စင်ကာပူဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံလေးမို့ ရေချိုရှားပေမယ့် ပင်လယ်ရေကိုတော့ အကြိုက် ခပ်သုံးနိုင်ပါတယ်။ ပြဿနာက ပင်လယ်ရေမို့ ရေငန်ဖြစ်နေပြီး၊ သောက်သုံးလို့ရတဲ့ ရေချို (fresh water) မဟုတ်တဲ့ အချက်ပါပဲ။ ပေါပေါများများရတဲ့ ရေငန်ကို ရေချိုဖြစ်အောင် ပြုပြင်ထုတ်လုပ်နိုင်ရင်တော့ ဒါဟာ စင်ကာပူနိုင်ငံအတွက် အင်မတန် အသုံးဝင်တဲ့ ရေအရင်းအမြစ် တစ်ခု ဖြစ်ပါလိမ့်မယ်။ ပင်လယ်ရေငန်ကို ရေချိုဖြစ်အောင် ပြုပြင်ထုတ်လုပ်တဲ့ လုပ်ငန်းကို Desalination လို့ ခေါ်ပါတယ်။ အဲဒီလို ပြုပြင်ထုတ်လုပ်ပြီး ရလာတဲ့ ရေကိုတော့ Desali-nated water လို့ ခေါ်ပါတယ်။ စင်ကာပူရဲ့ ရေပိုက်ခေါင်းကြီး ၄ ခု (Four National Taps) လို့ တင်စားခေါ်ဝေါ်တဲ့ ရေချို အရင်းအမြစ်တွေထဲမှာ Desalinated water ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ပင်လယ်ရေကို ရေချိုဖြစ်အောင် ပြုပြင်ထုတ်လုပ်တဲ့ လုပ်ငန်း (Desalination) ဟာ စွမ်းအင်သုံးစွဲရမှု မြင့်မားပြီး ကုန်ကျစရိတ်လည်း အင်မတန်များတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ပင်လယ်ရေတွေကို အင်မတန်စွမ်းရည်မြင့်တဲ့ ရေစစ်လွှာ (membranes) တွေကို ဖြတ်သန်းနိုင်အောင် ဖိအားပေးတွန်းလွှတ်ပြီးမှ ရေချိုတွေ ရရှိနိုင်တာမို့ပါ။ အဲဒီလို စစ်ထုတ်မှသာ ပင်လယ်ရေထဲမှာ ပျော်ဝင်နေတဲ့ ဆားတွေ၊ သတ္တုဓာတ်တွေကို ဖယ်ထုတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။
တွက်ချက်မှုတွေအရ ပင်လယ်ဆားငန်ရေကနေ ရေချို တစ်ကုဗမီတာ (၁၀၀၀ လီတာ) စစ်ထုတ်ယူနိုင်ဖို့ အတွက် လျှပ်စစ်ဓာတ်အား ၃.၅ kWhr (၃ ယူနစ်ခွဲ) သုံးစွဲရပါတယ်။ စင်ကာပူရဲ့ PUB ဌာနကတော့ လျှပ်စစ်ဓာတ်အား လျှော့ချသုံးစွဲပြီး ဆားငန်ရေကို ရေချိုအဖြစ် စစ်ထုတ်နိုင်မယ့် နည်းလမ်းတွေကို အဆက်မပြတ် လေ့လာ သုတေသနပြု ရှာဖွေနေတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လည်းဆိုရင် လျှပ်စစ်ဓာတ်အားခ ချွေတာနိုင်မှသာလျှင် ဒီနည်းလမ်းက ရေရှည်တည်တံ့နိုင်မှာ ဖြစ်လို့ပါ။
ပင်လယ်ရေကို ရေချိုဖြစ်အောင် ဘယ်လိုလုပ်သလဲ?
- ပထမဆုံးအဆင့်ကို Intake screen လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာ ပင်လယ်ရေတွေကို စက်ရုံထဲ သွင်းယူရပါတယ်။ အဲဒီလို သွင်းယူရာမှာ အနယ်အမှုံတွေ ပါမလာစေဖို့ ရေစစ် (mechanical filter) နဲ့ စစ်ယူပါတယ်။ တချိန်တည်းမှာ ရေထဲကို ကလိုရင်း (Chlorine) ခတ်ပေးပါတယ်။ ရေပိုက်လိုင်းတလျှောက်နဲ့ စက်ရုံထဲက ရေသန့်စင်စနစ်တစ်ခုလုံးမှာ ပင်လယ်ပြင်က သက်ရှိတွေ၊ ပိုးမွှားတွေ ပေါက်ပွားလာခြင်း မရှိစေဖို့ ဖြစ်ပါတယ်။
- ဒုတိယအဆင့်အနေနဲ့ Floatation Unit ကို ဖြတ်သန်းစေပါတယ်။ ဒီအဆင့်မှာ ရေထဲကို သတ်မှတ်ထားတဲ့ ဓာတုပစ္စည်းအချို့ကို တွက်ချက်ပြီး ရောထည့်ပေးရပါတယ်။ အဲဒီ ဓာတုပစ္စည်းတွေကြောင့် ရေထဲမှာ ပျော်ဝင်ပြီး ပါလာတဲ့ မသန့်ရှင်းတဲ့အရာတွေဟာ စုစည်းမိသွားပြီး အမှုန်အမွှားတွေအဖြစ်ပြောင်းလဲလာပါတယ်။ အဲဒီလို ပြောင်းလဲသွားတဲ့အချိန်မှာ ရေထဲကို လေမှုတ်ထည့်ပေးပါတယ်။ ရေထဲမှာ လေပူဖောင်းတွေဖြစ်လာရင် အမှိုက်သရိုက်တွေက အပေါ်ကို တက်လာတတ်တဲ့ သဘောရှိတာကြောင့် မသန့်ရှင်းတဲ့အရာတွေ စုစည်းမိသွားပြီး ဖြစ်ပေါ်လာတဲ့ အမှုန်အမွှားတွေထဲက ပေါ့တဲ့အမှုန်အမွှားတွေဟာ အပေါ်ကို တက်လာပါတယ်။ အဲဒီအမှုံအမွှားတွေကို ဖယ်ရှားရှင်းလင်း ပေးပါတယ်။
- တတိယအဆင့်ကတော့ Gravity sand unit ဖြစ်ပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ Floatation Unit ထဲကနေ ထွက်လာတဲ့ ရေထဲမှာ လေးတဲ့ အမှုန်အမွှားတွေ ပါဝင်နေဆဲဖြစ်တာကြောင့် ရေကို သဲထဲမှာ ဖြတ်သန်းစေပြီး၊ အဲဒီအမှုန်တွေကို သဲက စစ်ထုတ်ယူထားစေပါတယ်။
- စတုတ္ထအဆင့်ကတော့ အာရ်အို (RO) လို့ လူသိများတဲ့ Reverse osmosis ဆိုတဲ့အဆင့်ပဲ ဖြစ်ပါတယ်။ ရေထဲမှာ ပျော်ဝင်နေတာ မှန်သမျှကို semi-permeable membrane လို့ခေါ်တဲ့ ရေစစ်က စစ်ထုတ်ဖယ်ရှားပေးတဲ့အဆင့် ဖြစ်ပါတယ်။ အဲဒီ ရေစစ်ကို ဖြတ်သန်းနိုင်ဖို့အတွက် တတိယအဆင့်ကထွက်လာတဲ့ ရေတွေကို အင်မတန်ပြင်းထန်တဲ့ ဖိအားနဲ့ တွန်းထုတ်ပေးရပါတယ်။ အဲဒီ ရေစစ်ကို ရေမော်လီကျူတွေကလွဲလို့ အခြားဘယ် မော်လီကျူတွေမှ မဖြတ်သန်းနိုင်ပါဘူး။
- နောက်ဆုံးအဆင့်ကတော့ Post treatment အဆင့်ဖြစ်ပါတယ်။ အာရ်အို အဆင့်ကနေထွက်လာတဲ့ ရေကို ထပ်မံပြီး ပိုးသတ်သန့်စင်သလို၊ လူတွေအတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေ ပြန်လည်ဖြည့်စွက်ပေးတဲ့လုပ်ငန်း (remineralization) ကိုလည်း လုပ်ဆောင်ရပါတယ်။ အဲဒီနောက် ကလိုရင်း (chlorine) နဲ့ ဖလူအိုရိုက် (fluoride) စတဲ့ ရေသန့်ဆေးဝါးတွေ ဖြည့်စွက်ပြီး အများပြည်သူထံ ပြန်လည်ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံရှိ Desalination စက်ရုံများ
လက်ရှိမှာ စင်ကာပူနိုင်ငံအတွင်း Desalination ပြုလုပ်ပေးတဲ့ စက်ရုံ ၅ ခု တည်ထောင်ထားရှိပြီး လည်ပတ်နေတယ်လို့ သိရပါတယ်။
ပထမဆုံးစက်ရုံကတော့ ၂၀၀၅ ခုနှစ် ဒီဇင်ဘာမှာ စတင်လည်ပတ်ခဲ့တဲ့ SingSpring စက်ရုံဖြစ်ပါတယ်။ တစ်ရက်ကို ရေချို ကုဗမီတာ ၁၃၆,၃၈၀ ကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။ ဒါဟာ စင်ကာပူနိုင်ငံအတွက် နေ့စဉ် ရေလိုအပ်ချက်ရဲ့ ၇ ရာခိုင်နှုန်းကို အဲဒီစက်ရုံက ဖြည့်ဆည်းပေးခြင်းပဲ ဖြစ်ပါတယ်။ Tues မှာ တည်ရှိတဲ့ အဲဒီစက်ရုံ ကို အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်တဲ့ စနစ် (Public Private Partnership – PPP) ပုံစံနဲ့ စတင်ခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီကို ၂၀၀၅ ကနေ ၂၀၂၅ ခုနှစ်အထိ လုပ်ပိုင်ခွင့် ပေးထားတာ ဖြစ်ပါ တယ်။
ဒုတိယမြောက်စက်ရုံကတော့ Tuas South (TSDP) စက်ရုံ ဖြစ်ပါတယ်။ ယခင်ကတော့ အဲဒီစက်ရုံကို Tua-spring လို့ ခေါ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တရားဝင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ စင်ကာပူရဲ့ အကြီးမားဆုံး Desalination စက်ရုံ ဖြစ်ပါတယ်။ ရှေ့ပိုင်းကာလတွေမှာ ပုဂ္ဂလိကကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ စင်ကာပူ အစိုးရ ရဲ့ PUB ဌာနပိုင် ဖြစ်လာပါတယ်။
တတိယမြောက် စက်ရုံကတော့ Tues စက်ရုံ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အမေရိကန် ဒေါ်လာ ၂၁၇ သန်း တန်ပြီး၊ တစ်ရက်ကို ရေချို ဂါလံပေါင်း သန်း ၃၀ ထုတ်လုပ်ပေးနိုင်ပြီး မိသားစုပေါင်း ၂ သိန်း အတွက် လုံလောက်တယ်လို့ ဆိုပါတယ်။ ထူးခြားတာက အဲဒီစက်ရုံမှာ လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်ကနေ ထုတ်ယူသုံးစွဲတာပါ။ ဒါကြောင့် ရေချို ထုတ်လုပ်မှုစရိတ်ကို သက်သာသွားစေပါတယ်။ စက်ရုံရဲ့ ခေါင်မိုးပေါ်ဟာ စတုရန်းမီတာ ၇၀၀၀ ကျော် ကျယ်ဝန်းပြီး အဲဒီမှာ ဆိုလာချပ်တွေ တပ်ဆင်ထားတာပါ။ အဲဒီ ဆိုလာချပ်တွေကနေ တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁.၄ သန်း ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီ လျှပ်စစ်ဓာတ်အား ပမာဏဟာ အိမ်ခန်းလေးခန်းစီပါတဲ့ လူနေတိုက်ခန်းပေါင်း ၃၀၀ ကျော်ကို လျှစ်စစ်ဓာတ်အား အလုံအလောက် ဖြန့်ဖြူးပေးဖို့ လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလျှပ်စစ်ဓာတ်အားပမာဏဟာ Desalination စက်ရုံကြီးအတွက်တော့ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားပမာဏရဲ့ ၁ ရာခိုင်နှုန်း ပဲ ရှိတယ်လို့ ဆိုပါတယ်။
စတုတ္ထမြောက် စက်ရုံကတော့ Keppel Marina East ဖြစ်ပြီး ၂၀၂၀ မှာ ဖွင့်လှစ်ခဲ့တာပါ။ ထူးခြားချက်ကတော့ ပင်လယ်ဆားငန်ရေ တွေကို ရေချိုအဖြစ် ချက်လုပ်ပေးနိုင်ရုံသာမကဘဲ၊ စင်ကာပူနိုင်ငံထဲက ရေလှောင်ကန်တွေမှာ သိုလှောင်ထားတဲ့ မိုးရေတွေကိုလည်း သောက်သုံးရေဖြစ်တဲ့အထိ သန့်စင်ပေးနိုင်တဲ့ စက်ရုံ ဖြစ်နေတာပါ။ ဒီစက်ရုံကလည်း တစ်ရက်ကို ရေဂါလံ သန်း ၃၀ လောက် ထုတ်လုပ်ပေးပြီး စင်ကာပူနိုင်ငံသောက်သုံးရေ လိုအပ်ချက်ရဲ့ ၇ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးပါတယ်။ Keppel subsidiary ကုမ္ပဏီက ၂၀၂၀ ခုနှစ်ကနေ ၂၀၄၅ ခုနှစ်အထိ ၂၅ နှစ် လုပ်ပိုင်ခွင့် ရရှိထားပါတယ်။
နောက်ဆုံးစက်ရုံကတော့ Jurong Island စက်ရုံ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ထူးခြားချက်ကတော့ Tuas Power လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းရဲ့ Tembusu Multi-Utilities Complex (TMUC) လုပ်ငန်းခွင်နဲ့ တွဲဖက်ထားတဲ့အတွက် စွမ်းအင်သုံးစွဲမှု ပိုမိုထိရောက်သက်တာတဲ့ အချက် ဖြစ်ပါတယ်။
ပင်လယ်ရေတွေ ချိုပါစေ ဆိုတဲ့စကားဟာ စင်ကာပူအတွက်တော့ ယုံတမ်းစကား မဟုတ်တော့ပါဘူး။ ပင်လယ်ဆားငန်ရေတွေကို ရေချိုဖြစ်အောင် ပြောင်းလဲပြီး ပြည်သူတွေသောက်သုံးနိုင်အောင် ဖြည့်ဆည်းပေးနိုင်နေပြီ ဖြစ်ပါတယ်။
စင်ကာပူရဲ့ သောက်သုံးရေ စီမံခန့်ခွဲမှုအကြောင်း ပြောရင်း အတွေးတစ်ခု ဝင်မိပါတယ်။ ပင်လယ်ဆားငန် ရေတွေကိုတောင် ရေချိုဖြစ်အောင် လူသားတွေရဲ့ အစွမ်းနဲ့ ပြောင်းလဲပစ်နိုင်ရင်၊ မြန်မာပြည်သူတွေ ကြုံတွေ့နေရ တဲ့ ခါးသီးတဲ့ နေ့ရက်တွေကိုလည်း ချိုမြိန်တဲ့နေ့ရက်တွေအဖြစ် မြန်မာပြည်သူတွေကိုယ်တိုင် ပြောင်းလဲနိုင်လိမ့် မယ် ဆိုတဲ့ အတွေးပါ။ စင်ကာပူရဲ့ ပင်လယ်ရေတွေကတော့ ရေချိုဖြစ်သွားပါပြီ။ မြန်မာပြည်သူအားလုံးလည်း ချိုမြိန်မှုအပေါင်း မကြာမီ ခံစားနိုင်ကြရပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။