ယူကရိန်းက စစ်ပြေး စစ်ရှောင် ခွေးလေးကြောင်လေးတွေ ..

25/03/2022 15:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ယူကရိန်းတောင်ပိုင်း ကမ်းရိုးတန်းမြို့ 'မီကိုလိုက်ယက်' ကနေ နေ့ဝက်ခရီးလောက် ရထားစီးလာပြီးချိန်မှာ တာတီယာနာတစ်ယောက် မိသားစုကို ခေါ်ပြီး ပိုလန်နိုင်ငံထဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ယခု ပိုလန်နယ်စပ်နဲ့ ကီလိုမီတာ ၈၀ ပဲ ဝေးတော့တဲ့ 'လီဗစ်' မြို့ ဘူတာရုံအပြင်မှာ သူမ ရပ်နေတာပါ။ ဘေးမှာက အထုပ်အပိုးတစ်ပုံတစ်ပင်နဲ့ ရှစ်နှစ်အရွယ် သမီးငယ်လေးတစ်ယောက်။ နောက်ပြီး ပြောက်ကျားကုတ်အင်္ကျီကလေး ဝတ်ပေးထားတဲ့ခွေးပေါက်ကလေး ဂူချီ။ ခွေးလေးခမြာ ကုတ်အင်္ကျီက ပါးလွန်းတော့ အချမ်းတောင် မလုံရှာပါဘူး။

"ဂူချီလေးပါ ခေါ်လာဖို့က သိပ်လွယ်တဲ့ဆုံးဖြတ်ချက်ပါ။ သူလည်း မိသားစုဝင်ပဲလေ" လို့ တာတီယာနာက ပြောပါတယ်။ ဥရောပသမဂ္ဂကလည်း ခိုလှုံသူဒုက္ခသည်တွေအတွက်တင်မက သူတို့နဲ့ပါလာတဲ့ အချစ်တော်တိရစ္ဆာန်လေးတွေအတွက်ပါ ခိုလှုံခွင့်တွေ ဖြေလျှော့ပေးထားတာကြောင့် အထောက်အကူ ဖြစ်ရပါတယ်။

ပူတင်ရဲ့စစ်ပွဲကြောင့် ပြေးလာကြရတဲ့ ယူကရိန်းနိုင်ငံသားတွေဟာ ကြောင်လေးတွေကို ခြင်းထဲထည့်၊ ခွေးလေးတွေကို လည်ပတ်ကြိုးနဲ့ ဆွဲလို့ ခေါ်ဆောင်လာကြပါတယ်။ မိသားစုတွေထဲမှာ ဖခင်ယောကျ်ားသားတွေက နိုင်ငံအတွက် တိုက်ပွဲဝင်ဖို့ နေရစ်ခဲ့ကြတယ်။ အဲဒီလို မိတကွဲဖတကွဲ ဖြစ်နေချိန် ကလေးတွေဟာ သူတို့အချစ်တော်လေးတွေကိုပါ ထားပစ်ခဲ့ရပြီး တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်မှာမျိုးကို ဘယ်သူမှ မလုပ်လိုကြပါဘူး။

ဒါဟာ ဟိုးအရင် ပဋိပက္ခတွေနဲ့ ယှဉ်ကြည့်ရင် အပြောင်းအလဲတစ်ခုပါပဲ။ ဒုတိယကမ္ဘာစစ်မီးကြီး လန်ဒန်မြို့ကို စတင်လောင်မြိုက်တော့ ပိုင်ရှင်တွေဟာ သူတို့ ခွေး၊ ကြောင်တွေကို ကမန်းကတန်း သတ်ပစ်ခဲ့ကြရဖူးတယ်။ စားနပ်ရိက္ခာပြတ်လပ်လာတော့မှာကို တွေးပူတဲ့ ဗြိတိသျှအစိုးရက တိရစ္ဆာန်ဇီဝိန်ခြွေဆေးခန်းတွေ ဖွင့်ပေးတယ်။ သူတို့တွေကို သုတ်သင်လိုက်တာကပဲ စစ်ရဲ့ အနိဋ္ဌာရုံကနေ လွတ်ငြိမ်းစေမယ်၊ သူတို့အပေါ် ကြင်နာရာအကျဆုံးဖြစ်မယ်လို့ ပိုင်ရှင်တွေကို ဖျောင်းဖျခဲ့တယ်။ ခွေးတွေ၊ ကြောင်တွေ ဘယ်လောက်ထိ သုတ်သင်ခဲ့ရသလဲဆိုရင် တချို့တိမွေးကုဆေးခန်းတွေမှာ ကလိုရိုဖောင်းမေ့ဆေး ပြတ်ကုန်တဲ့အထိပဲ။ နောက်ပိုင်းခေတ်မှာတော့ လူတွေရဲ့ စိတ်နေသဘောထား ပိုပြီး ပျော့ပျောင်းလာတယ်။ အနောက်တိုင်းသားတွေက အိမ်မွေးတိရစ္ဆာန်တွေကို လူတစ်ယောက်လိုအထိ ဆက်ဆံလာကြတယ်။ ယူကရိန်းက ခွေးကြောင်ပိုင်ရှင် ငါးယောက်မှာ ‌လေးယောက်က သူတို့တိရစ္ဆာန်လေးတွေကို မိသားစုဝင်လို သဘောထားကြတယ်တဲ့။

၂၀၁၅ ထဲမှာ ဥရောပတိုက်ကို ဒုက္ခသည်တွေ အုံနဲ့ကျင်းနဲ့ ဝင်လာခဲ့စဉ်တုန်းကတော့ ဆီးရီယားတွေ‌ရော၊ အာဖဂန်လူမျိုးတွေပါ အိမ်မွေးတိရစ္ဆာန်တွေ သယ်လာတာ မတွေ့ရပါဘူး။ လာရတဲ့ခရီး ရှည်လွန်းတာအပြင် ရေမလုံ့တလုံ လှေလေးတွေနဲ့ မြေထဲပင်လယ်ကို ဖြတ်လာကြရတာမို့ နေရာမလောက်တာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် မွတ်ဆလင်လူ့အဖွဲ့အစည်းမှာက အိမ်မွေးတိရစ္ဆာန်ကို လူသဖွယ် သဘောမထားတတ်တာကြောင့်လည်း ပါမယ်လို့ လူနဲ့တိရစ္ဆာန်တွေကြား ဆက်နွှယ်မှုကို လေ့လာတဲ့ အငြိမ်းစားပညာရှင်တစ်ဦးဖြစ်သူ ဂျွန်ဘရက်ရှောက ပြောပါတယ်။

ပြောရရင်တော့ တိရစ္ဆာန်လေးတွေအများအပြားဟာ ယူကရိန်းနိုင်ငံထဲမှာ ကျန်ရစ်ခဲ့ကြဆဲပါ။ ယခုအခါ ဗုံးခိုအဆောက်အအုံတွေ ဖြစ်နေတဲ့ ကိဗ်မြို့ မြေအောက်ရထားဘူတာရုံတွေထဲမှာဆိုရင် ခွေးလေး၊ ကြောင်လေးတွေ ပြည့်နှက်နေတယ်။ တချို့ကလည်း ပိုင်ရှင်နဲ့ တီးတိုးလေး ပွတ်သပ်ကျီစယ်နေကြတယ်။ 'ဒိုရိုဟိုဇစ်ချီ' ဘူတာရုံထဲ ရောက်လာတဲ့တစ်ကောင်ကတော့ ယုန်ဖြူလေးပါ။ သခင်ဖြစ်သူ တာရီယာ ဗလာဇီဗစ်ရဲ့ လက်ပ်တော့အနီး ကျောပိုးအိတ်လေးထဲမှာ ဝင်ခွေနေတယ်။ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ဗလာဇီဗစ်က သူ့ယုန်လေးဟာ အလိုလိုနေရင်းတောင် ကြောက်ရွံ့နေတတ်ပြီး ဗုံးသံတွေကြားရင် ပိုဆိုးကြောင်း ပြောပြတယ်။ ဘူတာရုံထဲမှာရှိတဲ့ နိုင်ငံသားတွေအတွက် အစားအစာ မပူပင်ရပေမဲ့ ယုန်ကလေးအတွက်အစာဖြစ်တဲ့ မြက်နဲ့ ခါကြက်ဥတို့ကတော့ ပြတ်လုနီးနေပြီလို့ ပြောပါတယ်။

တချို့ ကံဆိုးသူ တိရစ္ဆာန်လေးတွေကတော့ သူတို့သခင်နဲ့ ကွဲကွာနေကြပါတယ်။ ကျူးကျော်စစ် စတင်ချိန်မှာ သူတို့ဟာ မြို့အပြင်ဘက် သခင်နဲ့ဝေးရာကို ရောက်နေခဲ့ကြတာကြောင့်ပါ။ အဲဒီထဲက အနည်းငယ်ကတော့ ကိဗ်မြို့တောင်ပိုင်းက 'Dog City' ခွေးဂေဟာမှာ ခိုလှုံရာ ရသွားကြပါတယ်။ ဂေဟာမှူး စန်ဒရာအစ္စချန်ကိုက ခွေးတွေ ကြောင်တွေတင်မက၊ ကြက်တူရွေးပါ လက်ခံပေးပါတယ်။ ရုရှားတွေ ဝင်လာပြီဆိုရော ရစ်ဘီးအိမ်ထဲ တစ်နေကုန် ပတ်ပြေးနေတဲ့ ဖြူကောင်လေး 'ဆိုင်မွန်' ကိုလည်း ခိုလှုံခွင့် ပေးထားပါတယ်။ ပိုင်ရှင်တွေအနေနဲ့ သူတို့အချစ်တော်လေးတွေ သာကြောင်းမာကြောင်း လှမ်းမေးနေစရာမလို၊ ဝက်ဘ်ကင်မရာကတစ်ဆင့် ၂၄ နာရီပတ်လုံး စောင့်ကြည့်နေလို့ရတယ်လို့ ဂေဟာမှူးက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: The cats and dogs of war - The Economist

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်