ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၂)

30/06/2023 13:00 PM တွင် Aye Aye Aye Aye မှ ရေးသား

ပိုတက်စီယမ် ထုတ်လုပ်နိုင်ငံများ

ပိုတက်စီယမ်ကို သတ္တုတွင်းတွေကနေ တူးဖော်ပြီးတော့ ကမ္ဘာတစ်ဝှမ်း ဒေသတော်တော်များများမှာ ထုတ်လုပ်နေကြပါတယ်။ ထုတ်လုပ်နိုင်တဲ့ အဆင့်အလိုက် အများဆုံးထုတ်လုပ်နေတဲ့ နိုင်ငံတွေကို ဖော်ပြပေးလိုက်ပါတယ်။

မြေသြဇာတွေမှာ ပိုတက်စီယမ် ပါဝင်ကြောင်း ဘယ်လိုသိနိုင်မလဲ…

ပိုတက်စီယမ်ဆိုတာ နိုက်ထရိုဂျင်နဲ့ ဖော့စဖောရပ်တို့လို အများလို အာဟာရဓာတ်ထဲမှာ ပါဝင်ပါတယ်။  မြေသြဇာထုတ်တွေမှာ အချိုး (N:P:K) ကြည့်ပြီး ပိုတက်ဆီယမ်ရဲ့ ပမာဏကို သိနိုင်ပါတယ်။

10:12:22 အချိုးပါဝင်တဲ့ မြေသြဇာမှာဆိုရင် ၁၀ ရာခိုင်နှုန်းက နိုက်ထရိုဂျင်၊ ၁၂ ရာခိုင်နှုန်းက ဖော့စ‌ဖောရပ်နဲ့ ၂၂ ရာခိုင်နှုန်းက ပိုတက်စီယမ် ဖြစ်ပါတယ်။ ၁၅ ပတ်လည်မြေသြဇာလို့ ခေါ်တဲ့  ကွန်ပေါင်းမြေသြဇာမှာဆိုရင်တော့ ဒီအာဟာရ(၃) မျိုးတို့က ၁၅ ရာခိုင်နှုန်းစီ ပါရှိနေတာ ဖြစ်ပါတယ်။

ပိုတတ်စီယမ် အထူးပြု ထုတ်ထားတဲ့ မြေသြဇာထုတ်တွေမှာတော့ အချိုးပိုပါကြပါတယ်။ တချို့မြေသြဇာထုတ်တွေမှာတော့ K2O  အနေနဲ့ ဖော်ပြထားတာမျိုးလည်း တွေ့ရတတ်ပါတယ်။ ဥပမာ - N:P2O5:K2O (13:11:21) ပတ်လည်မြေဩဇာမှာဆိုရင် ယေဘုယျအားဖြင့် ပိုတက်ဆီယမ်ပမာဏ ၂၁ ရာခိုင်နှုန်း  ပါရှိတာဖြစ်ပါတယ်။

အော်ဂဲနစ်ပိုတက်စီယမ်အရင်းအမြစ်

အော်ဂဲနစ်မြေသြဇာတော်တော်များဟာဆိုရင် ပိုတက်စီယမ် အာဟာရဓာတ် အရင်းအမြစ်တွေဖြစ်ကြပါတယ်။

ငှက်ပျောခွံ၊ သခွားသီးခွံ၊ ပြာနဲ့ သစ်သားပြာ၊ နှစ်ချို့တိရစ္ဆာန်မြေသြဇာ၊ သစ်ရွက်ဆွေးမြေသြဇာ၊ အယ်လ်ဖာဖာပဲအတောင့် (alfalfa pellets)၊ ပင်လယ်ရေမှော်က ရတဲ့မြေသြဇာ (Kelp meal)၊ ကော်ဖီမှုန့်၊ လက်ဖက်ရွက်၊ ကွန်ဖရေးပင် (Comfrey)၊ ပင်လယ်ငှက်နဲ့ လင်းနို့ချေး (guano) တို့ဟာ ပိုတက်ဆီယမ် အရင်းအမြစ်တွေ ဖြစ်ကြပါတယ်။

သဘာဝအရင်းအမြစ်တွေကို လွှင့်ပစ်မယ့်အစား ဓာတုမြေသြဇာအစားထိုး အကျိုးရှိရှိ အသုံးချပြီး ကုန်ကျစရိတ်လျော့ချနိုင်သလို စိုက်မြေကိုလည်း ပြုပြင်ရာ ‌ရောက်ပါတယ်။ သဘာဝအရင်းအမြစ်တွေ ဖြစ်တာကြောင့် စိုက်ကွင်းပြင်မှာတင်မက အိမ်တွင်းတနိုင်တပိုင်စိုက်ခင်းတွေမှာ၊ အိမ်တွင်းအလှစိုက်အပင်လေးတွေရဲ့ မြေခံမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

စိုက်ပျိုးရေးမှာ အသုံးပြုပုံ

ပိုတက်စီယမ်ဟာ အငန်ဓာတ်ရှိတဲ့ အာဟာရဓာတ်တွေထဲက တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ လယ်/ယာသီးနှံတွေ၊ ဥယျာဉ်ခြံသီးနှံတွေနဲ့ မြေမဲ့စိုက်ပျိုး‌ရေး (hydroponic) တို့မှာ အပင်ကြီးထွားဖို့၊ ရောဂါဒဏ်ခံနိုင်ဖို့၊ ရေထိန်းအားကောင်းဖို့၊ အထွက်နှုန်းတိုးဖို့ ပိုတက်ကို ထည့်သွင်းအသုံးပြုကြပါတယ်။

ပိုတက်စီယမ်ကလိုရိုက် (KCl)၊ ပိုတက်စီယမ်ဆာလဖိတ်(K2SO4) ၊ ပိုတက်စီယမ်နိုက်ထရိတ်(KNO3)၊ ပိုတက်စီယမ်-မဂ္ဂနီဆီယမ်၊ ကွန်ပေါင်းမြေသြဇာ (NPK) အနေနဲ့ အသုံးပြုနေကြပါတယ်။

ကမ္ဘာ့ပိုတက်စီယမ်ထုတ်လုပ်မှုရဲ့  ၉၅ရာခိုင်နှုန်းကို စိုက်ပျိုးမြေသြဇာတွေအနေနဲ့အသုံးပြုနေပြီးတော့ အဲ့ဒီထဲမှာမှ ၉၀ ရာခိုင်နှုန်းခန့်ဟာ (KCl) အနေနဲ့ ထုတ်လုပ်အသုံးပြုကြတာဖြစ်ပါတယ်။ သို့ပေမဲ့ ကလိုရိုက်ကို  မကြိုက်နှစ်သက်တဲ့ စိုက်ပျိုးပင်တွေ (သို့) ဆာလဖာလိုအပ်တဲ့ သီးနှံတွေမှာဆိုရင်တော့ ပိုတက်စီယမ်ဆာလဖိတ်ကို အသုံးပြုကြပါတယ်။

ခေတ်သစ်အထွက်နှုန်းကောင်းတဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ အလွန်အမင်း စိုက်ပျိုးထုတ်နေပြီဆိုရင် ဒီစိုက်မြေတွေဆီက ပိုတက်စီယမ်အာဟာရဓာတ်လည်း ရယူအသုံးပြုနေတာ ဖြစ်တာကြောင့် ပြန်လည်ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။

အပင်တွေက ရယူအသုံးပြုပုံ

ပိုတက်အာဟာရဓာတ်ဟာ မြေအများစုမှာ ရွေ့လျားနိုင်မှု ကန့်သတ်ခံထားရပါတယ်။ ဓာတ်ဖိုဖလှယ်တဲ့ နေရာတွေမှာ soil colloids တွေကနေ ထိန်းထားတတ်တာကြောင့် ဖြစ်ပါတယ်။ သို့ပေမဲ့ သူက ရေမှာ အလွန်ပျော်ဝင်နိုင်တာကြောင့် ရေသွင်းစနစ်တွေမှာ အသုံးပြုဖို့ သင့်လျော်ပါတယ်။

ပိုတက်ကို အပေါ်ကနေ ပတ်ကြဲကျွေးနိုင်သလို မြေထဲလည်း ထည့်ကျွေးနိုင်ပါတယ်။ K+ ပုံစံနဲ့ အပင်က ရယူပါတယ်။ ပိုတက်စီယမ်ဟာ အပင်တို့ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေဖြစ်တဲ့ အလင်းမှီစုအစာဖွဲ့စည်းတာတွေ( အစာချက်လုပ်တာ)၊ ပရိုတင်းဖြစ်ပေါ်တာတွေအတွက် အ‌‌ရေးပါပါတယ်။ ပိုတက်အာဟာရက အပင်တွေမှာ လုပ်ဆောင်ချက်အားလုံးကို ကူညီထောက်ပံ့ပေးတယ်လို့ ဆိုရမှာပါ။

အပင်ရဲ့အရွက်တွေမှာရှိတဲ့ စတိုမာတာအဖွင့်အပိတ်ကိုလည်း ထိန်းညှိပေးပြီးတော့ ရေကိုထိထိရောက်ရောက် အသုံးပြုစေတယ်၊ ရေငတ်ဒဏ်ခံနိုင်စေတယ်၊ ပိုမွှား၊ ရောဂါကျရောက်တဲ့  ဒဏ်ခံနိုင်စေတယ်၊အမြစ်ထွက်အားကောင်းစေတယ်၊ အပင်တွေ မြန်မြန်ကြီးထွားစေတယ်၊ တုတ်ခိုင်စေတယ်၊ အထွက်တိုးစေတယ်။

လိုရင်းပြောရရင် ပိုတက်ဟာ အပင်တွင်း လုပ်ဆောင်ချက်တွေမှာ အရေးပါတာကြောင့် သီးနှံအထွက်နှုန်းနဲ့ အရည်အသွေးတွေပေါ်မှာ တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။

ရွက်ဖျန်းအနေနဲ့ အသုံးပြုခြင်းဖြင့်လည်း စိုက်မြေကနေ ထည့်ကျွေးတာကို ဖြည့်စွက်ပေးပါတယ်။

စိုက်ပျိုးပင်တွေကို ရွက်ဖျန်းအနေနဲ့ အသုံးပြုမယ်ဆိုရင် ပတ်ဝန်းကျင်ဖိစီးမှုဒဏ် သက်သာစေတယ်၊ စိုက်ရာသီအလယ်ပိုင်း အာဟာရချို့တဲ့တာကို လျှော့ချပေးပြီး အပင်က အလိုအပ်ဆုံးအချိန်မှာ ဖြည့်စွက်ကျွေးနိုင်ပါတယ်။ အထူးသဖြင့် ပုံမှန်မဟုတ်တဲ့ ရာသီဥတုအခြေအနေမှာ အပူ၊ အအေး၊ ပိုးမွှားတွေက သယ်ဆောင်လာတဲ့ ရောဂါအမျိုးမျိုးကို ကာကွယ်ပေးပါတယ်။ အပင်ရဲ့ အစာကြော၊ရေကြောမှာ အာဟာရနဲ့ရေပို့ဆောင်ပေးရာမှာလည်း ကူညီပေးပါတယ်။ 

အပင်တွေမှာ ပိုတက်စီယမ် ချို့တဲ့မယ်ဆိုရင်…  

အပင်က အခြားမရှိမဖြစ် လိုအပ်တဲ့ အာဟာရတွေ အသုံးပြုနိုင်ဖို့ ပိုတက်လိုလောက်တဲ့ ပမာဏ ကျွေးပေးဖို့ လိုအပ်ပါတယ်။ အာဟာရဓာတ်မျှခြေ အခြေအနေရှိမှ  အပင်တွေက အာဟာရကိုကို ထိထိရောက်ရောက် အသုံးပြုနိုင်မယ်၊ ကျန်းကျန်းမာမာ ကြီးထွားဖွံ့ဖြိုးပါမယ်။ 

သဲဆန်တဲ့မြေ၊ ဖွယ်တဲ့မြေတွေမှာ ပိုတက်ဟာ အလွယ်တကူပျော်ဝင်ပြီး စိမ့်ထွက်သွားတတ်တာကြောင့် ဒီမြေတွေမှာ စိုက်ပျိုးတဲ့အပင်တွေက ချို့တဲ့လက္ခဏာတွေ ပိုတွေ့ရတတ်ပါတယ်။ ထို့အတူပဲ မြေစေးလွန်းရင်လည်း ချို့တဲ့တာတွေ တွေ့ရတတ်ပါတယ်။ အပင်က ပိုတက်အာဟာရ မလုံလောက်တော့ဘူးဆိုရင် ပုံမှန်အလုပ်လုပ်ဆောင်တာတွေ နှေးသွားပြီး နောက်ဆုံးအထွက်နှုန်းကို ထိခိုက်လာပါတယ်။

ပိုတက်ဟာ မြေဆီလွှာအတွင်းမှာ ရွေ့လျားနိုင်မှု အားနည်းပေမယ်လို့ အပင်အတွင်းမှာ ရွေ့လျားနိုင်တာကြောင့် ချို့တဲ့လက္ခဏာစပြပြီဆိုရင် အောက်ရွက်တွေ(အထူးသဖြင့်အရွက်ရင့်တွေ)မှာ အညိုစက်တွေ၊ ရွက်ကြောဝါတာ၊ ညိုတာတွေ တွေ့ရတတ်ပါတယ်။

ရွက်ကြောတွေကြားမှာ အရောင်ပြယ်တာတွေ၊ အရွက်ထိပ်လိပ်တာတွေ၊ အနားတွေ အညိုရောင်နေလောင်တာတွေ၊ အရွက်အောက်မျက်နှာပြင်မှာ ခရမ်းရောင်အစက်တွေဖြစ်တာတွေ တွေ့လာရပါတယ်။ နောက်ဆက်တွဲအနေနဲ့ ရောဂါကျရောက်တာ၊ အအေးဒဏ်တို့ကို ခံနိုင်ရည်မဲ့လာပြီး အပင်ကြီးထွားတာ၊ အမြစ်ဖွံ့ဖြိုးတာတွေ အားနည်းလာပါတယ်။ အသီးတင်တာ၊ အစေ့တည်တာတွေအထိ ထိခိုက်လာစေပါတယ်။

ဥပမာ- အာလူးပင်တွေမှာ အရွက်တွေ မှိုင်းလာပြီး စိမ်းပြာရောင် ဖြစ်လာမယ်။ အရွက်တွေ သေးလာပြီး အကြောကြားတွေမှာ အရောင်ပြယ်လာမယ်။ အောက်မျက်နှာပြင်မှာ အညိုစက်တွေ ဖြစ်လာမယ်။ အဥအရွယ်အစားသေးလာပြီး အထွက်နှုန်း ကျဆင်းလာပါတယ်။ 

တစ်ဖက်မှာလည်း တန်ဆေးလွန်ဘေးဖြစ်တာကြောင့် ပိုတက်စီယမ်မြေသြဇာကို အများကြီးမသုံးမိဖို့လည်း ဂရုစိုက်ရပါမယ်။ ပိုတက်မထည့်ကျွေးခင် မြေဆီလွှာနဲ့ အပင်သစ်ရှူးတွေကို စစ်ဆေးပြီးမှ လိုသလောက်ပမာဏကို အသုံးပြုသင့်ပါတယ်။ မိမိစိုက်ပျိုးမြေရဲ့ မြေချဉ်/ငန်ဓာတ်ကို သိထားဖို့ လိုပါတယ်။

ပိုတက်စီယမ်များလွန်းတာက အပင်ကို တိုက်ရိုက်မသက်ရောက်ဘဲ အခြားအာဟာရဓာတ်တွေဖြစ်တဲ့ ကယ်လဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ အပင်က ရယူနိုင်မှုကို ကန့်သတ်ပြီး ဒီအာဟာရတွေရဲ့ ချို့တဲ့မှု လက္ခဏာကို တွေ့ရစေပါတယ်။

ပိုတက်စီယမ်မြေသြဇာအကြောင်း တစေ့တစောင်းသိရှိရပြီး……

တောင်သူဦးကြီး၊ တောင်သူမယ်များအားလုံး သီးနှံအထွက်တိုး၊ ဝင်ငွေတိုးပြီး စီးပွားရေးအဆင်ပြေနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက်…..

ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၁) ကိုတော့ အောက်ပါလင့်ကနေ ဖတ်ရှုနိုင်ပါတယ်။

https://greenwaymyanmar.com/posts/Potassium_sources_and_Production

ကိုးကားချက်

https://www.valcogroup-valves.com/applications-for-industrial-valves/

https://en.wikipedia.org/wiki/Potassium_deficiency_(plants)

Potassium Fertilizer Production and Technology (ipni.net)

22 Best Organic Potassium Fertilizer - Life and Agri

https://hydrobuilder.com/learn/potassium-k-nutrient-deficiencies/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်