ဗလမရှိသော်လည်း ဇရှိသည့် ကီးစတုန်းမျိုးစိတ် (သို့) အမ်ဖီပေါ့

31/07/2023 11:00 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ကီးစတုန်းမျိုးစိတ်များ မိတ်ဆက် - ၁၇

ကမ်းရိုးတန်းဒေသ ပင်လယ်ကြမ်းပြင်များတွင် အလွန်ကျယ်ပြန့်သည့် ရေအောက်ပင်လယ်မြက်ခင်းပြင် (Seagrass meadow) များ ပေါက်ရောက်ရှင်သန်လေ့ရှိပါသည်။ ၄င်းတို့သည် ကမ်းရိုးတန်းဂေဟစနစ်ကြီးတစ်ခုလုံးအတွက် အလွန်အရေးပါသည်။ 

မြောက်မြားလှစွာသော ရေနေသတ္တဝါများသည် ၄င်းမြက်ခင်းပြင်များအကြားတွင် ရှင်သန်နေထိုင်နေကြသည်။ တနည်းအားဖြင့် ပင်လယ်မြက်ခင်းပြင်များသည် ထိုသတ္တဝါများအတွက် နေစရာအိမ်ပင် ဖြစ်ပါသည်။ သားပေါက်ရာနေရာ ဖြစ်ပါသည်။ သားရဲတိရစ္ဆာန်များ၏ရန်မှ ရှောင်ရှားပုန်းခိုရာနေရာ ဖြစ်ပါသည်။ 

ပင်လယ်မြက်ခင်းများက ပင်လယ်ရေ၏ အရည်အသွေးကို ကောင်းမွန်အောင် သန့်စင်ပေးနေသည်။ Heavy metal များ၊ အဆိပ်အတောက်များ၊ စွန့်ပစ်ပစ္စည်းများတွင် ပါဝင်နေသည့် အာဟာရဓာတ်များကို ပင်လယ်ရေထဲမှ လျော့ကျသွားအောင် ဆောင်ရွက်ပေးနေသည်။ ကမ်းရိုးတန်းဒေသရှိ ပင်လယ်ရေတွင် အက်ဆစ်ဓာတ်ဖြစ်ပေါ်မှု (acidity) ကို လျှော့ချပေးနေသည်။ 

ပင်လယ်ရေအောက်တွင် ပေါက်ရောက်သည့် အပင်များဖြစ်သည့်အလျောက် ၄င်းတို့က အောက်ဆီဂျင်ထုတ် ပေးချိန်တွင် ပင်လယ်ရေထဲသို့  အောက်ဆီဂျင်ပျော်ဝင်မှု မြင့်မားလာစေသည်။ ထို့ကြောင့် ရေနေသတ္တဝါများ ရှင်သန်ရေးအတွက် များစွာ အ‌ထောက်အကူဖြစ်စေသည်။ ၄င်းတို့၏ အမြစ်များကြောင့် ပင်လယ်ကြမ်းပြင်ရှိ အနည်အနှစ်များကို အောက်ဆီဂျင်ရောက်ရှိစေသည်။ ထို့ကြောင့် ၄င်းအနည်အနှစ်များတွင် နေထိုင်ရှင်သန်ကြသည့် အဏုဇီဝသတ္တဝါများ၏ ရှင်သန်ရေးကို ကူညီပေးနေပြန်သည်။ 

မြက်ပင်များ၏ အရွက်များပေါ်တွင် အဏုဇီဝသတ္တဝါငယ်လေးများက ကြေးညှိအလွှာ (film) များအဖြစ် နေထိုင်နေကြသည်။ မြက်ပင်များကို လိပ်၊ သံပခြုပ် အစရှိသည့် သတ္တဝါများက စားသောက်သည့်အခါ မြက်ပင်မှ အာဟာရကိုသာမက ထိုကြေးညှိအလွှာကပါ အာဟာရဓာတ်များ ရရှိစေပြန်သည်။ 

ပင်လယ်သမုဒ္ဒရာများတွင် ရှိနေသော ကာဗွန်စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်ကို ပင်လယ်ရေအောက်မြက်ခင်းပြင်များက သိုလှောင်သိမ်းဆည်းထားပေးသည်။ ကမ္ဘာ့လေထုထဲသို့ ရောက်ရှိကာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေမည့် ကာဗွန်ဒိုင်အောက်ဆိုဒ်များကို မြေကြီးထဲသို့ ပြန်ထည့်ပေးကာ အသုံးတည့်အောင်လုပ်ပေးသည့် လုပ်ငန်းကို ယင်းမြက်ခင်းပြင်များက ဆောင်ရွက်ပေးနေသည်။ 

ကမ်းရိုးတန်းဒေသတွင် ပင်လယ်ရေအောက်မြက်ခင်းပြင်များ ရှိနေခြင်းဖြင့် ရေစီးနှုန်းကို လျော့ကျစေသည်။ ထို့ကြောင့် ကမ်းရိုးတန်းဒေသများတွင် လှိုင်းဖြစ်ပေါ်မှုကို လျှော့ချပေးပြီး ကမ်းခြေတိုက်စားမှုကို သက်သာစေသည်။ 

ပင်လယ်ရေအောက်မြက်ခင်းပြင်များသည် ရေအောက်ဂေဟစနစ်အတွက်သာမက၊ ကမ္ဘာကြီးတစ်ခုလုံးအတွက်ပါ အလွန်အရေးပါပါသည်။ သေချာသည်က ပင်လယ်ရေအောက် မြက်ခင်းပြင်များကို ထိန်းသိမ်းထားရန် လိုအပ်သည်ဆိုသည့်အချက်ပင် ဖြစ်ပါသည်။ 

သည်နေရာတွင် ကီးစတုန်းမျိုးစိတ်ရှာဖွေသူ ဂေဟဗေဒပညာရှင်များအတွက် မေးခွန်းတစ်ခု ထွက်ပေါ်လာပါသည်။ ပင်လယ်ရေအောက်မြက်ခင်းပြင်များသည်  အလွန်ကြီးမားကျယ်ပြန့်သည့် ဂေဟစနစ်ကြီးကို အကျိုးပြုနေသည်ဆိုပါလျှင်၊ ယင်းရေအောက်မြက်ခင်းပြင်များကို မည်သည့်မျိုးစိတ်များက ထိန်းသိမ်းစောင့်ရှောက်ထားပါသနည်း။ ဂေဟစနစ်ကြီးအတွက် အရေးကြီးသည့် ပင်လယ်ရေအောက်မြက်ခင်းပြင်ကြီးများ တည်မြဲနေအောင် ထိန်းသိမ်းစောင့်ရှောက်ပေးသည့် မျိုးစိတ်များ ရှိနေလျှင် ထိုမျိုးစိတ်များသည် ယင်းဂေဟစနစ်ကြီး တစ်ခုလုံးအတွက် ကီးစတုန်းမျိုးစိတ် ဖြစ်နေမည် မဟုတ်ပါလား။ 

ထိုမေးခွန်းအတွက် အဖြေကို ရှာဖွေပေးခဲ့သူမှာ အဏ္ဏဝါဂေဟဗေဒပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ အက်ဂ်နက်စ် (Agnes Mittermayr) ဖြစ်ပါသည်။ သူမ၏ ပါရဂူဘွဲ့အတွက် သုတေသနပြုရာတွင် ပင်လယ်ရေအောက်မြက်ခင်းများအကြားမှ အစာကွင်းဆက်ကို ရှာဖွေခဲ့ခြင်းဖြစ်သည်။ သူမက အစာကွင်းဆက်ကို သိရှိနိုင်ရန်အတွက် Stable Isotope Analysis ဟူသော နည်းပညာကို အသုံးပြုခဲ့သည်။ ကာဗွန် ၁၃ (δ13 C) ၊ နိုက်ထြိုဂျင် ၁၅ (δ15N) နှင့် ဆာလ်ဖာ ၃၄ (δ34S) ဟူသော အိုင်ဆိုတုပ် ၃ ခုကို အသုံးပြုကာ ပင်လယ်ရေအောက်မြက်ခင်းပြင်များအကြားမှ အစာကွင်းဆက်ကို နားလည်အောင် လေ့လာခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်မှ ပင်လယ်ထဲသို့ ချွန်ထွက်နေသော ချိတ်ကောက်ပုံစံ ကျွန်းဆွယ်လေးတစ်ခုဖြစ်သည့် Cape Cod အနီး ကမ်ရိုးတန်းပင်လယ်ရေအောက်ထဲတွင် ပြုလုပ်ခဲ့သည့် ထိုသုတေသနလေ့လာမှုသည် တစ်ကမ္ဘာလုံးအတွက် အရေးကြီးသည့် ကီးစတုန်းမျိုးစိတ်ကို ရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့သည်။ 

ပင်လယ်ရေအောက်တွင် သတ္တဝါမျိုးစိတ်များမှာ များပြားလှပြီး၊ ငါး အစရှိသည့် ကျောရိုးရှိသတ္တဝါများသာမက ကျောရိုးမဲ့သတ္တဝါများကလည်း မျိုးစိတ်ပေါင်းများစွာ ရှိနေပြန်ပါသည်။ အက်ဂ်နက်စ်အနေဖြင့်မူ သူမ၏ သုတေသနအတွင်း ကျောရိုးမဲ့သတ္တဝါများကို အဓိကထား လေ့လာကြည့်ဖြစ်ခဲ့သည်။ အကြောင်းမှာ ကျောရိုးမဲ့သတ္တဝါများသည် လူသိများသည့် သတ္တဝါများ (ငါး အစရှိသည့် ‌ကျောရိုးရှိသတ္တဝါများ)၏ အစာဖြစ်နေသောကြောင့်ပင်။ 

သုတေသနရလဒ်များအရ ဂေဟစနစ်အတွင်း အမ်ဖီပေါ့ (Amphipods) များမှာ ကီးစတုန်းမျိုးစိတ်များ ဖြစ်နေကြသည်ကို အက်ဂ်နက်စ်က ရှာဖွေတွေ့ရှိခဲ့သည်။ အမ်ဖီပေါ့ ဆိုသည်မှာ အလွန်သေးငယ်သည့် ကျောရိုးမဲ့သတ္တဝါလေးများ ဖြစ်သည်။ ဆန်စေ့အရွယ်သာရှိပြီး ပင်လယ်ရေအောက်ရှိ အပင်များ၊ အနည်အနှစ်များကြားတွင် ပုန်းခိုနေတတ်ကြသည်။ 

စီးပွားဖြစ်ဖမ်းယူကာ ရောင်းချခြင်းမပြုလုပ်နိုင်သဖြင့် အမ်ဖီပေါ့များကို လူသိနည်းလှသော်လည်း ကမ္ဘာပေါ်တွင် အမ်ဖီပေါ့မျိုးစိတ်ပေါင်း ၉၉၀၀ ကျော် ရှိနေပါသည်။ ၄င်းတို့ကို ပင်လယ်ရေတွင်သာမက ရေချိုများတွင်ပါ တွေ့ရနိုင်သည်။ တစ်ကမ္ဘာလုံးတွင် ၄င်းတို့ ရှိနေပါသည်။ 

Stable Isotope Analysis စမ်းသပ်မှု ရလဒ်များအရ၊ အမ်ဖီပေါ့များသည် ငါးနှင့် အခြားသော သတ္တဝါအကြီးများအတွက် အဓိကအစာဖြစ်သည်။ တစ်ဘက်တွင် အမ်ဖီပေါ့များက အယ်ဂျေးများ၊ ဗက်တီးရီးယား ကြေးညှိအလွှာများကို စားသောက်ခြင်းဖြင့် ၄င်းတို့ လိုအပ်သည်ထက် များမလာအောင် ထိန်းသိမ်းထားပေးသည်။ ထို အချက်နှစ်ချက်သည် အမ်ဖီပေါ့များကို ကီးစတုန်းမျိုးစိတ်များအဖြစ် သတ်မှတ်ဖို့ အဓိကကျသည့် အချက်များဖြစ်သည်။ သို့သော် ၄င်းတို့သည် ကီးစတုန်းမျိုးစိတ်များဖြစ်သည်၊ မဖြစ်သည်ကို မည်သို့ စမ်းသပ်ကြည့်နိုင်ပါမည်နည်း။ 

ကီးစတုန်းမျိုးစိတ်သဘောတရားကို ရှာဖွေတွေ့ရှိခဲ့သူ ပါမောက္ခရောဘတ်ပိန်းက ၁၉၆၀ ပြည့်လွန်နှစ်များတွင် ဂေဟစနစ်ငယ်အတွင်းမှ ကြယ်ငါးကို ကောက်ယူကာ အဝေးသို့ လွှင့်ပစ်သည့်နည်းဖြင့် ဖယ်ရှားပစ်ပြီး ကီးစတုန်းမျိုးစိတ်ဖြစ်ကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်။ 

အလွန်သေးငယ်ပြီး မျိုးစိတ်ပေါင်းများစွာရှိနေသည့် အမ်ဖီပေါ့များကို ဂေဟစနစ်အတွင်းမှ ကြယ်ငါးများကို ဖယ်ပစ်သလို ဖယ်ရှားပစ်ကာ ကီးစတုန်းမျိုးစိတ် ဟုတ်၊ မဟုတ် လေ့လာရန်မှာ မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် အက်ဂ်နက်စ်သည် နည်းပညာ၏ အကူအညီကို ရယူရပါတော့သည်။ 

သူမသည် ပင်လယ်ပြင်မှ အချက်အလက်များကို ကွန်ပြူတာအတွင်းသို့ ထည့်သွင်းကာ “အမ်ဖီပေါ့များ မရှိတော့သည့် အခြေအနေ” တစ်ခုကို ဆော့ဖ်ဝဲဖြင့် ဖန်တီးတည်ဆောက်ယူကာ ဘာတွေဖြစ်လာနိုင်သည်ကို တွက်ချက်ယူခဲ့သည်။ 

ထိုတွက်ချက်မှုအရ “အမ်ဖီပေါ့များ မရှိလျှင် ငါးများအတွက် လုံလောက်သည့် အစာကို မရရှိနိုင်တော့ဘဲ ထို နေရာမှ ငါးများ ဖယ်ခွာသွားကြလိမ့်မည်” ဟူသော အဖြေကို ထုတ်ယူနိုင်ခဲ့သည်။

ထိုမျှမကသေးပါ။ “အမ်ဖီပေါ့များ မရှိလျှင် အယ်လ်ဂျေးများ အဆမတန်ပွားများလာ ကြလိမ့်မည်” ဟု တွက်ထုတ်ပြနိုင်ခဲ့ပါသည်။ “အကျိုးဆက်အနေဖြင့် Algae blooms ဖြစ်ပေါ် လာလိမ့်မည်” ဟု အဖြေထွက်လာပါသည်။ Algae blooms ဆိုသည်မှာ ရေအတွင်းရှိ အပင်မွှားလေးများ (အယ်လ်ဂျေး) အဆမတန်ပွားများလာကာ ဂေဟစနစ်ကို ပျက်စီးစေသည့်ဖြစ်စဉ်ကို ဆိုလိုခြင်းဖြစ်သည်။ အချို့ဖြစ်စဉ်များတွင် ရေ၏အရောင်ကိုပါ ပြောင်းလဲသွားစေသည်ကို တွေ့ရသည်။

ထိုဖြစ်စဉ်ဖြစ်ပေါ်ပါက ရေထဲတွင် အဆိပ်အ‌တောက်များ ပိုမိုဖြစ်ပေါ်ကာ ရေနေသတ္တဝါများကို သေဆုံးစေနိုင်သည်။ အယ်လ်ဂျေးများသည် အလင်းမှီအစာစုဖွဲ့ကာ ရှင်သန်ကြသည်ဖြစ်ရာ ၄င်းတို့ အလွန်အမင်း များပြားနေသည့် အခြေအနေတွင် (နေရောင်ခြည်ရရှိမှု၊ မရရှိမှုတို့ပေါ်မူတည်၍) ‌ရေတွင်ပျော်ဝင်သည့် အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တို့၏ပမာဏမှာ ကြီးကြီးမားမား ပြောင်းလဲစေသည်။ ထိုအချက်က ဂေဟစနစ်အပေါ် ကြီးမားစွာ ထိခိုက်ပျက်ယွင်းစေနိုင်သည်။ ထိုအထဲတွင် ပင်လယ်ရေအောက်မြက်ခင်းပြင်များလည်း အပါအဝင်ဖြစ်သည်။ 

အဆုံးသတ်တွင် အက်ဂ်နက်စ် နှင့် သုတေသီများသည် သူတို့လေ့လာသည့် ဂေဟစနစ်အတွင်း အမ်ဖီပေါ့များမှာ ကီးစတုန်းမျိုးစိတ်များဖြစ်ကြောင်း အခိုင်အမာ သက်သေပြနိုင်ခဲ့ကြသည်။ 

“အလွန်သေးငယ်လှပါတယ်ဆိုတဲ့ ဒီအကောင်လေးတွေဟာ ကျွန်မတို့မသိဘဲ ကျွန်မတို့ရဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ထိန်းချုပ်ထားခဲ့တာပါ” ဟု အက်ဂ်နက်စ်က ဆိုသည်။ 

ဆန်စေ့အရွယ် သတ္တဝါလေးသည် အပြောကျယ်လှသည့် ပင်လယ်သမုဒ္ဒရာကြီး၏ အစာကွင်းဆက်ထဲတွင် အရေးအကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဗလမရှိသော်လည်း ဇ ရှိသည့် ကီးစတုန်းမျိုးစိတ်ဟု ခေါ်ရမည်ပင်။

အစာကွင်းဆက်တိုင်း၊ ဂေဟစနစ်တိုင်းတွင် မတူကွဲပြားသည့် ကီးစတုန်းမျိုးစိတ်များ ရှိနေနိုင်ပါသည်။ အချို့မှာ လူမသိ၊ သူမသိ ဖြစ်နေပါသေးသည်။ ၄င်းတို့ကို အလွယ်တကူ မတွေ့ရသော်လည်း တကယ်ရှိနေပြီး၊ ဂေဟစနစ်ကို တကယ်အကျိုးပြုနေကြပါသည်။ ထိုကဲ့သို့သောကီးစတုန်းမျိုးစိတ်များကို ရှာဖွေဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်းဖြင့် ဂေဟစနစ်နှင့် ကမ္ဘာမြေကို ဆက်လက်ထိန်းသိမ်းကာကွယ်ကြရမည် ဖြစ်ပါသည်။ 

သည်နေရာတွင် မေးစရာ မေးခွန်းတစ်ခု ထွက်ပေါ်လာနိုင်ပါသည်။ အရွယ်အစားကလည်း သေးငယ်၊ မျိုးစိတ်တွေကလည်းများ၊ ကျက်စားသည့် ဒေသကလည်း တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်လှသည့် အမ်ဖီပေါ့ကဲ့သို့သော မျိုးစိတ်များကို မည်သို့ ထိန်းသိမ်း ကာကွယ်ကြမည်နည်းဟူသည့် မေးခွန်းဖြစ်ပါသည်။ 

ထိုမေးခွန်း၏ အဖြေကို အက်ဂ်နက်စ်က သည်လိုဖြေပါသည်။ 

“သူတို့ကို ထိန်းသိမ်းဖို့ ခက်ခဲပေမယ့် သူတို့ရှင်သန်နေထိုင်ရာနေရာတွေကို ကျွန်မတို့ ထိန်းသိမ်းပေးနိုင်ပါတယ်။” 

အမ်ဖီပေါ့များက တစ်ကမ္ဘာလုံးအတိုင်းအတာထိ ကျယ်ပြန့်သော ဂေဟစနစ်ကို အကျိုးပြုနေပါလျှင် ၄င်းတို့နေထိုင်ရာ ပင်လယ်သမုဒ္ဒရာများနှင့်၊ ပင်လယ်ရေအောက်မြက်ခင်းပြင်များကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်ပါလိမ့်မည်။ 

အမ်ဖီပေါ့များသည် ဗလမရှိသော်လည်း ဇ ရှိသည့် ကီးစတုန်းမျိုးစိတ်များ ဖြစ်ပါသည်။ လူသားတို့သည်လည်း တစ်ဦးချင်းအနေဖြင့် ကမ္ဘာမြေကို ကယ်တင်ဖို့ ဗလမရှိသူများ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် ဇ ရှိအောင် ကြိုးပမ်းဖို့ တာဝန်ရှိပါသည်။ ကီးစတုန်းမျိုးစိတ်များအကြောင်းမှသည် အခြားသော ဂေဟဗေဒဘာသာရပ် အကြောင်းအရာများစွာတို့ အထိ၊ မိမိတို့ တတ်နိုင်သမျှ လေ့လာခြင်း၊ မိမိတို့ လေ့လာမိသလောက် ပြန်လည်မျှဝေခြင်း၊ လက်တွေ့ကျသောလုပ်ငန်းများတွင် တတ်စွမ်းသမျှ ပါဝင်ခြင်းဖြင့် မျိုးဆက်သစ်တို့အတွက် ပိုမိုသာယာကောင်းမွန်သည့် ကမ္ဘာမြေကို ချန်ထားနိုင်သည့် ဇ ရှိကြောင်း ပြသကြဖို့ လိုအပ်ပါသည်။ 

ခိုင်ကြည်သစ်

#keystonespecies_khaingkyithit


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်