စိုက်ပျိုးရေးကဏ္ဍတွင် ပျားမွေးမြူရေး၏ အရေးပါပုံ(၁)

28/09/2020 19:00 PM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား

ဦးကြီးတို့ မင်္ဂလာပါဗျ။

     အချို့သောတောင်သူဦးကြီးများသည် မိမိတို့စိုက်ခင်းဘေးတွင် ပျားပုံးများလာရောက် ချထားသောအခါ “ပျားကောင်တွေက သီးနှံတွေရဲ့ ပန်းပွင့်ထဲရှိ ဝတ်ရည်တွေ၊ ဝတ်မှုန်တွေကို စုပ်ယူသွားတော့ ငါတို့ရဲ့အပင်တွေ အသီးသီးပါဦးမလား” ဟုတွေးတက်ကြပါတယ်။ ပျား ကောင်လေးတွေက အပင်တွေကို ဘယ်လိုအကျိုးပြုပေးသလဲဆိုတာ ဆက်လေ့လာကြရအောင်။

     မြန်မာနိုင်ငံတွင် ခေတ်မီပျားမွေးမြူရေး စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ပျားရည်နှင့်ပျားထွက်ပစ္စည်းများ ရရှိရန်သာမဟုတ်ဘဲ၊ စိုက်ပျိုးသီးနှံများ (၂)ဆ မှ(၁၀)ဆ အထိ အထွက်တိုးရန်မှာလည်း ရည်ရွယ်ချက်တစ်ခုဖြစ်ပါသည်။ ပျားမွေးမြူရေးကြောင့် စိုက်ပျိုး ပင်များ၊ သဘာဝပေါက်ရောက်ပင်များသည် ဝတ်မှုန်ကူးခြင်းကို ပိုမိုဖြစ်ထွန်းစေပြီး သီးနှံများ အထွက်တိုးစေခြင်းဖြစ်ပါသည်။

     ပန်းပွင့်များဝတ်မှုန်ကူးခြင်းကို လေ့လာရာတွင် ပန်းပွင့်တစ်ပွင့်၏ အခြေခံဖွဲ့စည်း တည်ဆောက်ထားခြင်းအား သိရှိထားရန်လိုအပ်ပေသည်။ အပင်တစ်ပင်သည် အသီးသီး ရန်အတွက် ပထမအဆင့်အနေဖြင့် ပန်းပွင့်များပွင့်ရလေသည်။ ပန်းပွင့်ဘဝတွင် ဝတ်မှုန်ကူးခြင်းကို အောင်မြင်စွာဖြစ်ပေါ်စေပြီးမှသာလျှင် သန္ဓေအောင်ခြင်းကို ဆက်လက်ဖြစ်ပေါ်ပြီး အသီးဘဝသို့ ရောက်သွားရလေသည်။ ပန်းပွင့်ကိုအခြေခံအားဖြင့် ၃မျိုးခွဲခြားထားသည်။

၎င်းတို့မှာ-

   (က) အဖိုပွင့်

   (ခ) အမပွင့်

   (ဂ) လိင်စုံပွင့်

     အဖိုပွင့်တွင် အဖိုအင်္ဂါသာပါရှိပြီး ဝတ်မှုန်များရရှိနိုင်သည်။ အမပွင့်တွင် အမအင်္ဂါသာ ပါရှိပြီး အောင်မြင်စွာဝတ်မှုန်ကူးပြီးနောက် အသီးအဖြစ်သို့ပြောင်းလဲသွားနိုင်သည်။ လိင်စုံပွင့်တွင် အဖိုအင်္ဂါနှင့် အမအင်္ဂါနှစ်မျိုးပါရှိပြီး၊ ဝတ်မှုန်ရရှိနိုင်သကဲ့သို့ အသီးဘဝသို့လည်း ပြောင်းသွားနိုင်ပါသည်။ 

     ပန်းပွင့်တစ်ပွင့်၏ အပြင်ဆုံးအင်္ဂါမှာ ပွင့်ဖတ်ဖြစ်ပြီး များသောအားဖြင့် အစိမ်းရောင် အဖြစ်တွေ့ရသည်။ ပွင့်ဖတ်၏အတွင်း၌ ပွင့်ချက်ပါရှိပြီး ပန်းပွင့်၏ အတွင်းပိုင်းအင်္ဂါများ ပျက်စီးမသွားစေရန် ကာကွယ်ထားသကဲ့သို့ ဝတ်မှုန်ကူးခြင်းကိုဆောင်ကျဉ်းမည့် အင်းဆက် ပိုးကောင်များကို ဆွဲဆောင်ရန် တောက်ပြောင်သောအရောင်များဖြင့် တန်ဆာဆင်ထားသည်။ ပွင့်ချက်၏ အတွင်းပိုင်းအင်္ဂါမှာ ဝတ်ဆံဖိုဖြစ်သည်။ ဝတ်ဆံဖိုသည် ဝတ်ဆံဖိုတိုင်၏ ထိပ်တွင် ရှိပြီး ထောင်ပေါင်းများစွာသော ဝတ်မှုန်ကလေးများပါရှိသည်။ ပန်းပွင့်၏ အတွင်းဆုံးအင်္ဂါမှာ ဝတ်ဆံမဖြစ်သည်။ ၎င်းကို ဝတ်မှုန်ခံတိုင်နှင့်သားဥအိမ်ဟူ၍ နှစ်ပိုင်းခွဲထားသည်။

     ပန်းတစ်ပွင့်၏ ဝတ်ဆံဖိုမှ ဝတ်မှုန်ကလေးများသည် တစ်ပွင့်တည်းမှာရှိ ဝတ်ဆံမတိုင် သို့မဟုတ် အခြားပန်းပွင့်တစ်ပွင့်ရှိ ဝတ်မှုန်တိုင်သို့ ရောက်ရှိသွားခြင်းကို ဝတ်မှုန်ကူးခြင်း ဟုခေါ်ပါသည်။ ဝတ်ဆံမတိုင်ထိပ်သို့ ရောက်ရှိသွားသော ဝတ်မှုန်ကလေးများသည် အညှောင့်ထွက်လာပြီး ဝတ်ဆံမအိမ်သို့ သွားရောက်ပူးပေါင်းမိခြင်းဖြင့် သန္ဓေအောင်ခြင်းကို ဖြစ်ပေါ်စေသည်။ ရက်အနည်းငယ်ကြာသောအခါ ဝတ်ဆံမအိမ်သည် တဖြည်းဖြည်း ကြီးထွားလာပြီး အသီးဘဝသို့ ပြောင်းလဲလာသည်။

     အကယ်၍ ပန်းတစ်ပွင့်ရှိ ဝတ်မှုန်သည် တစ်ပွင့်တည်းမှာရှိသော ဝတ်ဆံမ သို့မဟုတ် တစ်ပင်တည်းမှာရှိ အခြားပန်းတစ်ပွင့်သို့ ဝတ်ဆံမရောက်ရှိသွားခြင်းကို ပင်တည်း သန္ဓေ အောင်ခြင်းဟုခေါ်သည်။ အကယ်၍ ပန်းတစ်ပွင့်ရှိ ဝတ်မှုန်သည် အခြားမျိူးတူ  အပင်တစ်ပင် တွင်ရှိသည့် ပန်းပွင့်၏ ဝတ်ဆံမသို့ ရောက်ရှိသွားခြင်းကို ပင်ခြားဝတ်မှုန်ကူးခြင်း ဟုခေါ်သည်။ ဝတ်မှုန်ကူးခြင်းကို ဖြစ်ပေါ်စေသော အဓိကအကြောင်းရင်းကြီးများမှာ-

(က) လေ

(ခ) ငှက်များ

(ဂ) အင်းဆက်များ ဖြစ်ကြပါသည်။

     သေးငယ်ပေါ့ပါးပြီး အရေအတွက် ထောင်ပေါင်းများစွာပါရှိသော ဝတ်မှုန်ကလေးများ ပါရှိသည့် စပါး၊ ပြောင်း၊ မြက်မျိုးရင်းဝင်အပင်များသည် လေအားဖြင့် ဝတ်မှုန်ကူးကြသည်။ အအေးပိုင်းဒေသတွင် ပေါက်ရောက်သော အပင်အချို့ရှိ အပွင့်များသည် ချိုမြသောဝတ်ရည် ပါရှိခြင်းကြောင့် ငှက်များက လာရောက်စုပ်ယူခြင်းဖြင့် ဝတ်မှုန်များငှက်၏ ကိုယ်တွင်းကပ် ငြိပြီး ပန်းပွင့်တစ်ပွင့်မှတစ်ပွင့်သို့ ရောက်ရှိပြီး ဝတ်မှုန်ကူးခြင်းကို ဖြစ်ပေါ်စေသည်။ ဝတ်မှုန်သည် စေးကပ်ပြီး ဝတ်မှုန်များကို ပျားပိတုန်း၊ လိပ်ပြာစသော အင်းဆက်ပိုးကောင်များက သယ်ယူပေးခြင်းဖြင့် ဝတ်မှုန်ကူးခြင်းပြုကြသည်။ လူသားတို့အတွက် အဓိကအစားအစာ အဖြစ် အသုံးဝင်သော အပင်တော်တော်များများ အင်းဆက်ပိုးကောင်များဖြင့် ဝတ်မှုန်ကူး ကြသည်။ အင်းဆက်ပိုးကောင် များအနက် ပျားများသည် ဝတ်မှုန်ကူးခြင်းကို ပိုမိုဆောင် ရွက်ပေးနိုင်ကြောင်း တွေ့ရှိရသည်။

ကျမ်းကိုး

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်