ကြံပင်ခုတ်သိမ်းပြီးနောက် သကြားဓာတ်ယုတ်လျော့ကျဆင်းခြင်း

22/03/2023 13:00 PM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

ဆက်စပ်ပတ်သက်နေသော အထက်ပါအချက်အလက်များအနက် ယခုပြောလိုသောအချက်မှာ “ခုတ်သိမ်းပြီး လတ်ဆတ်သောကြံကို ၂၄ နာရီအတွင်းစက်ရုံကကြိတ်ဝါးနိုင်ခြင်း” အပိုင်း ဖြစ်ပါသည်။ အထက်ပါပုံ၏ ညာဘက်ထိပ်၌ အနီရောင်ဝိုင်းပြထားသောအချက်ဖြစ်ပါသည်။

သကြားစက်ရုံများတွင် ခုတ်သိမ်းပြီးလတ်ဆတ်သောကြံကို ၂၄ နာရီအတွင်းသယ်ယူပြီး ကြိတ်ဝါးနိုင်ရေးသည် အရေးကြီးသည်။ ၂၀၀၀ ပြည့်နှစ်မတိုင်မီ ဆယ်စုနှစ်ပေါင်းများစွာတွင် လမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးခက်ခဲသဖြင့် သကြားစက်ရုံများသည် ခုတ်သိမ်းပြီး ရက်လွန်ဓားလွန်ကြံများကို ကြိတ်ဝါးခဲ့ရသဖြင့် သကြားအထွက်နှုန်း (Sugar Recovery) အထူးနိမ့်ကျခဲ့ပါသည်။

ယခုမူလမ်းပန်းဆက်သွယ်ရေးမှာ အတန်အသင့် ကောင်းမွန်လာသည်။ ကြံခင်းထဲထိ ကားဖင်ထိုး၍ လတ်ဆတ်သောကြံကိုသယ်ကာ ကြိတ်ဝါးနိုင်သော အခြေအနေကို ရောက်လာသည်။ နေရာတိုင်းတော့အဆင်မပြေသေးပါ။ အချို့က ကြံခုတ်စက်များကိုသုံးစွဲကာ ကြံကို တောက်တောက်စင်းပြီး ကြံတို ကြံဆစ်ချောင်းများ (Billet cane) ကိုသယ်ယူရာတွင် ကြံအရည်အသွေးကို ပျက်ပြားစေသဖြင့် သကြားစက်၌ သကြားအထွက်လျော့နည်းနိုင်သည်။ 

သို့ပါ၍ကြံခုတ်သိမ်းပြီး သကြားဓာတ်အရည်အသွေးကျဆင်းမှုဆိုင်ရာ ကွာခြားချက်များကို ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၌ ၁၉၈၃ မှ ၁၉၈၅ ခုနှစ်အတွင်းဆောင်ရွက်ခဲ့သောသုတေသနတွေ့ရှိချက်များကို အခြေခံ၍ တင်ပြသွားပါမည်။

သကြားဓာတ်အရည်အသွေးပိုင်းတွင် ဆူးကရိုစ့်ဓာတ် ခေါ် သကြားဓာတ်နှင့် သန့်စင်နှုန်းခေါ် သကြားဓာတ်သန့်စင်မှု၊ ဓာတ်လျော့သကြား သို့မဟုတ် ဓာတ်ပျက်သကြားပါဝင်မှု၊ အချဉ်ဓာတ်ပေါက်မှုနှင့် Brix ခေါ် အပျစ်နှုန်း သို့မဟုတ် ကြံရည်ထဲရှိပါဝင်ပစ္စည်းများပါဝင်မှုတို့ကို သကြားဓာတ်ခွဲခန်း၌ ဓာတ်ခွဲတိုင်းတာရပါသည်။ 

ခုတ်သိမ်းပြီးရက်ကြာလာသည်နှင့်အမျှ အပျစ်နှုန်း (Brix)၊ ဓာတ်ပျက်သကြားနှင့် အချဉ်ပေါက်မှု (Titratable acidity) တို့မှာ တိုးမြင့်လာပါသည်။ သကြားဓာတ်နှင့် သန့်စင်နှုန်းတို့မှာ ကျဆင်းလာပါသည်။

ခုတ်ပြီး ၃ ရက်မြောက်တွင် လတ်ဆတ်သောကြံမှထွက်နိုင်မည့်သကြားထွက်၏ ၅%၊ ၆ ရက်မြောက်တွင် ၁၄%၊  ၉ ရက်မြောက်တွင် ၁၈%၊ ၁၅ ရက်မြောက်တွင် ၂၈% အသီးသီးလျော့နည်းဆုံးရှုံးနိုင်ပါသည်။

အရည်အသွေးကျဆင်းမှုမှာ ကြံမျိုးအလိုက်ကွာခြားပါသည်။ ကျောက်စိမ်းခေါ် CO 798 သည် ဆုံးရှုံးမှုမြင့်မား၍ ဖော်မိုဆာ ခေါ် F153 သည် အရည်အသွေးကျဆင်းမှုနည်းသည်။ ရေဆင်း ၁ (CO 1148)၊ ရေဆင်း ၂ (Triton) တို့သည် ခုတ်ပြီး အရည်အသွေးကျဆင်းမှုအလယ်အလတ်နှုန်းရှိပါသည်။

ဤစမ်းသပ်ချက်မျိုးကို ယခုအခါမဆောင်ရွက်သေးသဖြင့် လက်ရှိသုံးသောကြံမျိုးများ၏ အရည် အသွေး အဆင့်အတန်းကိုမတင်ပြနိုင်ပါ။ ကြံအထွက်နှုန်းကောင်းခြင်းနှင့် သကြားဓာတ်ပါဝင်မှုမြင့်မားခြင်းအပြင် ခုတ်သိမ်းပြီးနောက်ကြံအရည်အသွေး ပျက်ယွင်းကျဆင်းခြင်းကို တိုင်းတာလေ့လာထားပါက သကြားစက်ရုံ၏သကြားအထွက်နှုန်းကောင်းရေးအတွက် အထောက်အကူပြုသောသတင်းအချက်အလက် စံနှုန်းစံညွှန်းများကို ထုတ်ဖော်ပေးနိုင်ပါသည်။

ရက်ကြာ၍ ကြံရည်တွင် အချဉ်ပေါက်ခြင်းကို  ပီအိတ်ချ် (pH) ဖြင့်တိုင်းတာ၍ သိသာထင်ရှားစွာမတွေ့နိုင်ပါ။ ကြံရည်ကို 0.1 N NaOH ဆိုဒီယမ်ဟိုက်ဒရောဆိုက်နှင့် ဓာတ်ပြုအချဉ်ပေါက်၍ရသော တန်ဖိုးပေါ်မူတည်ပြောပါက ပိုမိုတိကျစွာပြောနိုင်သည်။ ကြံခုတ်စက်ဖြင့် ကြံပင်ကိုအပိုင်းပိုင်းဖြတ်၍သယ်သောစနစ်တွင် ဘတ်တီးရီးယားပြန့်ပွားမှုလွယ်၍ အချဉ်ပေါက်လာပါက ကြံရည်တွင် ဒက်စတင် (Dextrin) ပါဝင်မှုကို တိုင်းတာကြည့်နိုင်သည်။ ဒက်စတင်သည် အချဉ်ပေါက်နေသောကြံရည်တွင် ပျစ်ချွဲနေသောဓာတ်ပျက်ပစ္စည်းများဖြစ်သည်။ သကြားစက်များတွင် ဒက်စတင်ဓာတ်ဖြစ်ပေါ်မှုအများအစားတွေ့လာလျှင် သကြားအထွက်နှုန်းကိုထိခိုက်နိုင်သဖြင့် ကြိုတင်ကာကွယ်မှုနှင့် ကြံရည်သန့်ရှင်းမှုကိုဆောင်ရွက်ရတော့မည်ဖြစ်သည်။

အချုပ်အားဖြင့် သကြားအထွက်နှုန်းကောင်း၍ သကြားဓာတ်ပါဝင်မှုမြင့်မားသောကြံမျိုးကို စိုက်ပျိုး ထုတ်လုပ်ရုံဖြင့်မပြီးသေးပါ။ ကြံခုတ်သိမ်းပြီး သကြားစက်ကိုပို့ရာတွင် ကြံရည်၏သကြားဓာတ် ယိုယွင်းပျက်စီးမှု အနည်းဆုံးဖြစ်အောင်စီမံဆောင်ရွက်ရန်လိုအပ်သည်။ ရက်လွန်၊ ဒါးလွန်ကြံများကို ကြိတ်ဝါးရ၍ အချဉ်ဓာတ် ပေါက်ခြင်းကိုကာကွယ်ရန်လိုအပ်ပါသည်။ ခုတ်သိမ်းပြီး လတ်ဆတ်သောကြံမျိုးကောင်းများကို ၂၄ နာရီအတွင်း ကြိတ်ဝါးရန်လိုအပ်ပါသည်။ 

(ကြံသုတေသီများအတွက် အသေးစိတ်ကြည့်ရှုနိုင်ရန် အောက်ပါပူးတွဲပါ ပုံ ၁၊ ၂၊ ၃ တို့ကိုဖော်ပြအပ်ပါသည်)

စံသိန်း (စိုက်ပျိုးရေး)

စာကိုး။ San Thein and Than Than Nu. 1986, Varietal difference in post-harvest deterioration of sugarcane. Proc. Myanmar Agric. Sci, Research Div. 17 th, Congress, Yangon.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်