စိုက်ပျိုးသုတ အောက်တိုဘာလ

01/10/2022 12:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

အောက်တိုဘာလသည် ဆောင်းသီးနှံများစိုက်ပျိုးရန် စတင်သင့်သည့်လ ဖြစ်သည်။ ဆောင်းသီးနှံများတွင် အဓိကသီးနှံများမှာ ပဲမျိုးစုံသီးနှံများနှင့် ဆီထွက်သီးနှံများ ဖြစ်သည်။ နှစ်စဉ်စိုက်ပျိုးသည်။

ပြည်ထောင်ချုပ်အနေဖြင့် ပဲမျိုးစုံသီးနှံများက ဧရိယာဧက(၇)သန်း ကျော်နှင့် ဆီထွက်သီးနှံများက ဧရိယာဧက (၃)သန်းကျော်ဖြစ်သည်။

စိုက်ပျိုးသည့်မြေများမှာ လယ်မြေ၊ ယာမြေနှင့် ကိုင်းကျွန်းမြေတို့တွင် ဖြစ်သည်။ ယခုအခါက သီးထပ်သီးနှံပုံစံချမှတ်စိုက်ပျိုးရေး အတွေ့အကြုံတွေ ရနေကြပြီ။ လယ်မြေမှာ မိုးစပါးရိတ်သိမ်းအပြီး စိုက်သည်။ ယာမြေမှာ မိုးသီးနှံများ ရိတ်သိမ်းအပြီး စိုက်သည်။ ကိုင်းကျွန်းမြေများတွင် မြစ်ရေ၊ ချောင်းရေကျချိန်တွင် စိုက်သည်။ အများ အားဖြင့် မြေတွင်းအစိုဓာတ်ကို အားကိုးပြီး စိုက်ပျိုးကြတာ ဖြစ်ပါသည်။

၁။ ဆောင်းသီးနှံများ

ပဲမျိုးစုံသီးနှံ

ပဲမျိုးစုံသီးနှံများသည် ပြည်တွင်းတွင်စားသုံးသည်သာမက နိုင်ငံခြားသို့တင်ပို့ ရောင်းချရန် စျေးကွက်အလား အလာကောင်းသည့် သီးနှံများဖြစ်သည်ဟု ဆိုချင်ပါသည်။

မတ်ပဲကို အဓိကပြည်ပတင်ပို့ရောင်းချသည်။ နိုင်ငံတကာ ဝယ်လိုအား များသည်။ ဝင်ငွေအများဆုံးရလျက်ရှိသည်။ ပဲတီစိမ်းမှ နှစ်စဉ် ပြည်ပသို့ တင်ပို့ရောင်းချသည့်ဝင်ငွေ ဒုတိယအများဆုံးရသည်။ ပဲပုပ်ကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့ရောင်းချသည်။ ပဲလွမ်းသည် ပြည်ပပို့ကုန်အမယ်တစ်မျိုးဖြစ်သည်။ အခြားပဲမျိုးစုံများဖြစ်သော ထောပတ်ပဲ၊ စွန်တာနီ၊ စွန်တာပြာ စသည်တို့ကလည်း ပြည်ပဝင်ငွေရရှိစေလျက်ရှိသည်။

ပဲမျိုးစုံသီးနှံများသည် အခြားသီးနှံများနှင့် နှိုင်းယှဉ်လျင် စိုက်ပျိုးကုန်ကျစရိတ် သက်သာသည်။ စိုက်ပျိုးရန် လွယ်ကူသည်။ ပဲမျိုးစုံသီးနှံများ၏အမြစ်များတွင်ရှိ မြစ်ဖု ဘက်တီးရီးယားများက လေထဲမှနိုက်တရိုဂျင်ကို ဖမ်းယူပေးသဖြင့် ဓာတ်မြေသြဇာ ထည့်သွင်းရမည့်ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ပါသည်။

ဖော်ပြပါ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွမ်း၊ ပဲပုပ်၊ ကုလားပဲတို့ကို ဒေသရေမြေအခြေအနေအရ အောက်တိုဘာလတွင် စတင်စိုက်ပျိုးရန် ဖြစ်ပါသည်။ ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးရာတွင် အဓိကလိုက်နာ ဆောင်ရွက်သင့်သည့်အချက်အချို့ကို ဖော်ပြလိုပါသည်။ 

  • ရာသီဥတုဒါဏ်၊ ပိုးမွှားရောဂါဒါဏ်ခံနိုင်သော မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။
  • အပင်ပေါက်(၈၅%)အထက်ရှိသည့် မျိုးကောင်းမျိုးသန့်များအသုံးပြုပါ။ 
  • မြေတွင်းအောင်းပိုး၊ ပင်စည်ထိုးပိုးနှင့် မျိုးစေ့ဆောင်ရောဂါများကို ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ပါ။ 
  • မျိုးစေ့ကို ပဲမျိုးအလိုက်သက်ဆိုင်ရာပဲမြစ်ဖုမြေသြဇာနှင့် သတ်မှတ်နှုန်းထားအတိုင်း ညွှန်ကြားချက်နှင့်အညီ လူးနယ်၍ စိုက်ပျိုးပါ။ 
  • မြေကြီး၏ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများတိုးပွားစေရန် ကောင်းစွာဆွေးမြည့်နေသော သဘာဝမြေသြဇာနှင့် သစ်စိမ်းမြေသြဇာများကို ထည့်သွင်းပေးပါ။
  • ဘက်စုံပိုးမွှားရောဂါကာကွယ်ရေးစနစ်များကို အသုံးပြုပါ။
  • စိုက်ပျိုးသည့်မြေနေရာတွင် ရေဝပ်ခြင်းနှင့် ရေနစ်မြုပ်ခြင်းမဖြစ်စေရန် ကြိုတင်စီမံထားပါ။ 
  • လက်ပေါင်းလိုက်ခြင်း၊ အတန်းလိုက်စိုက်ပါက ကြားပေါင်းလိုက်ခြင်း၊ ကြားတိုက်ခြင်း လုပ်ငန်းများကို စိုက်ပျိုးပြီး (တစ်လ) (ပန်းမပွင့်မီအချိန်)အတွင်း အပြီးဆောင်ရွက်ပါ။
  • ပဲမျိုးစုံသီးနှံရိတ်သိမ်းအပြီး ပဲမျိုးစုံသီးနှံထပ်မံ၍ သီးထပ်စိုက်ပျိုးခြင်းကို ရှောင်ပါ။

ဆီထွက်သီးနှံ

ဆန်ပြီးလျှင် အဓိကအရေးပါသော အခြေခံစားကုန်မှာ ဆီဖြစ်သည်။ ယခုအခါ စားသုံးဆီကို နှစ်စဉ်ဝယ်ယူတင်သွင်းနေရသည်။ သို့ဖြစ်၍ ပြည်တွင်းစားသုံးဆီဖူလုံရေးသည် အရေးပါလျက်ရှိရာ ဆီထွက်သီးနှံများကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေသင့်ပါသည်။

ဆီထွက်သီးနှံများတွင် ဆောင်းရာသီ၌ လယ်ယာကိုင်းကျွန်းမြေများတွင် နှစ်စဉ်အဓိကစိုက်ပျိုးလျက်ရှိသည်မှာ မြေပဲ၊ နှမ်း၊ နေကြာ တို့ဖြစ်သည်။ ဒေသရေမြေ အခြေအနေအရ ဆီထွက်သီးနှံများကို မိုးနှောင်းရာသီကပင် စတင်စိုက်ပျိုးခဲ့ကြသည်။ ယခုအောက်တိုဘာလတွင်လည်း ဆောင်းသီးနှံအဖြစ် ဆက်လက်စိုက်ပျိုးရန် ဖြစ်သည်။ ဆီထွက်သီးနှံများကို စိုက်ပျိုးရာတွင် အဓိကလိုက်နာဆောင်ရွက်သင့်သည့်အချက်အချို့ကို ဖော်ပြလိုပါသည်။

  • နေကြာသီးနှံစိုက်ပျိုးရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်မြေပြုပြင်၍ တန်းကြား၂ ပေ၊ ပင်ကြား ၉ လက်မထား၍ တစ်ကျင်းလျှင် ၂ စေ့ နှုန်း စိုက်ပျိုးပါ။
  • မျိုးစေ့ဆောင်နှင့် မြေဆောင်ရောဂါများ၊ မြေတွင်းအောင်းပိုးများ ကျရောက်မှုမှ ကာကွယ်ရန် မျိုးစေ့ကို သင့်တော်ရာ မှိုသတ်ဆေး သို့မဟုတ် ပိုးသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးပါ။
  • အပင်ပေါက်စုံပြီး ၁၄ ရက်သားတွင် တစ်ကျင်း တစ်ပင်ချန်၍ အပြီးသားခွဲပါ။
  • မြေပဲသီးနှံစိုက်ပျိုးရာတွင် မြေအောင်းရောဂါပိုးမွှားကာကွယ်ရန် မှိုသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးပါ။
  • မျိုးစေ့ကို မြေပဲမြစ်ဖုမြေသြဇာနှင့် သတ်မှတ်နှုန်းထားအတိုင်း လူးနယ်စိုက်ပျိုးပါ။ 
  • သဘာဝမြေသြဇာအားလုံးနှင့် ဖော့စ်ဖိတ်မြေသြဇာ၊ ပိုတက်ရှ်မြေသြဇာ(တစ်ဝက်) တို့ကို မြေပြင်စဉ်တွင်ထည့်ပါ။ နိုက်ထရိုဂျင်နှင့် ကျန်ပိုတက်ရှ်မြေသြဇာတို့ကို အပင်ကြီးထွားချိန် အစိုဓာတ်ရှိချိန်တွင် ထည့်သွင်းပါ။ 
  • ကယ်လ်ဆီယမ်(၇%) ပါဝင်သည့် လချေးတစ်ဧက(၁၅၀-၂၁၀ပေါင်)ခန့် အစိုဓာတ်ရှိချိန် စိုက်ပြီး (၃၀-၃၅) ရက်အတွင်း ထည့်သွင်းပါ။ 
  • နှမ်းလျင်သီးနှံသည် ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်သည်။ အပူချိန်လျော့နည်းသည့်ဒဏ်ကို ခံနိုင်ရည်မရှိပါ။ စိုက်ချိန်တွင် အပူချိန် ၂၀ ဒီဂရီကျော်သည့်ဒေသတွင်သာ စိုက်ပျိုးပါ။
  • မြေဆောင်ရောဂါများကာကွယ်ရန် မျိုးစေ့ကိုမှိုသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးပါ။
  • မူမှန်ရွက်(၆)ရွက်ထွက်ချိန်ဖြစ်သည့် အပင်သက်တမ်း (၂)ပတ်သားတွင် သားခွဲခြင်းလုပ်ငန်းကို ဆောင်ရွက်ပါ။

၂။ မိုးစပါးသီးနှံ

မိုးစပါးစိုက်ခင်းများတွင် စိုက်ချိန်စောပါက ရင့်မှည့်သည့်ကာလသို့လည်းကောင်း၊ အချို့မှာ မျိုးပွားပိုင်းကြီးထွားကာလသို့လည်းကောင်း ရောက်ရှိနေနိုင်သည်။ စပါးအပင် ကြီးထွားကာလအလိုက် အဓိကဆောင်ရွက်သင့်သည့်အချက်အချို့ကို ဖေါ်ပြလိုပါသည်။

 အထွက်ကောင်းစပါးစိုက်ခင်း

  • မျိုးပွားပိုင်း ကြီးထွားသည့်ကာလရောက်ရှိသည့်စပါးခင်းများတွင် အာဟာရချို့ယွင်းမှု မရှိစေရေးအတွက် နိုက်ထရိုဂျင်မြေသြဇာ ကျွေးပေးပါ။ တစ်နှံပါ စပါးစေ့အရေအတွက် (number of grains per panicle)များစေရန် ဖြစ်ပါသည်။
  • စိုက်ချိန်စောသည့် ရင့်မှည့်သည့်ကာလ(Ripening Phase)ကို ရောက်နေသော စပါးခင်းများ ရိတ်သိမ်းချိန်မှန်တွင် ရိတ်သိမ်းပါ၊ ရိတ်သိမ်းပြီးလျှင်ပြီးချင်း ချက်ချင်းချွေလှေ့ပါ။ အလေအလွင့်နည်းပါးစေရန် ဖြစ်ပါသည်။

မျိုးသန့်စပါးစိုက်ခင်း

  • ရင့်မှည့်ချိန်မတိုင်မီ မျိုးကွဲများကို ကုန်စင်အောင်ပယ်ပါ။
  • မရိတ်သိမ်းမီ ကွင်းဆင်းစစ်ဆေးမှုကို ခံယူပါ။
  • ကွင်းဆင်းစစ်ဆေးပြီး ရိတ်သိမ်းခွင့်ပြုပါက စနစ်တကျရိတ်သိမ်း၊ အခြောက်လှန်း၊ သန့်စင် သိုလှောင်ပါ။ 

ထပ်မံ၍ ဆောင်းသီးနှံများအတွက် အသိပေးလိုသည့် အဓိကနှစ်ချက်မှာ-

  • ဆောင်းသီးနှံများကို ပင်သေပင်ပျောက်ရှိနိုင်မှုကို ကြိုတင်တွက်ဆပြီး ရိတ်သိမ်းချိန်တွင် အပင်ဦးရေပြည့်မီနေအောင် စိုက်ပျိုးရန်၊
  • အောက်တိုဘာလတွင် မုတ်သုံဆုတ်ခွာသည်ဆိုသော်လည်း မိုးရွာသွန်းနိုင်မှု ရှိသေးသဖြင့် ဆောင်းသီးနှံစိုက်ခင်းများ အပင်ခြေရေဝပ်၍ ကြီးထွားမှုနှေးကွေးခြင်း၊ ပျက်စီးခြင်းတို့မဖြစ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် တို့ဖြစ်ပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်