ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၁)

28/06/2023 11:00 AM တွင် Aye Aye Aye Aye မှ ရေးသား

 

ပိုတက်စီယမ် (K) ဆိုတာ လက်တင်ဘာသာစကား [kalium] ကနေ ဆင်းသက်လာပြီး အယ်လကာလီ [alkali]ဆိုပြီး အဓိပ္ပာယ်သက်ရောက်ပါတယ်။ ငန်တဲ့ဂုဏ်သတ္တိရှိပါတယ်။ အင်္ဂလိပ်အမည် ပိုတက်ရှ်ဆိုတဲ့ စကားလုံးကတော့ ပိုတက်စီယမ်ဆားအမျိုးမျိုးကို ထုတ်ယူတဲ့ နည်းလမ်းကို ရည်ညွှန်းပါတယ်။

ရှေးတုန်းကတော့ ထင်းကို မီးရှို့ပြီးရလာတဲ့ပြာကို ရေဖျော်ကာ အိုးထဲထည့်ပြီး အပူပေး၊ အငွေ့ပျံစေတဲ့နည်းနဲ့ ပိုတက်စီယံ အရင်းအမြစ်ကို ရရှိကြတယ်လို့ဆိုပါတယ်။

၁၈၀၇ ခုနှစ်မှာ Sir Humphry Davy ဆိုသူက ပိုတက်စီယမ်ဓာတ်ပါဝင်တဲ့ ဓာတ်ပေါင်းကို လျှပ်စစ်သုံးဖြိုခွဲခြင်း (electrolysis) ဖြစ်စဉ်နဲ့ ဖြတ်တောက်လိုက်တဲ့အခါ တောက်ပတဲ့ငွေရောင်ပိုတက်ဆီယမ်ကို ပထမဆုံး တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ ငွေရောင်ပိုတက်စီယမ်လေးဟာ လေနဲ့ထိတွေ့လိုက်တဲ့အခါ ဓာတ်ပြုပြီး အောက်ဆိုဒ်အဖြစ် ပြောင်းလဲသွားကာ မီးခိုးရောင်ပြောင်းသွားပါတယ်။

ပိုတက်စီယမ်ဓာတ်ဟာ စိုက်ပျိုးပင်တွေ၊ လူ၊ တိရစ္ဆာန်တွေရဲ့ အာဟာရအတွက် အရေးပါသလို အခြားထုတ်ကုန်တွေမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။

ပိုတက်စီယမ်အရင်းအမြစ်တွေ ဘယ်ကရလဲ…

စီးပွားဖြစ်အသုံးပြုနေတဲ့ ပိုတက်ရှ်အနည်တွေ အားလုံးဟာ တိမ်‌ကောနေတဲ့ ရှေးပင်လယ်တွေ (Ancient seas)၊ ဆားငန်ကန်တွေ၊ ဆားငန်ရည်တွေ(brines)၊ မြေအောက်မှာရှိတဲ့ အနည်ကျသတ္တုရိုင်းတွေကနေ ထုတ်လုပ်ရရှိပါတယ်။

အနည်ကျသတ္တုရိုင်းအများစုဟာ မြေအောက်အနက်( ပေ ၃၀၀၀ကျော်)မှာ ရှိတာကြောင့် အပေါ်ယံမျက်နှာပြင်ကနေ တူးဖော်လို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဥမင်လိုဏ်ခေါင်းတွေပြုလုပ်ပြီး တူးဖော်တာ(Shaft mining)၊ အခြားဖျော်ရည်ပစ္စည်းတွေ အသုံးပြုပြီး ရရှိလာတဲ့ ပိုတက်အရည်ထုတ်လုပ်ယူတာ(Solution mining) စတဲ့နည်းစနစ်တို့နဲ့ စီးပွားဖြစ် ထုတ်လုပ်နေကြပါတယ်။

နောက် ပင်လယ်သေတွေ၊ ဆားငန်ကန်တွေကနေတော့  အငွေ့ပျံနည်းနဲ့ ထုတ်လုပ်ကြပါတယ်။ ယခုမျက်မှောက်ချိန်မှာဆိုရင် ကမ္ဘာတစ်ဝန်း တစ်နှစ်မှာ တန်ပေါင်း သန်း ၃၀ ကျော် ထုတ်လုပ်နေပါတယ်။

 

ပုံ - တွေ့ရများသည့် ပိုတက်စီယမ်ဓာတ်ပါဝင်သော သတ္တုများ

ပိုတက်စီယမ်ဆာလဖိတ်ကို mineral langbeinite ကနေ ထုတ်လုပ်နိုင်ပြီး ပိုတက်စီယမ်ကလိုရိုက်ကိုတော့ ဆာလဖြူရစ်အက်စစ်နဲ့ အပူချိန်မြင့်မြင့်မှာ ဓာတ်ပြုပြီး ထုတ်လုပ်နိုင်ပါတယ်။  မဂ္ဂနီဆီယမ်ဆားကို ပိုတက်စီယမ်ဆာလဖိတ်နဲ့ ပေါင်းပြီးလည်း ပိုတက်စီယမ်-မဂ္ဂနီဆီယမ်အခဲကွန်ပေါင်းအဖြစ် ထုတ်လုပ်အသုံးပြုနိုင်ပါတယ်။

ထုတ်လုပ်ရရှိတဲ့ အရွယ်အစားအလိုက် စံသတ်မှတ်ပြီး အခဲ၊ အမှုန့်၊ အရည်ဖျော်အနေနဲ့ ပုံစံမျိုးစုံ ဖြန့်ဖြူးနေကြပါတယ်။ အခဲကိုတော့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်တို့နဲ့ရောစပ်ပြီး အပင်က လိုအပ်တဲ့ အာဟာရတွေကို တစ်ပြိုင်နက်ရရှိအောင် ကွန်ပေါင်းအနေနဲ့ ပြုပြင်ထုတ်လုပ်ရောင်းချနေတာကို အပြင်မှာ တွင်တွင်ကျယ်ကျယ် တွေ့ရပါတယ်။

ပုံ - ပိုတက်စီယမ် ထုတ်လုပ်မှု ဖြစ်စဉ်  

ပုံ - နိုက်ထရိုဂျင်၊ဖော့စဖောရပ်၊ ပိုတက်စီယမ် ထုတ်လုပ်မှုဖြစ်စဉ်   

အပိုင်း (၂) မှာတော့ ' ပိုတက်စီယမ်ကို ဘယ်နိုင်ငံတွေကနေ အများဆုံးထုတ်နေသလဲ' ' မြေသြဇာတွေမှာ ပိုတက်စီယမ် ပါဝင်ကြောင်း ဘယ်လိုသိနိုင်မလဲ' 'အော်ဂဲနစ်ပိုတက်စီယမ်အရင်းအမြစ်တွေက ဘာတွေလဲ' ' စိုက်ပျိုးရေးမှာ ဘယ်လိုအသုံးပြုသလဲ' 'အပင်တွေက ဘယ်လိုရယူအသုံးပြုကြလဲ' ဆိုတာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်