စပါးနီတိုပြဿနာ လေ့လာစရာ

29/05/2020 12:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စပါးစိုက်ပျိုးတဲ့ နိုင်ငံဖြစ်တာနဲ့ အမျှ နှစ်စဥ်ဆက်တိုက် စိုက်ပျိုးလာရင်းနဲ့ စပါးပင် ပင်ပွားနည်းလာတာတွေ၊ အရွက်တွေမှာ သံချေးရောင် အစင်းတွေ ဖြစ်လာတာတွေနဲ့ အပင်တွေ ကြီးထွားမှုနည်းပြီး အပင်ပုလာတာတွေ စတဲ့ လက္ခဏာတွေ ဖြစ်လာပြီး ၎င်းအခြေအနေကို တောင်သူဦးကြီးတွေအနေနဲ့ စပါးနီတို ဖြစ်ခြင်းလို့ ခေါ်ဆိုကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စပါးနီတို ဘာကြောင့်ဖြစ်တယ်။ ဘယ်လို ကာကွယ်နိုင်တယ်ဆိုတာကို ဦးကြီးတို့ လေ့လာကြရမှာ ဖြစ်ပါတယ် ခင်ဗျ။

စပါးနီတို ဘာကြောင့်ဖြစ်သလဲ

လယ်မြေတွေမှာ အချိန်ကြာမြင့်စွာ ရေဝပ်ခြင်း၊ မြေဆီလွှာအောက်တွင် မပုပ်မဆွေးသော အပင်အကြွင်းအကျန်များ ရှိနေခြင်း၊ အပင်အကြွင်းအကျန်များ မဆွေးမြေ့ခင် တမန်းညှိသောအခါ မြေအောက်တွင် ရှိသော မြေချဥ်များ တက်လာပြီး အပင်အားထိခိုက်ခြင်း၊ ကန့် (ဆာလဖာဓာတ်) ရှိခြင်း၊ သစ်ဆွေးဓာတ်များပြားခြင်း၊ မြေဆီလွှာတွင် သံဓာတ်ပါဝင်မှု များပြားခြင်း၊ မစိုက်ခင် အကြိမ်ကြိမ် ထွန်ယက်ပြုပြင်ခြင်းကြောင့် တမန်းအတွင်း ကျွံကာ စပါးပင်အမြစ်များ အောက်စီဂျင်မရသဖြင့် အမြစ်ပုပ်ခြင်း၊ အပေါ်ယံ မြေသားပါးပြီး အောက်ခံမြေတွင် ဂဝံလွှာရှိခြင်း စသည့် အခြေအနေများကြောင့် စပါးနီတို ဖြစ်ပေါ်လာရပါတယ်။

အပင်အားထိခိုက်မှု

လယ်မြေမှာ အချိန်ကြာမြင့်စွာ ရေဝပ်ပြီး မြေအောက်မှာလည်း မပုပ်မဆွေးတဲ့ အပင်အကြွင်းအကျန်တွေ ရှိနေမယ်ဆိုရင် ၎င်းတို့ကနေ အဆိပ်ငွေ့တွေ ထွက်လာပြီး သံဓာတ်တွေဟာ ရေထဲမှာ ပျော်ဝင်သွားကြပါတယ်။ ထို့နောက် စပါးရွက်တွေထဲမှာ သံဓာတ်တွေ စုပုံလာမယ်၊ အမြစ်တွေကလည်း ကောင်းကောင်းအလုပ် မလုပ်နိုင်ကြတော့တဲ့ အပြင် တီစူပါ၊ ပိုတက်နဲ့ အခြား အာဟာရဓာတ်တွေကိုလည်း မစုပ်ယူနိုင်တော့ပါဘူး။ အပင်ကြီးထွားမှုနှေးလာပြီး ပင်ပွားထွက်ရှိမှုလည်း နည်းလာပါမယ်။ စပါးရွက်တွေမှာလည်း ထိပ်ကနေ စပြီးအောက်အထိ အညိုရောင် အစက်တွေ ဖြစ်လာမယ်။ အရွက်ရဲ့ အရောင်ဟာလည်း လိမ္မော်ရောင်ကနေ အညိုရောင်ပြောင်းလာပါမယ်။ အပင်ကိုနုတ်ကြည့်လိုက်ပါကလည်း အမြစ်မှာ မသန်စွမ်းသလို သံချေးရောင်တွေ့ရပြီး နမ်းကြည့်ပါကလည်း သံချေးနံ့ ရမှာ ဖြစ်ပါတယ်။ စပါးခင်းကို အဝေးကနေလှမ်းကြည့်လိုက်ရင် တစ်ခင်းလုံး နီတိုဖြစ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။

ဘယ်လိုကာကွယ် ကြမလဲ

စပါးပြီး စပါး ဆက်တိုက်စိုက်ပျိုးခြင်းဟာ နီတို လက္ခဏာကို ပိုအားပေးရာ ရောက်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် သီးလှည့်စိုက်ပျိုးကြည့်ပါ။ စပါးနီတို ဖြစ်ပွားတတ်တဲ့ စိုက်ခင်းတွေကို နွေထယ်ရေးလှန်ပြီး ထယ်ရေးပက်လက်ထားတာ၊ မြေအခြောက်ခံတာလည်း အကျိုးရှိပါတယ်။ သဘာဝမြေသြဇာ ထည့်ရင် နီတိုလက္ခဏာ ပိုဆိုးတာကြောင့် နီတို ဖြစ်တတ်တဲ့ စိုက်ခင်းတွေကို သဘာဝ မြေသြဇာ မထည့်ဖို့လိုပါတယ်။ မြေပြင်တဲ့ အချိန်မှာ ရိုးပြတ်တွေ၊ ပေါင်းမြက်တွေကို ကင်းစင်အောင် ကောက်ယူရပါမယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်း ထယ်ရေး ထွန်ရေး နက်ရင်လည်း အပင်အတွက် ထိခိုက်နိုင်တာကြောင့် သတိပြုရပါမယ်။ မြေပြင်ချိန်မှာ ပိုတက်၊ တီစူပါထည့်ပေးနိုင်ရင် ပိုကောင်းပါတယ်။ စက်ဖွဲပြာမှာ ဆိုရင် ပိုတက်ဓာတ်ပါရှိတာကြောင့် အသုံးပြုလို့ ရပါတယ်။ စပါးငယ်စဥ်မှာ နီတိုဒဏ်ကို မခံနိုင်တာကြောင့် တိုက်ရိုက်ချစိုက်ခြင်းနှင့် ကြဲခင်းများ မလုပ်သင့်ပါဘူး။ ပျိုးသက် ၃၀ ထက်မနည်းဘဲ စိုက်ပျိုးနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။ စပါးကောက်ပင်လှန်ချိန်ကစပြီး နှစ်ကြိမ်ခန့် သမန်းနှိုးပေးမယ် ဆိုရင် သမန်းထဲမှာ ရှိနေတဲ့ အဆိပ်ငွေ့တွေကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ စိုက်ခင်းထဲမှာ ရေများနေရင် နီတို ပိုဆိုးတာကြောင့် ရေသွင်းရေထုတ် လွယ်ကူမယ်ဆိုရင်တော့ မြေအစိုဓာတ်ရှိရုံထားတာ ပိုသင့်တော်ပါမယ်။

ဇင်ထူးနိုင်

ကိုးကားချက်

- လယ်သမားကြီးများသိထားရမယ့် စပါးအထွက်တိုးစေတဲ့ အင်္ဂါရပ်များနဲ့ သဘောတရားများ - ဘဟိန်း (စိုက်ပျိုး)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်