် B2 (Riboflavin) ဟာ အာဟာရဖြည့်စွက်စာအဖြစ် လုပ်ဆောင် ပေးတာကြောင့် ခန္ဓာကိုယ်တွင်းရှိ ဂလူးကို့စ်ပမာဏကို လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ Riboflavin ဟာ အင်ဆူလင်ဟော်မုန်းတွေကို ပိုမိုထိရောက်စွာ ထုတ်လွှတ်ပေးနိုင်တဲ့ အသည်းရဲ့လုပ်ဆောင်ချက်တွေကိုလည်း အားပေးနိုင်တာ ဖြစ်ပါတယ်။ ရှမ်းနံနံရဲ့ အရွက်တွေကို လှီးဖြတ်၊ ရိုးတံတွေကိုထုချေပြီး အသုပ်တွေ၊ ဆော့တွေနဲ့ ဖျော်ရည်တွေထဲမှာ ထည့်သွင်းအသုံးပြုခြင်းဖြင့် ဆီးချိုရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါ တယ်။ 

ဇင်ထူးနိုင် 

Ref: https://healthiersteps.com/culantro/ 

https://www.healthbenefitstimes.com/culantro/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်