ခရမ်းချဉ်မှာအဖြစ်များတဲ့ စပ်တိုးရီးယား ရွက်စက်ပြောက်ရောဂါကို ကာကွယ်နှိမ်နင်းနည်း

25/11/2022 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

စပ်တိုးရီးယား ရွက်စက်ပြောက်ရောဂါ (Septoria) ဟာ ခရမ်းချဉ်အပင်တွေမှာ အလွန်အဖြစ်များတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါဟာ အဓိကအားဖြင့် Septoria lycopersici ဆိုတဲ့ မှိုကြောင့် ဖြစ်ပွားတာဖြစ်ပြီး Solanaceae မျိုးရင်းဝင်အပင်တွေဖြစ်ကြတဲ့ ခရမ်းချဉ်အပါအဝင် အာလူးနဲ့ ခရမ်းသီးပင်တွေမှာပါ ကျရောက်တာဖြစ်ပါတယ်။

စပ်တိုးရီးယား ရွက်စက်ပြောက်ရောဂါဟာ ခရမ်းချဉ်ပင်တွေကို သေကျေပျက်စီးစေလောက်တဲ့အထိ အရေးကြီးတဲ့ရောဂါ မဟုတ်ပေမဲ့လည်း ၎င်းတို့ဟာ အပင်တွေမှာ လျင်မြန်စွာပျံ့နှံ့နိုင်ပြီး အရွက်များထိခိုက်ပျက်စီးစေကာ အပင်တွေကို အားယုတ်လျော့စေနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရောဂါကျရောက်တဲ့အခါ အပင်ဟာ အသီးတွေရင့်မှည့်အောင် စွမ်းဆောင်နိုင်စွမ်းလည်း လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။  

ရောဂါပြန့်ပွားပုံ

မှိုစပိုးတွေဟာ ပုန်းအောင်းရာမှာ အလွန်တော်ပြီး သူတို့အတွက်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်အခြေ အနေ ရောက်ရှိလာတဲ့အထိ စောင့်ဆိုင်းနေလေ့ရှိပါတယ်။ ၎င်းတို့ဟာ သူတို့အတွက် ကောင်းမွန်တဲ့အခြေအနေကို ရှာဖွေဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ အကွာအဝေးများစွာထိကို ပျံ့နှံ့သွားလာနိုင်ကြတာ ဖြစ်ပါတယ်။

Septoria lycopersici မှိုတွေဟာ ကြွေကျပျက်စီးနေတဲ့ ခရမ်းချဉ်အပင်အစိတ်အပိုင်းတွေနဲ့ ပေါင်းပင်တွေပေါ်မှာ  ရှင်သန်နေထိုင်ကြပြီး မြေပေါ်မြေအောက် နှစ်နေရာစလုံးမှာ ရှိနေနိုင်ကာ ဆောင်း ရာသီတစ်တွင်းလုံး ဆောင်းခိုနိုင်တာ ဖြစ်ပါတယ်။ ၎င်းမှိုတွေဟာ ရေပက်ဖျန်းခြင်းအပါအဝင် အင်းဆက်ပိုးမွှားတွေ၊ လူတွေနဲ့ ကိုင်တွယ်အသုံးပြုရတဲ့ ပစ္စည်းကိရိယာတွေကနေတဆင့် အပင်နဲ့ စိုက်ခင်းတွေဆီကို ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။

ပူနွေးပြီး (၁၅ မှ ၂၆ ဒီဂရီစင်တီဂရိတ်) စိုစွတ်တဲ့ အခြေအနေတွေဟာ ရွက်စက်ပြောက်ရောဂါ ဖြစ်ပွားစေတဲ့ မှိုတွေပေါက်ဖွားဖို့အတွက် အသင့်တော်ဆုံးအခြေအနေဖြစ်တာကြောင့် သတိထားရမှာလည်း ဖြစ်ပါတယ်။ 

ခရမ်းချဉ်ပင်ပေါ်မှာတွေ့ရတဲ့ စပ်တိုးရီးယား (Septoria) ရွက်စက်ပြောက်ရောဂါရဲ့ လက္ခဏာများ

ရောဂါကျရောက်တဲ့အခါ အစက်ပြောက်တွေဟာ အပင်အောက်ခြေမှာရှိတဲ့ အရွက်ဟောင်းတွေရဲ့ အောက်မျက်နှာပြင်မှာ စက်ဝိုင်းပုံစံအစက်ပြောက်တွေ ပထမဆုံးပေါ်လာမှာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ တော်တော်လေးသေးငယ်ပြီး အချင်းအားဖြင့် ၁.၆ မှ ၃.၂ မီလီမီတာရှိပြီး အညိုရင့်ရောင်အနားသတ်နဲ့ အလယ်ဗဟိုမှာတော့ မီးခိုးရောင် (သို့မဟုတ်) ဝါညိုရောင် ဖြစ်ပေါ်နေလေ့ရှိပါတယ်။ အဆိုပါ အစက်ပြောက်တွေကိုတော့ အဝါရောင်ကွင်းတွေကနေ ထပ်မံဝန်းရံထားတဲ့ပုံစံ မြင်တွေ့ရမှာ ဖြစ်ပါတယ်။  

ရောဂါကြီးထွားလာတာနဲ့အမျှ အစက်အပြောက်တွေ ပိုမိုကျယ်ဝန်းလာပြီး ပေါင်းစည်းသွားကြမှာ ဖြစ်ပါတယ်။ ၎င်းတို့ကို ချဲ့ထားတဲ့ အဏုကြည့်မှန်ဘီလူးနဲ့ ကြည့်မယ်ဆိုပါက အညိုရင့်ရောင် ဝက်ခြံများကဲ့သို့ မှိုရဲ့စပိုးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဤအချက်သည်ပင်လျှင် စပ်တိုးရီးယား (Septoria) ရွက်စက်ပြောက်ရောဂါကို အခြားသော ရွက်စက်ပြောက်ရောဂါတွေနဲ့ ခွဲခြားနိုင်တဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။

ခရမ်းချဉ်ပင်တွေရဲ့ အောက်ပိုင်းအရွက်ရင့်တွေမှာ ရောဂါလက္ခဏာ တွေ့ရတတ်တယ်ဆိုပေမဲ့လည်း ဒီရောဂါဟာ ခရမ်းချဉ်ပင်ရဲ့ သက်တမ်းတစ်လျှောက် မည်သည့်အဆင့်မှာမဆို ရောဂါဖြစ်ပွားနိုင်တာလည်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ အရွက်အပြင် ပင်စည်၊ အပွင့်တွေနဲ့ ပွင့်ဖတ်တွေမှာပါ ကျရောက်နိုင်တာဖြစ်ပါတယ်။  သတင်းကောင်းတစ်ခုကတော့ ဒီရောဂါဟာ အသီးတွေပေါ်မှာ ကျရောက်တာတော့ မရှိသလောက်ဖြစ်ပါတယ်။ 

ရောဂါကျရောက်နေတာကို မကုသခဲ့ဘူးဆိုရင်တော့ အရွက်တွေဟာ တဖြည်းဖြည်းနဲ့ အဝါရောင်ပြောင်းလာပြီး နောက်ဆုံးမှာ ခြောက်သွေ့ကြွေကျသွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အပင်ကိုအားပျော့လာစေကာ အကာအကွယ်မဲ့နေရောင်နဲ့ ထိတွေ့ထားသလို အပူလောင်ထားသကဲ့သို့ တွေ့ရှိရမှာဖြစ်ပါတယ်။ အပင်မှာ အရွက်တွေမရှိပါက အသီးတွေဆက်လက်ထုတ်လုပ်နိုင်မှာ မဟုတ်သလို ရင့်မှည့်နိုင်မှာလည်း မဟုတ်ပါဘူး။ ရောဂါကလည်း ပိုမိုလျင်မြန်စွာ ပျံ့နှံ့လာမှာဖြစ်ပါတယ်။

ရောဂါကို ဘယ်လိုကုသမလဲ 

စပ်တိုးရီးယား ရွက်စက်ပြောက်ရောဂါ ပေါ်လာတဲ့အခါမှာ ကုသဖို့အတွက် ရွေးချယ်စရာနည်းလမ်းအချို့ ရှိပါတယ်။ ၎င်းတို့ကတော့...

ရောဂါကျရောက်နေတဲ့ အရွက်များကိုဖယ်ရှားခြင်း

အပင်မှာ ရောဂါကျရောက်နေပြီဆိုတာကို သိရှိတာနဲ့တပြိုင်နက် ရောဂါကျနေတဲ့အရွက်တွေကို ချက်ချင်း ဖယ်ရှားပေးသင့်ပါတယ်။ အရွက်တွေကို မဖယ်ရှားမီ ရောဂါပြန့်ပွားမှု မဖြစ်စေဖို့အတွက် ဖြတ်တောက်ဖယ်ရှားခြင်း ပြုလုပ်မယ့်ပစ္စည်းတွေကို သေချာစွာ ဆေးကြောပေးသင့်ပါတယ်။ 

အော်ဂဲနစ် မှိုသတ်ဆေးများ ရွေးချယ်ပါ 

မှိုသတ်ဆေးတွေအသုံးပြုမယ်ဆိုရင် ကော့ပါး (သို့မဟုတ်) ပိုတက်စီယမ် ဘိုင်ကာဗွန်နိတ် ပါဝင်တဲ့ မှိုသတ်ဆေးတွေကို အသုံးပြုခြင်းဖြင့် ရောဂါပြန့်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အပင်ပေါ်မှာ ပထမဆုံး ရောဂါလက္ခဏာတွေ ပေါ်လာတာနဲ့တပြိုင်နက် ပက်ဖျန်းအသုံးပြုသင့်ပါတယ်။ သဘာဝမှိုသတ်ဆေး အနေနဲ့ဆိုရင်တော့ တမာဆီကိုအသုံးပြုလို့ရပါတယ်။ တမာဆီအသုံးပြုခြင်းဖြင့် စပ်တိုးရီးယား ရွက်စက်ပြောက် ရောဂါအပြင် မှဲ့ပြောက်စွန်းနဲ့ ဖားဥမှိုရောဂါတွေကိုပါ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

ဓာတုမှိုသတ်ဆေးများ အသုံးပြုပါ 

ပုံမှန်ထက် ဆိုးရွားစွာကျရောက်နေပြီဆိုရင်တော့ ဓာတုဆေးဝါးတွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ ဓာတုနည်းလမ်းနဲ့ ကုသတဲ့အခါမှာ အဆိပ်အတောက်အနည်းဆုံးနဲ့ အထိရောက်ဆုံးတွေထဲက တစ်ခုကတော့ ကလိုရိုသာလိုနေးလ် (chlorothalonil) ကို အသုံးပြုခြင်းဖြစ်ပါတယ်။ (Fungonil နဲ့ Daconil စတဲ့ နာမည်တွေနဲ့လည်း ရောင်းချလေ့ရှိပါတယ်) 

ခရမ်းချဉ်ပင်တွေမှာ စပ်တိုးရီးယားရွက်စက်ပြောက်ရောဂါ မကျရောက်အောင် ဘယ်လိုကာကွယ်မလဲ

စပ်တိုးရီးယား (Septoria) ရွက်စက်ပြောက်ရောဂါ လုံးဝမကျရောက်အောင်တော့ ရှောင်ရှားလို့ရနိုင်မှာ မဟုတ်ပါဘူး။ ၎င်းတို့ဟာ အလွန်ပျံ့နှံ့လွယ်ပြီး သင့်တော်တဲ့အခြေအနေ ရောက်ပြီဆိုတာနဲ့ စိုက်ခင်းတွေမှာ ကျရောက်မှာဖြစ်ပါတယ်။ သို့ပေမဲ့လည်း ဒီရောဂါ ဖြစ်ပေါ်နိုင်ခြေကို လျှော့ချဖို့အတွက် ကျွန်တော်တို့အနေနဲ့ ကြိုတင်လုပ်ဆောင်နိုင်ပြီး သတိပြုရမယ့် အချက်အချို့လည်း ရှိနေတာ ဖြစ်ပါတယ်။

ရောဂါကင်းတဲ့ မျိုးစေ့ကို အသုံးပြုပါ 

ဒီမှိုရောဂါဟာ မျိုးစေ့တွေကနေတဆင့် သယ်ဆောင်ပျံ့နှံ့ကြောင်း အထောက်အထားမရှိပေမယ့်လည်း ရောဂါကျရောက်ထားတဲ့ အပင်ကနေရရှိလာမယ့် မျိုးစေ့တွေကို သိမ်းဆည်းပြီး ပြန်လည်အသုံးပြုတာမျိုးကိုတော့ ရှောင်ရှားသင့်ပါတယ်။  

စိုက်ခင်းကို သန့်ရှင်းရေးပြုလုပ်ပါ

ရောဂါကျရောက်ထားတဲ့ အပင်အစိတ်အပိုင်းတွေ အကြွင်းအကျန်တွေနဲ့ စိုက်ခင်းထဲက အမှိုက် သရိုက်တွေအားလုံးကို စနစ်တကျစွန့်ပစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မှိုတွေဟာ ရောဂါကျရောက်ထားတဲ့ အပင်အစိတ်အပိုင်းနဲ့ အပျက်အစီးတွေပေါ်မှာ ဆောင်းရာသီတစ်လျှောက်လုံး ခိုအောင်းနေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ၎င်းတို့ကို စိုက်ခင်းနဲ့ဝေးရာမှာ စွန့်ပစ်သင့်သလို မြေဆွေးပြုလုပ်ရာမှာလည်း ထည့်သွင်းအသုံးမပြုမိဖို့ အရေးကြီးပါတယ်။ ရောဂါပါဝင်နေတဲ့ မြေဆွေးတွေကို စိုက်ခင်းတွေမှာ အသုံးပြုတဲ့အခါ ရောဂါတွေကို အလွယ်တကူပျံ့နှံ့သွားစေမှာ ဖြစ်ပါတယ်။ အာလူးပင်နဲ့ ခရမ်းသီးပင်တွေမှာလည်း ဖော်ပြပါအခြေအနေအတိုင်း ပျံ့နှံ့နိုင်တာကြောင့် သတိပြုသင့်ပါတယ်။

အပင်ပေါ် ရေလောင်းခြင်းကို ရှောင်ကြဉ်ပါ

အပင်တွေပေါ်ကို ရေ တိုက်ရိုက်လောင်းပေးခြင်းဟာ စပ်တိုးရီးယား (Septoria) ရွက်စက်ပြောက်ရောဂါ ပျံ့နှံ့ဖို့ ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိုက်ခင်းမှာ မှို‌ရောဂါတွေ ကျရောက်တတ်တယ်ဆိုရင် အပင်ပေါ်ရေပက်ဖျန်းပေးတာထက် အပင်ခြေရင်းမှာသာ ရေလောင်းခြင်းဖြင့် အရွက်များ စိုစွတ်မှုရှိမနေစေဖို့ လုပ်ဆောင်နိုင်ပါတယ်။ 

လေဝင်လေထွက်ကောင်းအောင် ထားရှိပါ 

ခရမ်းချဉ်ပင်တွေကြားမှာ သင့်တော်တဲ့နေရာအနည်းငယ် ချန်လှပ်ထားခြင်းအားဖြင့် လေဝင်လေထွက်ကို ကောင်းစေပြီး ရောဂါပျံ့နှံ့မှုကို အထိုက်အလျောက် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။  အထူးသဖြင့် စိုထိုင်းမှုများတဲ့ မိုးရာသီလိုကာလမျိုးမှာဆိုရင် လေဝင်လေထွက်ကောင်းဖို့ အထူးအရေးကြီးပါတယ်။

အပင်အောက်ခြေမှာ မြေဖုံးပေးပါ 

အပင်ခြေမှာ ကောက်ရိုး မြက်ခြောက် စတဲ့ ပစ္စည်းတွေကို မြေဖုံးရာမှာအသုံးပြုခြင်းဖြင့် မြေပြင်ပေါ်မှာရှိနေတဲ့ မှိုစပိုးတွေကို အပင်ရဲ့ အောက်ဘက်အရွက်များပေါ်သို့ မပျံ့နှံ့စေရန် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

မတူညီတဲ့နေရာမှာ စိုက်ပျိုးပါ 

စိုက်ခင်းနေရာ ကျယ်ဝန်းတယ်ဆိုရင်တော့ ပထမနှစ် သီးနှံစိုက်ပျိုးခဲ့တဲ့နေရာမှာ နောတ်တစ်ကြိမ် ထပ်မံစိုက်ပျိုးတာမျိုး မပြုလုပ်သင့်ဘဲ တခြားနေရာတစ်ခုကို ရွေးချယ်သင့်ပါတယ်။ တစ်နေရာတည်းမှာ သီးနှံတစ်မျိုးတည်းကို ဆက်တိုက်စိုက်ပျိုးတဲ့အခါ ပိုးမွှားရောဂါကျရောက်မှု ပိုမိုဆိုးရွားနိုင်တာကြောင့် ဖြစ်ပါတယ်။ မြေနေရာအနည်းငယ်ပဲရှိတဲ့ စိုက်ခင်းတွေဆိုရင်တော့ မတူညီတဲ့နေရာမှာ ရွှေ့ပြောင်းစိုက်ပျိုးဖို့က လက်တွေ့မှာ အဆင်မပြေနိုင်တာကြောင့်  စိုက်ခင်းသန့်ရှင်းရေးနဲ့ အပင်အကြွင်းအကျန် အညစ်အကြေးတွေကို စနစ်တကျစွန့်ပစ်နိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်။

ဇင်ထူးနိုင်

Ref: https://www.thespruce.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်