စိုက်ပျိုးရေးအတွက် အသုံးတည့်လွန်းတဲ့ ပါလိုက်...

09/02/2023 09:41 AM တွင် Aye Aye Aye Aye မှ ရေးသား

ဖော့ကျောက်ဟုလည်း ခေါ်ကြသည့် ပါလိုက်(Perlite) သည် စိုက်ပျိုးရေးတွင် အသုံးတည့်သော သတ္တုတစ်မျိုးဖြစ်သည်။ သူ့ကို သိသူရှိသလို မသိသူလည်းရှိကြသည်။ ဆိုတော့ ပါလိုက်ဆိုတာဘာလဲ...ဘယ်ကနေဘယ်လိုဖြစ်လာသလဲ...ဘယ်လိုအသုံးဝင်တာလဲ?

ပါလိုက်ဆိုသည်မှာ...

အလေးချိန်ပေါ့သော၊ ပိုးသတ်ထားသော၊ ကိုင်တွယ်ရလွယ်ကူသော၊ ကြာရှည်ခံသော၊ အဖြူရောင် အဖြုန်းအစေ့ဆန်သော၊ စိုက်ပျိုးရေးတွင်အသုံးများသော သတ္တုတစ်မျိုးဖြစ်သည်။ ၎င်းတွင် (၇၀-၇၅ ရာခိုင်နှုန်း) ဆီလီကွန်ဒိုင်အောက်ဆိုဒ်ပါဝင်ပြီ ကျန်သည့် ၂၀-၂၅ ရာခိုင်နှုန်းကတော့ အလူမီနီယမ်အောက်ဆိုဒ်၊ ဆိုဒီယမ်အောက်ဆိုဒ်၊ ပိုတက်စီယမ်၊ အိုင်းယွန်း၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်နှင့် အစိုဓာတ်များ ပါဝင်နေခြင်းဖြစ်သည်။

ပလတ်စတစ်ဖော့ဖြူတုံးလေးများနှင့်တူသော်လည်း အမှန်တကယ် ကုန်ကြမ်းအနေနှင့်ကတော့ ရေပမာဏမြင့်မားစွာပါဝင်သော မီးတောင်ကျောက်သား (volcanic glass)များကနေ အခြေခံ ရရှိလာခြင်းဖြစ်သည်။

တူးဖော်ပြီး မီးတောင်ကျောက်များကို အပိုင်းပိုင်း ခွဲလိုက်ပြီး ၁၀၀၀ ဒီဂရီ ဆဲလ်စီးယပ်အထိ အပူ ပေးလိုက်လျှင် အစိုဓာတ်များ အငွေ့ပျံသွားပြီး ပြန့်ကားလာကာ ပေါက်ပေါက်ပုံသဏ္ဌာန် ပါလိုက်ဆိုသည်များ ဖြစ်လာခြင်းဖြစ်သည်။

စိုက်ပျိုးရေးတွင် ပါလိုက်၏အရေးပါပုံ

ပါလိုက်၏ ပြန့်ကားလာသောသဘာဝအရ အပေါက်ငယ်အများအပြားရှိစေ၍ ရေစုပ်ယူမှု ကောင်းသည်။ အလားတူ ရေစီးဆင်းမှုလည်း ကောင်းနေပြန်ခြင်းကြောင့် မြေဆွေးမြေဩဇာများ ပြုလုပ်ရာတွင် ရေမဝပ်ရအောင် ပါလိုက်ရောသုံးပေးခြင်းက အကောင်းဆုံးဖြစ်စေနိုင်သည်။

အိုးတွင် ထည့်စိုက်ရန်သုံးသော မြေသြဇာအရော(potting mix)  အများစုတွင် ပါလိုက် အနည်း ဆုံး(25%) ပါတတ်သည်။ ပါလိုက်သည် မျက်နှာပြင်ပေါ်တွင် ရေဓာတ်ထိန်းထားပြီး သူ့အတွင်းထဲတွင် လေကိုထိန်းထားပေးသည်။ ထို့ကြောင့် potting mix တို့သည် သိသိသာသာ ပေါ့နေပြီး ရေစီးဆင်းမှုကောင်းစေခြင်းနှင့်အတူ အပင်အမြစ်များအတွက် အောက်ဆီဂျင် ထောက်ပံ့ပေးနိုင်ခြင်း ဖြစ်သည်။ ထို့ပြင် ပါလိုက်သည် ဗာမီကူလိုက်ကဲ့သို့ ပိုးသန့်နေသလို ဓာတ်လည်းမပြုတော့နိုင်ခြင်းကြောင့် အန္တရာယ်ကင်းသော သတ္တုမျိုးလည်း ဖြစ်သည်။

ပါလိုက်အတွင်း ဖမ်းယူထားသောရေ အငွေ့ပျံသွားပြီးပါက ပါလိုက်သည် မူလအရွယ်အစားထက် (၇-၁၆)ဆ ပြန့်ကားလာပြီး သိပ်သည်းဆသည် မပြန့်ကားခင်ကထက် လျော့နည်းလာပါသည်။ ယင်းအချက်က အပင်ကိုင်းဖြတ်စိုက်ခြင်းနှင့် မျိုးစေ့မှ တိုက်ရိုက်စိုက်ခြင်းအပါအဝင် အပင်မျိုးပွားခြင်းတို့တွင် အထူးအသုံးဝင်စေပါသည်။ 

မြေဆွေးမြေသြဇာနှင့် ၅၀:၅၀ အချိုး ရောခြင်းဖြင့် ပါလိုက်သည် မြေဆီလွှာကိုလည်း ရေထိန်းပေးသည်။ မြေဆီလွှာကြားထဲတွင် လေဝင်လေထွက်ကောင်းအောင်လည်း ကူညီပေးသည်။ ထို့ကြောင့် နူးညံ့သောအပင်မြစ်များအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးပြီး အမြစ်ထွက်အား ကောင်းစေသည်။ 

ကိုင်းကူးကိုင်းဖြတ်စိုက်အပင်များသည် ပါလိုက်မြေခံချည်းတွင်လည်း အမြစ်ထွက်နိုင်သဖြင့် အစိုခံထားသောပါလိုက်တွင် ကိုင်းထိုးစိုက်ခြင်း ပြုလုပ်နိုင်ပါသည်။ 

အရွယ်အစားလိုက် ပါလိုက်၏လုပ်ဆောင်နိုင်စွမ်းများ

ပါလိုက်အရွယ်အစားကိုလိုက်၍ ရေထိန်းထားနိုင်မှု၊ လေဝင်လေထွက်နှင့် အသုံးပြုနိုင်သော အပင်အမျိုးအစားများ ကွာခြားနိုင်ပါသည်။

  • အရွယ်အစားအလွန်ကြီး(တစ်လက်မ၏ ၁/၄ မှ ၃/၃၂ အရွယ်ခန့်) ပါလိုက်သည် ရေထိန်းနိုင်မှု ၁၉ ရာခိုင်နှုန်းသာရှိနိုင်ပြီး လေဝင်လေထွက်အလွန်ကောင်းကာ ရေစီးဆင်းမှုမြင့်မားသည်။ ဥယျာဉ်ခြံများတွင်တော့ အသုံးနည်းပါသည်။
  • အရွယ်အစားအကြီးစား(တစ်လက်မ၏ ၃/၁၆ ခန့်မှ ၃/၆၄ အရွယ်ခန့်) ပါလိုက်ကတော့ ရေထိန်းထားနိုင်မှု ၃၄ ရာခိုင်နှုန်းထိရှိပြီး ရေစီးဆင်းစေနိုင်မှုလည်း မျှတပါသည်။ ဆက်ကူလန့်အပင်များနှင့်သစ်ခွပင်များအတွက် သင့်တော်သည့်အနေအထားဖြစ်သည်။
  • အလယ်အလတ်အရွယ်ပါလိုက် (တစ်လက်မ၏ ၁/၈ နှင့် ၁/၃၂ ကြား) ကတော့ ရေထိန်းထားနိုင်မှု ၄၆ ရာခိုင်နှုန်းထိရှိသည်။ အိုးနှင့်ထည့်စိုက်ရသည့်အပင်များနှင့်ပျိုးပင်ပေါက်များ အတွက် အကောင်းဆုံးအရွယ်အစားဖြစ်သည်။
  • အရွယ်အစားအသေးဆုံး(တစ်လက်မ၏ ၁/၁၆ မှ ၁/၁၂၈ ကြားအရွယ်) ပါလိုက်ကတော့ ရေထိန်းနိုင်စွမ်း ၅၂ ရာခိုင်နှုန်းထိရှိနိုင်ပြီး ကိုင်းဖြတ်စိုက်အပင်များ၊ မျိုးစေ့အညှောက်စဖောက်ခြင်းများအတွက် သင့်တော်ပါသည်။

ကောင်းကျိုးနှင့်ဆိုးကျိုးများ

ဘယ်အရာမဆို အကောင်းအဆိုးဒွန်တွဲနေသလို ပါလိုက်ကို အသုံးပြုရာတွင်လည်း ကောင်းကျိုး၊ ဆိုးကျိုးများ ရှိနိုင်ပါသည်။

ကောင်းသည့်အချက်များကတော့...

  • သူ့သဘာဝအရကိုက ပိုးသတ်ပြီးသားမျိုးဖြစ်၍ မျိုးစေ့အညှောက်ဖောက်ရာတွင် အမြစ်ပုပ်ခြင်း၊ ရိခြင်းများ ဖြစ်စေသည့်မှိုရောဂါများကို ကာကွယ်ပေးနိုင်ခြင်းဖြင့် အသုံးတည့်သည်။ 
  • အပင်ကြီးထွားမှုအတွက် လိုအပ်သည့်အာဟာရများ သဘာဝအတိုင်းပါဝင်နေသည်။
  • အဆိပ်အတောက်မဖြစ်စေသည့်အရာမျိုးဖြစ်၍ တချို့အရာတွေလို မသုံးခင် ရေဆေးပေးရခြင်းမျိုး မရှိပေ။
  • အယ်ကာလိုင်းဓာတ်မရှိသကဲ့သို့ အက်စစ်ဓာတ်လည်းမရှိခြင်းကြောင့် ၎င်းကိုအသုံးပြုထားပါက မြေအချဉ်၊ အငန်ကို ထိန်းညှိပေးရန်လည်း မလိုအပ်ပေ။ တခြားအရာများနှင့်ရောသုံးပါကလည်း မြေချဉ်ငန်ကိန်းကို ထိန်းညှိပေးပြီးသား ဖြစ်စေသည်။
  • သူချည်းသပ်သပ် သုံးနိုင်သလို တခြားအရာများနှင့်လည်း ရောသုံးနိုင်သည်။
  • မျိုးညှောက်ပေါက်ခြင်းကောင်းစေသလို ရွှေ့ပြောင်းစိုက်ရာတွင် အမြစ်များကို မထိခိုက်စေခြင်း ကြောင့် အပင်မျိုးပွားခြင်းများအတွက် အသုံးတည့်သည်။
  • ပြိုကွဲပျက်စီးသွားခြင်းမျိုးမရှိသည့်အတွက် တစ်နှစ်ပြီးတစ်နှစ် ပြန်လည်အသုံးပြုနိုင်သည်။
  • အလွယ်တကူ ထုတ်လုပ်ရရှိနိုင်သည်။

ဆိုးကျိုးများအနေနှင့်ကတော့...

  • ရေစီးဆင်းမှုကောင်းစေခြင်းကြောင့် ရေဝပ်ခြင်းကို မဖြစ်စေတော့သော်လည်း တစ်ဘက်တွင်တော့ ယင်းအချက်ကြောင့် ရေကို ကြာရှည်ထိန်းထားနိုင်စွမ်းတော့ မရှိတော့ပေ။
  • အလွန်ပေါ့လွန်းသောကြောင့် ရေကိုလိုအပ်သည်ထက် ပိုလောင်းမိပါက ရေနှင့်မျောပါသွားခြင်းမျိုး ဖြစ်နိုင်သည်။
  • အလွယ်တကူထုတ်​ယူရရှိနိုင်သော်လည်း မီးတောင်ကျောက်များကို အသုံးချရယူထားခြင်းဖြစ်၍ အုန်းခွံလိုမျိုး နောက်ထပ်အသစ်ပြန်လည် ရရှိနိုင်ခြင်းမျိုးတော့ မရှိေပ။
  • အမှုန်ထတတ်သောကြောင့် ကိုင်တွယ်ရာတွင် မရှူမိစေရန်၊ မျက်လုံးထဲမဝင်စေရန် မျက်မှန်၊ နှာခေါင်းကာများ အသုံးပြုသင့်သည်။
  • ရေဆုံးရှုံးမှုမြန်သောကြောင့် သူချည်းသီးသန့် အသုံးပြုပြီး အပင်စိုက်ပါက ထပ်ကာထပ်ကာ ရေလောင်းရန် လိုအပ်ပါသည်။ 

အချုပ်အားဖြင့်ဆိုပါက ပါလိုက်သည်...

  • ပတ်ဝန်းကျင်တွင် အိတ်ထုပ်အရွယ်အစားအမျိုးမျိုးနှင့် ဝယ်ယူရရှိနိုင်ပါသည်။
  • ရေစိမ့်ဝင်နိုင်မှု မြင့်မား၍ ရေထိန်းထားနိုင်မှု ကောင်းသလို ရေစီးဆင်းမှုလည်း ကောင်းစေသည်။
  • အလေးချိန်လည်း အလွန်ပေါ့သောကြောင့် သယ်ယူရ လွယ်ကူသည်။
  • ဥယျာဉ်ခြံသီးနှံများ၊ ပန်းခြံများအတွက် မြေဆီလွှာအာဟာရဖြည့်စွက်ခြင်း၊ မြေမဲ့စိုက်ပျိုးခြင်း၊ ကိုင်းဖြတ်စိုက်ခြင်းတို့တွင် အလွန်အသုံးဝင်သည်။
  • ရွှံ့စေးဆန်သောမြေများတွင် ဖြည့်စွက်အသုံးပြုပါက မြေကျပ်ခြင်းကို ရှောင်ရှားနိုင်သည်။

ထို့ကြောင့်လည်း ပါလိုက်သည် စိုက်ပျိုးရေးတွင် အမှန်တကယ်အသုံးတည့်သော သတ္တုတစ်မျိုး ဖြစ်နေရခြင်းဖြစ်ပါသည်။

Ref: 

https://bit.ly/3JT3928

https://bit.ly/3YxvwqQ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်