မြေတွေသေမသွားဘဲ ရှင်သန်နေစေဖို့ဆိုရင်..

31/03/2023 13:02 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

သက်ရှိသတ္တဝါအားလုံး၊ မြေကြီးပေါ်မှာ နည်းမျိုးစုံဖြင့် မှီတည်အသက်ရှင်သန်နေကြရပါတယ်။

အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရာမှာ အခြေခံအကျဆုံး မူလ၊ ပဓာန အရာဟာ မြေကြီး(တနည်းအားဖြင့်)မြေဆီလွှာသာလျှင်ဖြစ်ပါတယ်။

အကြောင်းနဲ့ အကျိုးတရား(Cause and effect)သီအိုရီအရ...

မြေဆီလွှာကို အမှီပြုရတဲ့သီးနှံတွေ များများထွက်ပြီး ကောင်းကောင်းသီးပွင့်နိုင်ဖို့ အကြောင်း တရား(Cause) ကောင်းဖို့လိုအပ်တာ အမှန်ပါ။

အကြောင်းတရား(Cause) ကောင်းရင်..

အကျိုးတရား (effect) ကောင်းမှာ အသေအချာပါပဲ။

မြေဆီလွှာကောင်းခြင်းလက္ခဏာများ

  • ၁။ မြေအမျိုးအစား(soil type)
  • ၂။ မြေချဉ်/ငန်ကိန်း (soil pH)
  • ၃။ မြေကြီးအာဟာရ (soil nutrients)

အထက်ပါအချက်များကို ကြည့်၍ မြေဆီလွှာ ကောင်းခြင်း၊ မကောင်းခြင်း လေ့လာအကဲခတ်နိုင်ပါတယ်။

၁။ မြေဆီလွှာအမျိုးအစား

  • သဲမြေလား(sand)
  • နုန်းမြေလား (silt)
  • မြေစေးမြေလား (Clay)

ယေဘုယျခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့...

သဲ+ နုန်း+ မြေစေး = နုန်းမြေနု(loam) မြေဟာ အပင်အတော်များများအတွက် အကောင်းဆုံးမြေလို့ ဆိုနိုင်ပါတယ်။

၂။ မြေကြီး pH (ချဉ်ငန်ဓာတ်)

  • မြေဆီလွှာကောင်းခြင်းလက္ခဏာထဲမှာ မြေချဉ်ငန်ကိန်းမျှတဖို့လည်း အရေးပါပါတယ်။
  • pH 6 နဲ့ 8 အကြား ရှိနေမှ မြေဆီလွှာကောင်းခြင်းမည်ပါတယ်။

၃။ မြေကြီးအာဟာရ

မြေဆီလွှာကောင်းခြင်းလက္ခဏာတွေထဲမှာ သီးနှံပင်တွေကြိုက်နှစ်သက်တဲ့အာဟာရတွေ ရှိနေဖို့လည်း လိုအပ်ပါတယ်။

အပင်တွေကြိုက်တဲ့ အာဟာရ အမျိုး ၂၀ ရှိတယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။

  • ကာဗွန်၊ ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင် (ကာဗွန်ကိုတော့ လေထဲကရပြီး ဟိုက်ဒြိုဂျင်နဲ့ အောက်ဆီဂျင်ကိုတော့ ရေကနေရပါတယ်)
  • နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယံ (အဓိကအကျဆုံးလိုအပ်တဲ့အာဟာရတွေဖြစ်ပါတယ်)
  • ကယ်လ်စီယံ၊ မဂ္ဂမီစီယံ၊ ဆာလဖာ (ဒုတိယအလိုအပ်ဆုံးအာဟာရတွေဖြစ်ပါတယ်)
  • မင်းဂနိ၊ ဇင့်၊ သံ၊ ကော့ပါး၊ ဘိုရွန်၊ မော်လစ်ဒီနမ်၊ ဆီလီကွန်၊ ကိုဘော့၊ နီကယ်၊ ဗာနာဒီယံ၊ စထရွန်တီယံ၊(BAC, fertilizer) (လိုတော့လိုပေမဲ့ အရမ်းကြီးမလိုအပ်တဲ့ အနည်းလိုအာဟာရတွေဖြစ်ပါတယ်)

သင့်မြေဟာ..

  • မြေသေ(Dead soil)လား?
  • မြေရှင်( living soil) လား? ဆိုတာလည်း သိဖို့လိုပါတယ်။

မြေသေ(Dead soil) ဆိုတာ..

သစ်ဆွေးဓာတ်ကင်းမဲ့ပြီး စိုလွယ်၊ ခြောက်လွယ်သော/ ထယ်ထိုးလျှင် နှမ်းဖတ်တောင့်ထွက်သော/ပတ်ကြားအက်သော/ အမြစ်ဆီသို့ ရေမစိမ့်နိုင်/လေမရှူနိုင်သော အထိန်းအသိမ်းမဲ့မြေမျိုးကို ခေါ်ပါတယ်။

  • ရေတိုက်စားခံရပြီး အပေါ်ယံမြေဆီလွှာအာဟာရဓာတ် ကင်းမဲ့သောမြေ..
  • ဓာတုဗေဒပစ္စည်းများ (ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ..စသည်)အလွန်အကျွံသုံးစွဲပြီး ဓာတ်ကြွင်းများသောမြေ..
  • ပေါင်းမြက်များ၊ ဖျက်ပိုးများ၊ ရေဆိုးရေညစ်များ၊ စက်ရုံစွန့်ပစ်ရေဝင်မြေများ..

အဆိုပါမြေအမျိုးအစားများကို မြေသေ(Dead soil) တွေလို့ သတ်မှတ်နိုင်ပါတယ်။

သေချာတာကတော့..

အဆိုပါအချက်တွေနဲ့ ကိုက်ညီနေသော မည်သည့်လယ်ယာကိုင်းကျွန်းမြေမဆို..စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ထွန်းဖို့ဝေးစွ..အကြွေးကျေရုံသာ အဖတ်တင်ပါလိမ့်မယ်။

မြေရှင်(Living soil) ဆိုတာ..

 

  • တီကောင်ကဲ့သို့ မြေတွင်ပျော်ပြီး သီးနှံပင်များ အာဟာရစုပ်ယူနိုင်ရန် ကူညီပေးသော ပိုးကောင်များရှင်သန်သောမြေ..
  • မှို၊ ဘက်တီးရီးယားကဲ့သို့ အကျိုးပြုအဏုဇီဝများ ရှင်သန်နိုင်သောမြေ..
  • ရိုးပြတ်များ၊ အပင်အကြွင်းအကျန် အဆွေးအမြည့်များ၊ သစ်ဆွေးများသောမြေ..
  • မြေဖုံးပင်များနှင့် သီးနှံပင်အမြစ်များထိ ရေစိမ့်ဝင်နိုင်သော၊ ရေစီးရေလာ/အစိုဓာတ်ထိန်းနိုင်သောမြေ... စတာတွေပဲဖြစ်ပါတယ်။

တနည်းအားဖြင့် ကျန်းမာသောမြေကို ရှင်သန်သောမြေ(Living soil)လို့ သတ်မှတ်နိုင်ပါတယ်။

" အပင်ကောင်းချင်...မြေကိုပြင်

လူကိုကောင်းချင်.....စိတ်ကိုပြင်" တဲ့။

ဒါပေမဲ့...

"အပင်ကောင်းမှ အထွက်ကောင်းမယ်" ဆိုပြီး..

မြေကြီးကိုမပြင်ဘဲ အပင်ပေါက်ပြီးမှ အားဆေးအကောင်းစားများ၊ ပိုးသတ်ဆေး/ မှိုသတ်ဆေး/ဓာတ်မြေသြဇာများ စျေးကြီးပေးပြီး ဝယ်သုံးနေကြရပါတယ်။

ကုန်ကျစရိတ်က မသက်သာ၊ အထွက်နှုန်းက..တက်မလာ။

ဆိုတော့ကား...

တောင်သူများအနေနဲ့ အထူးသတိပြုမိစေချင်တာကတော့..

၁။ မြေကြီးတွေ ပျက်နေပါတယ်၊ မကျန်းမာတော့ပါဘူး..ဆိုရင်

(အပေါ်ယံမြေလွှာရဲ့၊ ရုပ်ပိုင်း/ဓာတ်ပိုင်း ၂ မျိုးလုံး ပြုပြင်ပြောင်းလဲပေးဖို့လိုအပ်နေပါပြီ)

၂။ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် သိသာစွာ ပြောင်းလဲနေပါတယ်...ဆိုရင်..

(နည်းစနစ်တွေ လိုက်ပါပြောင်းလဲဖို့လိုပါပြီ)

၃။ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ သီးနှံဖျက်ပိုးတွေ(ပေါင်းပင်/ပိုးမွှား/ရောဂါ) မနိုင်မနင်း ဖြစ်နေပါတယ်...ဆိုရင်..

(ဓာတုဗေဒဆေး တခုတည်း အားကိုးနေလို့မရတော့ပါဘူး၊ သဘာဝဆေးနည်းတွေ၊ ဘက်စုံကာကွယ်နည်းတွေကို မဖြစ်မနေအသုံးပြုဖို့ လိုအပ်နေပါပြီ)

သို့ဖြစ်ပါ၍... မိမိစိုက်ခင်းမြေအမျိုးအစားအလိုက် လိုအပ်ချက်များကို အသိ၊ သတိဖြင့် ပြုပြင်ဆောင်ရွက်နိုင်ပါရန်နှင့်..

ဓာတ်မြေသြဇာအသုံးပြုတိုင်း သဘာဝမြေသြဇာကို တွဲဖက်အသုံးပြုခြင်းအားဖြင့်...

သီးနှံပင်အမြစ်များ အစာရေစာအလွယ်တကူစုပ်ယူစားသုံးနိုင်သော /ကျန်းမာသော/ ရှင်သန်သော(Living soil) များ ဖြစ်အောင် ပြုပြင်လုပ်ဆောင်နိုင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါတယ်ခင်ဗျာ။

စေတနာများစွာဖြင့်..

ဒို့ဦးလေး..

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်