ခရမ်းချဉ်ပင်မှာ ကျရောက်တတ်တဲ့ မီးခိုးမှိုရောဂါ

17/07/2023 14:51 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

Botrytis cinerea မှိုကြောင့် ဖြစ်ပေါ်လာတဲ့ မီးခိုးမှိုရောဂါဟာ ခရမ်းချဉ်သီးထွက်ရှိမှုကို သိသိသာသာ ဆုံးရှုံးစေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

ခရမ်းချဉ်ပင်တွေရဲ့ ပင်စည်ပေါ်မှာ မီးခိုးရောင် (သို့မဟုတ်) အမည်းရောင် ဖြစ်ပေါ်လာတာ တွေ့ရမယ်ဆိုရင် ၎င်းပြဿနာဟာ မီးခိုးမှိုရောဂါလို့ ခေါ်ဆိုကြတဲ့ botrytis blight ရောဂါကျရောက်နေတာ ဖြစ်နိုင်ပါတယ်။ ခရမ်းချဉ် သီးကို မည်းသွားစေတဲ့ အသီးထိပ်ပုပ်ရောဂါ (blossom end rot) နဲ့ မတူတဲ့အချက်ကတော့ မီးခိုးမှိုရောဂါဟာ အများအားဖြင့် ပင်စည်ကနေ စတင်ဖြစ်ပွားပြီး အသီးနဲ့ တစ်ပင်စလုံးကို ပြန့်နှံ့ကျရောက်စေတာ ဖြစ်ပါတယ်။ 

စိုက်ခင်းထဲမှာ အမြဲလိုလိုရှိနေတတ်တဲ့ မှိုစပိုးတွေနဲ့ ရောဂါပိုးမွှားတွေဟာ ခရမ်းချဉ်အရွက်တွေပေါ်မှာ မီးခိုးရောင် သို့မဟုတ် အနက်ရောင် အစက်အပြောက်များ ဖြစ်ပေါ်လာစေပြီး ပိုဆိုးတာက ခရမ်းချဉ်သီးတွေပေါ်မှာပါ  အစက်အပြောက်တွေ ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။

ခရမ်းချဉ်ပင်မှာ ကျရောက်တတ်တဲ့ရောဂါအများစုဟာ ကုသခြင်းထက် ကြိုတင်ကာကွယ်ထားဖို့ကိုသာ ပြုလုပ်သင့်တာ ဖြစ်ပါတယ်။ ကာကွယ်နိုင်ဖို့ဆိုရင် ရောဂါရဲ့ ပထမဆုံးတွေ့ရှိရမဲ့ လက္ခဏာတွေကို သတိပြုမိပြီး အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ ရောဂါလက္ခဏာတွေ ပြနေပြီဖြစ်တဲ့ ခရမ်းချဉ်ပင်ကို ကယ်တင်နိုင်ဖို့ အခွင့်အလမ်းနည်းပေမဲ့ ရောဂါဆက်လက်မပြန့်ပွားအောင်တော့ ကာကွယ်နိုင်ပါတယ်။ 

Botrytis blight (သို့မဟုတ်) မီးခိုးမှိုရောဂါဟာ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ နဲ့ ပီအိုနီ (peonies) အပါအဝင် အပင်အမျိုးပေါင်း ၁၀၀၀ ကျော်ထိ ကျရောက်နိုင်တဲ့ မှိုရောဂါတစ်မျိုး ဖြစ်ပါတယ်။ ထို့အပြင် ဒီရောဂါဟာ ပျိုးပင်တွေမှာကျရောက်တတ်တဲ့ ခါးရိရောဂါနဲ့ ပင်စည်၊ အဖူး၊ အသီး၊ အပွင့်တို့ကို ပုပ်စေတတ်တဲ့ ရောဂါအမျိုးမျိုးကိုပါ သယ်ဆောင်နိုင်တာ ဖြစ်ပါတယ်။

ရောဂါလက္ခဏာ 

မီးခိုးမှိုရောဂါဟာ ကူးစက်ခံရတဲ့ တစ်သျှူးတွေပေါ်မှာ ထူထပ်သိပ်သည်းပြီး နူးညံ့တဲ့ အညိုရောင်ခပ်မှိုင်းမှိုင်း မှိုစပိုး အစုအဝေးကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ ခရမ်းချဉ်အရွက်နဲ့ ပင်စည်ပေါ်က အနာတွေဟာဆိုရင် အဝါရောင်သမ်းနေရာကနေ အညိုရောင်အထိ တွေ့ရှိရမှာဖြစ်ပါတယ်။

အရွက်ပျက်စီးခြင်း၊ အက်ကွဲကြောင်းတွေနဲ့ ထိခိုက်ဒဏ်ရာများမှ တစ်ဆင့် စိုထိုင်းဆများတဲ့ ကာလတွေမှာ ပင်စည်အတွင်း ရောဂါပိုးဝင်ခြင်း ဖြစ်ပွားလေ့ရှိပါတယ်။ မှိုစပိုးတွေဟာ ရက်သတ္တပတ်ပေါင်း ၁၂ ပတ်ကျော်အထိ ငုပ်လျှိုး(မြုံ) နေနိုင်ပြီး အပင်ထိခိုက်ဒဏ်ရာရပြီး ဖိစီးမှုဖြစ်တဲ့အခါမှာတော့ မှိုစပိုးတွေ စတင်ပေါက်ပွားကြတာ ဖြစ်ပါတယ်။ 

မှိုတွေ ကြိုက်နှစ်သက်တဲ့ အပူချိန်ကတော့ ၁၇ - ၂၃ ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ပါတယ်။

မီးခိုးမှိုရဲ့ ပထမဆုံးလက္ခဏာကို ခရမ်းချဉ်ပင်ရဲ့ ပင်စည်ပေါ်မှာ စတင်တွေ့ရှိရမှာဖြစ်ပါတယ်။ ပင်စည်ပေါ်မှာ အမည်းရောင် အစက်အပြောက် (သို့မဟုတ်) အမည်းရောင် အကွင်းတွေအနေနဲ့ ပေါ်လာမှာဖြစ်ပါတယ်။ ပင်စည်ပေါ်က အနာတွေဟာ တဖြည်းဖြည်းနဲ့ ဧရိယာကျယ်လာမှာဖြစ်ပြီး ရောဂါပိုးဝင်တဲ့ နေရာရဲ့အထက်ပိုင်း ပင်စည်တစ်ခုလုံးဟာ ညှိုးနွမ်းလာမှာ ဖြစ်ပါတယ်။ စိုထိုင်းဆများတဲ့ အခြေအနေမှာဆိုရင်တော့ ပင်စည်နဲ့ အရွက်တွေပေါ်မှာ အစက်အပြောက်တွေကို ထင်ထင်ရှားရှား မြင်တွေ့ရမှာဖြစ်ပါတယ်။ 

ပန်းပွင့်တွေဟာလည်း ရောဂါကျရောက်မှုကို ခံနိုင်မရှိတာကြောင့် အသီးဖြစ်ပေါ်မှုကိုပါ ထိခိုက်နိုင်ပါတယ်။ မီးခိုးမှိုဆိုတဲ့ နာမည်အတိုင်းပဲ ခရမ်းချဉ်သီးတွေပေါ်မှာလည်း မီးခိုးရောင်မှိုတွေကို မပီမသနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာဟာ အသီးပေါ်မှာ အရောင်ခပ်ဖျော့ဖျော့ အစက်အပြောက်တွေကို စတင်တွေ့ရှိရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တဖြည်းဖြည်းနဲ့ ပုပ်စပြုလာမှာ ဖြစ်ပါတယ်။ မရင့်မှည့်သေးတဲ့ အသီးတွေဟာ အညိုရောင်ခပ်ဖျော့ဖျော့ (သို့မဟုတ်) အဖြူရောင် ပြောင်းသွားနိုင်ပြီး အသီးရဲ့ အတွင်းအသားဟာ နူးညံ့ပျော့ပျောင်းလာကာ မှိုတက်နေတဲ့ ပုံစံမျိုး  ဖြစ်ပေါ်လာနိုင်ပါတယ်။ 

စိုက်ပျိုးသူအများစုဟာ အပင်မှာ ရောဂါလက္ခဏာထင်ထင်ရှားရှား မတွေ့ရမချင်း သတိမပြုမိကြတာ များပါတယ်။ မီးခိုးမှိုကျရောက်တာနဲ့တပြိုင်နက် အပင်ရဲ့အစိတ်အပိုင်းအားလုံးကို ပျံ့နှံ့သွားနိုင်တာ ဖြစ်ပါတယ်။ ခရမ်းချဥ်ပင်တွေမှာ ကျရောက်တတ်တဲ့ ရောဂါလက္ခဏာတွေဟာ အစောပိုင်းအဆင့်မှာ ဆင်တူနေလေ့ရှိတာကြောင့် သေချာစစ်ဆေးဖို့တော့ လိုအပ်ပါတယ်။

ကာကွယ်ခြင်း

ကံမကောင်းစွာနဲ့ပဲ မီးခိုးမှိုရောဂါကို သဘာဝအတိုင်း ခံနိုင်ရည်ရှိတဲ့ ခရမ်းချဉ်မျိုးရယ်လို့တော့ မရှိပါသေးပါဘူး။ မှိုသတ်ဆေးတွေဟာ ရောဂါဖြစ်ပွားမှုကို ဟန့်တားဖို့ကူညီနိုင်ပေမဲ့လည်း ရောဂါကျရောက်ပြီးသား အပင်တွေကိုတော့ လုံးဝပျောက်ကင်းအောင် ကုသနိုင်မှာ မဟုတ်ပါဘူး။

ဒီလိုအခြေအနေမှာ အထိရောက်ဆုံးပြုလုပ်နိုင်တာကတော့ ရောဂါကျရောက်ပြီး ထိခိုက်ပျက်စီးနေတဲ့ အပင်တွေနဲ့ အသီးတွေကို ဖယ်ရှားဖျက်စီးပြီး ကောင်းမွန်နေသေးတဲ့ အပင်တွေကို ကာကွယ်ဆေးဖျန်းပေးဖို့ပဲ ဖြစ်ပါတယ်။ ကော့ပါး၊ ဆာလဖာ၊ (သို့မဟုတ်) တမာအာနိသင် ပါဝင်တဲ့ ဆေးတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ 

 ခရမ်းချဥ်သီး ခူးဆွတ်စားသုံးခါနီးဆိုရင်တော့ အော်ဂဲနစ်မှိုသတ်ဆေးတွေကိုပဲ အသုံးပြုသင့်ပါတယ်။ 

ရောဂါကျရောက်လေ့ရှိတဲ့ စိုက်ခင်းတွေဆိုရင် နောက်လာမဲ့ရာသီမှာ ဖြစ်နိုင်ပါက အခြားသီးနှံတစ်မျိုးနဲ့ သီးလှည့်စိုက်ပျိုးခြင်းကို ကျင့်သုံးသင့်ပါတယ်။

မီးခိုးမှိုရဲ့ မှိုစပိုး (Botrytis spores) တွေဟာ အပင်အကြွင်းအကျန်နဲ့ စိုက်ခင်းမြေဆီလွှာထဲမှာ ဆောင်းရာသီတစ်တွင်းလုံး ဆောင်းခိုနိုင်တာကြောင့် သီးနှံစိုက်ပျိုးမဲ့ ရာသီအစောပိုင်းမှာ အော်ဂဲနစ်မှိုသတ်ဆေးတွေကို ကြိုတင်ကာကွယ် ဖြန်းထားမယ်ဆိုရင် ပိုကောင်းပါတယ်။ စိုက်ခင်းထဲမှာ မီးခိုးမှိုရောဂါရဲ့ လက္ခဏာပြတဲ့ အပင်တွေကို တွေ့တာနဲ့တပြိုင်နက် အမြန်ဆုံး ဖယ်ရှားပေးခြင်းဟာလည်း ထိရောက်တဲ့ ကာကွယ်နည်းတစ်ခု ဖြစ်ပါတယ်။

ဇင်ထူးနိုင်

Ref: https://www.thespruce.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်