အပင်ကြီးထွားသန်စွမ်းစေမယ့် သဘာဝရွက်ဖျန်းအားဆေး FPJ

22/06/2023 09:16 AM တွင် စုသီရိထွေး စုသီရိထွေး မှ ရေးသား

Liquid Organic Fertilizer (သဘာဝရွက်ဖျန်းအားဆေး)လို့ ပြောလိုက်ရင် ငါးတွေ၊ ခရုတွေနဲ့လုပ်လို့ရတဲ့ အမိုင်နိုအက်စစ်တွေကိုတော့ အတော်များများ သိကြပြီးဖြစ်မှာပါ။

ဒီလိုမျိုး သတ္တဝါတွေကနေ သဘာဝရွက်ဖျန်းဆေးတွေလုပ်လို့ရသလို..

အသီးတွေ အပင်တွေကို အချဉ်ဖောက်နည်းလမ်းဖြင့်လည်း သဘာဝအပင်အားဆေးတွေ ရနိုင်ပါတယ်ရှင့်။

အစိမ်းရောင်လမ်းမှာဆိုရင်လည်း အသီးတွေကို အချဉ်ဖောက်ခြင်းဖြင့် ' အင်ဇိုင်းအသီးအပွင့်အားဆေးရည်ဖော်စပ်နည်း' ကို ဖော်ပြထားပြီးဖြစ်တာတွေ့မိပါတယ်။

အခု စုကတော့ တောင်သူဦးကြီးတို့အတွက် ကြီးထွားမြန်တဲ့အပင်လေးတွေနဲ့ အချဉ်ဖောက်ထားတဲ့ fermented Plant Juice (FPJ) လို့ခေါ်တဲ့ အပင်ရွက်ဖျန်းအားဆေးရည်ပြုလုပ်နည်းလေးအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ကဲ လိုက်ပြီး လုပ်ကြည့်ကြရအောင်နော်..။

ပါဝင်ပစ္စည်းများ

  • (၁) ကြီးထွားမြန်တဲ့ မည်သည့်အစိမ်း‌ရောင်အပင်အစိတ်အပိုင်းမဆို = တစ်ပိဿာ 
  • (၂) သကြားညို(သို့မဟုတ်)တင်လဲရည် (သို့မဟုတ်) ထန်းလျက်ညို = တစ်ပိဿာ

FPJ ပြုလုပ်ပုံအဆင့်ဆင့်

စုတို့ရဲ့ ပတ်ဝန်းကျင်မှာ နေ့စဉ်မြင်တွေ့နေရတဲ့ ကြီးထွားမြန်တဲ့အပင်တွေကနေပြီး လတ်ဆတ်သန်စွမ်းတဲ့ အပင်အစိတ်အပိုင်းများကို ရွေးချယ်ရပါမယ်။ 

အမေရိကန်၊ ဟာဝိုင်ယီတက္ကသိုလ်ရဲ့ သုတေသနတစ်ခုမှာတော့ ထိပ်ညွန့်လေးတွေချည်းပဲယူဖို့အကြံပြုထားပါတယ်။ အပွင့်တွေ၊ အဖူးတွေ၊ အသီးနုလေးတွေကိုလည်း သုံးလို့ရပါတယ်လို့ ဆိုထားပါတယ်။

အညွန့်လေးတွေချည်းပဲဆိုရင်တော့အားဆေးဖြစ်တာ ပိုပြီးတော့မြန်နိုင်ပါတယ်တဲ့။ (မှတ်ချက် -  ပိုးသတ်ဆေး သို့မဟုတ် ဓာတုဆေးများ ကင်းစင်တဲ့အပင်တွေဖြစ်ရပါမယ်)

ကဲ ပြုလုပ်ပုံ အဆင့်လေးတွေကို ကြည့်လိုက်ကြရအောင်...

(၁) မနက်စောစော နေမထွက်ခင်အချိန်မှာ ရေဓာတ်ပြည့်ဝနေတဲ့ ကြီးထွားမြန်တဲ့အစိမ်းရောင်အပင်လေးတွေကို စုဆောင်းပါ။ (မှတ်ချက်- မိုးရွာနေစဉ်နဲ့ မိုးရွာပြီးနောက်ပိုင်းအချိန်တွေကို ရှောင်းရှားပါ)

(၂)  စုဆောင်းထားတဲ့ အပင်လေးတွေကို ၂ လက်မ၊ ၃လက်မခန့် အပိုင်းလေးတွေဖြစ်အောင် ဖြတ်တောက်ပါ။ (မှတ်ချက် -အပင်တွေကို ရေလုံးဝမဆေးပါနဲ့  ၊ အပင်မျက်နှာပြင်ပေါ်ကအကျိုးပြုအဏုဇီဝပိုးတွေ ပါသွားနိုင်လို့ပါ)

(၃) ပြီးရင်တော့ ခုနက ဖြတ်တောက်ထားတဲ့ အပင်အလေးချိန်နဲ့ ဆတူ သကြားညို (သို့) ထန်းလျက်ညို (သို့) တင်လဲရည်ကို ဆတူရောစပ်ပြီး ခွက်ကြီးကြီး တခွက်ထဲထည့်ပြီး နှံ့စပ်အောင် နယ်ပေးပါ။

(၄) ပြီးရင်တော့ သန့်ရှင်းစင်ကြယ်တဲ့ ပလတ်စတစ်ပုံး တပုံးထဲကို အစောက နှံ့နှံ့စပ်စပ်နယ်ထားတဲ့ အပင်၊သကြားညို‌အရောကို ထည့်ပါ။ ပြီးရင် ပုံးအဝကို လေလုံစေရန်အတွက် ပိတ်စ(towel) သို့မဟုတ် လေလုံးဝမပိတ်တဲ့အစတစ်ခုခုနဲ့ အုပ်ပြီး ကြိုးသေချာ စည်းထားပါ။ ပြီးရင်တော့ သဘာဝအတိုင်းလေဝင်လေထွက်ကောင်းတဲ့နေရာမှာ သိမ်းဆည်းပါ။ ရေခဲတာမျိုးမလုပ်ရပါ။ (မှတ်ချက်-သတ္တုပုံးလုံးဝမသုံးရပါ၊ အချဉ်ဖောက်မှာဖြစ်လို့ သတ္တုနဲ့ ဓာတ်ပြုမှုများဖြစ်နိုင်ပါတယ်)

(၅) ပြီးရင်တော့ ၂၄ နာရီ ကြာပြီးနောက်မှာ ပုံးကိုစစ်ဆေးပါ၊ ပုံးထဲမှာ ရှိတဲ့ အရောအနှောအရည်ဟာ ပုံးပြည့်တဲ့အထိ ဖြစ်နေတယ်ဆိုရင် သုံးပုံနှစ်ပုံခန့်ပဲကျန်တော့တဲ့အထိ အပင်အစိတ်အပိုင်းတချို့ကို ဖယ်ပစ်ရပါမယ်။ ပြည့်နေရင် အဏုဇီဝသက်ရှိလေးတွေ လုံလောက်တဲ့လေမရဖြစ်ပြီး အချဉ်ပေါက်ဖို့ ခက်နိုင်လို့ပါ။ အကယ်၍ အရည်က သုံးပုံနှစ်ပုံထက်နည်းနေမယ်ဆိုရင်လည်း မှိုတွေတွယ်လာနိုင်တာမို့ အပင်အပိုင်းတွေ ထပ်ဖြည့်ပေးရပါမယ်။

(၆) အချဉ်ဖောက်တဲ့ဖြစ်စဉ်ဟာ အခန်းတွင်းအပူချိန်ပေါ်မူတည်ပြီး သုံးရက်ကနေ ငါးရက်အတွင်းကြာနိုင်ပါတယ်။ အကယ်၍ ‌အပူချိန်ကျနေခဲ့မယ်ဆိုရင် အချဉ်ဖောက်တဲ့ဖြစ်စဉ်က ပိုကြာနိုင်ပါတယ်။ အမြုပ်ကလေးတွေထွက်လာပြီဆိုရင်တော့ အချဉ်ဖောက်တဲ့ဖြစ်စဉ်စနေပါပြီ၊ ပုံမှန်ဆိုရင် နှစ်ရက်အကြာမှာ ဒါမျိုးဖြစ်ပါ တယ်။ ပုံမှန်အားဖြင့်တော့ အချဉ်ဖောက်တဲ့လုပ်ငန်းစဉ်ဟာ ၇ ရက်ထက် ပိုမကြာသင့်ပါဘူး။ FPJ အရည် အသွေးကျသွားနိုင်လို့ပါ။

အောက်ပါလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ အပင်အားဆေးအဖြစ်သုံးနိုင်တဲ့ FPJ ရပါပြီ။

  • (၁) အပင်အထုံးအခဲတွေက အပေါ်မှာ ပေါလောပေါ်နေပြီး အရည်က အောက်မှာကျန်နေခြင်း (သကြားသုံးတာများသွားရင် ဒါမျိုးကွဲတာ မသိသာပါ)
  • (၂) ကလိုရိုဖီးလ်တွေ ပြိုကွဲသွားခြင်းကြောင့် အရက်နံ့သင်းသင်းလေးရလာခြင်း
  • (၃) အရသာဟာ မခါးတော့ဘဲ ချိုချိုလေးဖြစ်လာခြင်း

ဒါမျိုးလက္ခဏာတွေပြလာပြီဆိုရင်တော့ FPJ ယူဖို့အတွက် အပင်အစိတ်အပိုင်းတွေကို အရည်တွေနဲ့ ခွဲထုတ်လိုက်ပါ။ ဖယ်ထုတ်လိုက်တဲ့ အပင်အစိတ်အပိုင်းတွေကို တိရစ္ဆာန်စာအဖြစ် အသုံးပြုနိုင်သလို မြေဆွေးပြုလုပ်တဲ့နေရာမှာလည်း သုံးနိုင်ပါတယ်။

အရည်တွေကိုတော့ ဖန်ပုလင်းထဲမှာ သိမ်းထားလို့ရပါတယ်။ ဒီအရည်ထဲမှာ အဏုဇီဝပိုးမွှားလေးတွေ ဆက်လက်ရှင်သန်နေပြီး ဓာတ်ငွေ့တွေ ဆက်ထွက်နေနိုင်တာမို့ အဖုံးကိုတော့ ကျပ်နေအောင် ဖုံးမထားသင့်ပါဘူး။ ပုလင်းကွဲထွက်သွားနိုင်လို့ပါ။

အာနိသင်ကို ထိန်းသိမ်းဖို့ နေရောင်ခြည် တိုက်ရိုက်မထိတဲ့ အေးပြီး မှောင်သောနေရာတွင် သိမ်းဆည်းပါ။  အကောင်းဆုံးအရည်အသွေးရနိုင်ဖို့အတွက်ဆိုရင် ၆-၁၂ လအတွင်း အသုံးပြုသင့်ပါတယ်။

ရေရှည်သိမ်းထားပြီးသုံးချင်တယ်ဆိုရင်တော့ အချဉ်ပေါက် မသွားစေဖို့အတွက် ဒီအရည်နဲ့ အလေးချိန်ဆတူ သကြားရည် (သို့) တင်လဲရည် ထပ်ဖြည့်ပေးထားရပါမယ်။ 

FPJ ကို အသုံးပြုပုံ

ရေနဲ့ရောစပ်ပြီး အပင်အားဆေးအဖြစ် တိုက်ရိုက်ဖျန်းပက်အသုံးပြုလို့ရပါတယ်။

ရောစပ်ရမယ့်နှုန်းထားများ (ဟာဝိုင်ယီတက္ကသိုလ်သုတေသနအရ)

(၁) ရေတစ်ဂါလံ - လက်ဖက်စားဇွန်း ၁ ဇွန်းခွဲထည့်ဖျော်ရန် ( ၈ မီလီလီတာ)

(၂) ရေ ၅ ဂါလံ - ထမင်းစားဇွန်း ၂ ဇွန်းခွဲထည့်ဖျော်ရန် ( ၃၈ မီလီလီတာ)

အသေးစိတ်နှုန်းထားကို အောက်ပါဇယားကွက်တွင် ကြည့်နိုင်ပါတယ်။ (မှတ်ချက် - အပြင်းဆုံးနှုန်းထား (၁: ၅၀၀ နှုန်း) ဖျော်စပ်သည့်နှုန်းထားကို ပြောထားခြင်းဖြစ်ပါသည်။ အပင်အနေအထားပေါ်မူတည်၍ အပင်မလောင်စေရန်လျှော့ချသုံးစွဲနိုင်ပါသည်။ )

သီးနှံပင်သက်တမ်းတလျှောက် ဆယ်ရက်တစ်ကြိမ်ခန့် ပုံမှန်ပက်ဖျန်းပေးနိုင်ပါတယ်။

FPJ ၏အကျိုးကျေးဇူးများ

FPJ ဟာ ပုံမှန်အားဖြင့် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ အပင်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ကြွယ်ဝပါတယ်။

FPJ တွင်ရှိသော ဇီဝဗေဒဆိုင်ရာဒြပ်ပေါင်းများဟာ အမြစ်ဖွံဖြိုးမှု၊ အရွက်ကြီးထွားမှုနဲ့ အပင်တစ်ခုလုံးကို သန်စွမ်းစေရန် လှုံ့ဆော်ပေးကာ ကျန်းမာသန်စွမ်းသောအပင်များကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အပင်များရဲ့ ပိုမိုအားကောင်းစေပြီး ပိုးမွှားများ၊ ရောဂါများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဖိစီးမှုများကို ပိုမိုခံနိုင်ရည်ရှိစေပါတယ်။

ကဲ...ဒီတော့ ဓာတုဓာတ်မြေသြဇာများကို မှီခိုအားထားရမှု လျှော့ချနိုင်သလို ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း လျှော့ချပေးကာ ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များကို မြှင့်တင်ပေးနိုင်တဲ့ အော်ဂဲနစ်မြေသြဇာ FPJ ကို ကိုယ်တိုင်ပြုလုပ်သုံးစွဲကြရအောင်လားရှင်။ 

စုသီရိထွေး (စိုက်ပျိုးရေးတက္ကသိုလ်)

Ref: https://www.ctahr.hawaii.edu/oc/freepubs/pdf/sa-7.pdf?fbclid=IwAR1lZOz0BwRx1pkfSvFicp-cI-MgtonygcdEurU044ixOaP_lBuAGMipArQ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်