ကမ္ဘာတလွှား စိတ်ဝင်စားဖွယ်မွေးမြူရေးသတင်းများ (ကြက်ပြဿနာများ)

24/05/2023 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

သက်ခိုင် စုစည်းတင်ပြသည်။

ကြီးမားကျယ်ပြန့်လာနေတဲ့ ကြက်ရောဂါကာကွယ်ဆေး ဈေးကွက်

ကမ္ဘာတလွှားက ကြက်ရောဂါကာကွယ်ဆေးတွေရဲ့ ဈေးကွက်ဟာ ၂၀၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၉၂ ဘီလီယံ တန်ဖိုးရှိပြီး၊ နောက်ထပ် ၁၀ နှစ်အကြာ ၂၀၃၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃.၃၂ ဘီလီယံအထိ ရှိလာမယ်လို့ ဆိုပါတယ်။ ၂၀၂၃ ကနေ ၂၀၃၂ ခုနှစ်အကြား နှစ်စဉ်ဈေးကွက်ရဲ့ ကျယ်ပြန့်တိုးတက်လာမှုနှုန်း ဟာ ၇.၀၅ ရာခိုင်နှုန်းရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံတကာ ဈေးကွက်သုတေသနအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Market Research Future (MRFR) ရဲ့ “Poultry Vaccines Market Information by Diseases, Technology, Dosage Form, and Region - Forecast till 2032” ဆိုတဲ့ သုတေသနအစီရင်ခံစာမှာ ဖော်ပြ ထားတာ ဖြစ်ပါတယ်။ 

အခုလို ကာကွယ်ဆေးဈေးကွက် ကြီးမားကျယ်ပြန့်လာစေတဲ့ နောက်ကွယ်က အဓိကအကြောင်းပြချက်တွေကတော့ ကမ္ဘာ့ပြည်သူလူထုရဲ့ အသားစားသုံးနှုန်း မြင့်မားလာခြင်း၊ မွေးမြူရေးတိရစ္ဆာန်တွေမှာ ကူးစက် ရောဂါကျရောက်မှု မြင့်မားလာခြင်း၊ တိရစ္ဆာန်ကျန်းမာရေးနဲ့ သက်သာချောင်ချိရေးဆိုင်ရာ အသိပညာတွေ တိုးတက်မြင့်မားလာခြင်းတွေ ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ 

ဒါပေမဲ့လည်း တစ်ဖက်မှာ မွေးမြူရေးလုပ်ငန်းတွေမှာ ကာကွယ်ဆေးအသုံးပြုမှုကို အဟန့်အတား ဖြစ်စေတဲ့ အချက်တွေက ရှိနေပါသေးတယ်။ အဲဒါတွေကတော့ ကာကွယ်ဆေးတွေရဲ့ ဈေးနှုန်းကြီးမြင့်ခြင်း၊ အချို့မွေးမြူသူတွေမှာ ကာကွယ်ဆေးသုံးစွဲမှုနဲ့ပတ်သက်တဲ့ အသိပညာလိုအပ်နေသေးခြင်း၊ အစိုးရ အာဏာပိုင်များက ကာကွယ်ဆေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားဆဲဖြစ်နေခြင်း စတဲ့ အချက်တွေဖြစ်တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။ အထူးသဖြင့် ဝင်ငွေနည်းတဲ့နိုင်ငံတွေနဲ့ ဝင်ငွေ အလယ်အလတ်နိုင်ငံတွေမှာ ကာကွယ်ဆေးတွေရဲ့ ဈေးနှုန်းကြီးမြင့်မှုဟာ သိသာထင်ရှားတဲ့ အဟန့်အတား တစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။  

မြန်မာနိုင်ငံရဲ့ မွေးမြူရေးမှာလည်း ကာကွယ်ဆေးတွေ အလုံအလောက်ရရှိနေပြီလား၊ ဈေးနှုန်းတွေက မြန်မာ့မွေးမြူရေးသမားတွေအတွက် တတ်နိုင်တဲ့ဈေးနှုန်း ဖြစ်ပါရဲ့လား၊ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အသိ ပညာပေးမှုတွေ လုံလောက်ရဲ့လားဆိုတာတွေ ပြန်လည်သုံးသပ်ဖို့ လိုအပ်လှပါတယ်။ 

တောင်အမေရိကက ကြက်ငှက်တုပ်ကွေးနဲ့ တောင်အာဖရိကက စိုးရိမ်မှု

တောင်အမေရိက မွေးမြူရေးထုတ်ကုန်အဓိကထုတ်လုပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က “တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ” ကို ကြေညာလိုက်ပါတယ်။ ဘရာဇီးလ်နိုင်ငံအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ကျရောက်ဖြစ်ပွားမှုကြောင့် အခုလို ကြေညာလိုက်တာပါ။ ဘရာဇီးလ်ဟာ ကမ္ဘာတလွှားကို ကြက်သားအပါအဝင် မွေးမြူရေးထုတ်ကုန်အမြောက်အများ တင်ပို့ရောင်းချ နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ဘရာဇီးလ်ကနေ ကြက်သားတင်သွင်းနေတဲ့ နိုင်ငံတွေအတွက် အဲဒီသတင်းဟာ အတော်လေး စိတ်ပူပန်စရာ ဖြစ်လာနေတာပါ။ 

ဘရာဇီးလ်နိုင်ငံက ကြက်ငှက်တုပ်ကွေးရောဂါကို အလျင်အမြန် မထိန်းချုပ်နိုင်ဘူးဆိုရင် ကမ္ဘာတလွှားက ကြက်သားဝယ်ယူသုံးစွဲသူတွေအတွက် ထိခိုက်မှာ အသေအချာပါပဲ။ လတ်တလောမှာကို ဘရာဇီးလ်ကြက် သားကို တင်သွင်းတာ ရပ်ဆိုင်းရမယ့်အနေအထားတွေ ဖြစ်လာနေတာပါ။ အဲဒီထဲမှာ အထူးစိုးရိမ်နေတာက တော့ တောင်အာဖရိကနိုင်ငံပဲ ဖြစ်ပါတယ်။ ဘရာဇီးလ်ဟာ တောင်အာဖရိကရဲ့ ကြက်သားတင်သွင်းမှု အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ တောင်အာဖရိကမှာ စားသုံးနေတဲ့ ကြက်သားအများစုဟာလည်း ဘရာဇီးလ်က တင်သွင်းနေတဲ့ ကြက်သားတွေပဲဖြစ်တာမို့ တင်သွင်းကုန်အပေါ် မှီခိုရလွန်းနေတာပါ။ တောင်အာဖရိက ကြက်သားထုတ်လုပ်ရေးအဖွဲ့အစည်းကတော့ သူတို့မှာ နောက်ထပ် ၄ လ စာအတွက် လုံလောက်တဲ့ ကြက်သားတွေကို အေးခဲသိုလှောင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ရေရှည်သက်ရောက်မှုတွေ အတွက် စိတ်ပူပန်နေကြပါတယ်။ 

ဘရာဇီးလ်ဟာ ကမ္ဘာပေါ်မှာ ကြက်သားထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်တာမို့ အခုဖြစ်ပေါ်နေတဲ့ သတင်းဟာ ကမ္ဘာ့ကြက်သားဈေးကွက်အပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံကတော့ ပြည်ပက ကြက်သားတင်သွင်းမှု များများစားစားမရှိသလို၊ ပြည်ပကို ကြက်သားတင်ပို့ရောင်းချ နိုင်ခြင်းလည်း မရှိသေးတာကြောင့် သက်ရောက်မှု နည်းနိုင်တယ်ဆိုပေမဲ့ ကျွဲကူးရေပါဆိုသလို မြန်မာ့ကြက် သားထုတ်လုပ်မှုအပေါ် သက်ရောက်မှုအချို့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ဂရုစိုက်ရမှာက မြန်မာနိုင်ငံမှာပါ ကြက်ငှက်တုပ်ကွေးရောဂါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားတာမျိုး မရှိအောင် ဂရုစိုက်ကြဖို့ပဲ ဖြစ်ပါတယ်။ 

အရှုံးပေါ်နေလို့ အစိုးရထံ အကူအညီတောင်းခံနေတဲ့ ဗီယက်နမ်ကြက်မွေးမြူရေးသမားများ

ဗီယက်နမ်ကြက်မွေးမြူရေးအသင်းဟာ မွေးမြူရေးသမားတွေအနေနဲ့ အစိုးရထံကနေ အရေးပေါ် အကူအညီတွေ ရရှိနိုင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကြောင့် ဗီယက်နမ်နိုင်ငံရဲ့ ကြက်မွေးမြူရေးကဏ္ဍအပေါ် ကြီးကြီးမားမား သက်ရောက်ခဲ့ပြီး သွင်းအားစုတွေရဲ့ ဈေးနှုန်းက အဆမတန် မြင့်တက်လာခဲ့ပါတယ်။ တစ်ဖက်မှာတော့ ကြက်ဥ၊ ကြက်သားတွေရဲ့ ဈေးနှုန်းတွေက အနိမ့်အမြင့်ကြမ်းပြီး မွေးမြူရေးသမားတွေအနေနဲ့ လုပ်ရကိုင်ရခက်တဲ့ အနေအထားကို ရောက်နေတာပါ။ ဒါကြောင့် မွေးမြူရေးခြံတွေဟာ အရှုံးပေါ်နေခဲ့ပြီး ဒေဝါလီခံရတဲ့အခြေအနေကို ရှောင်ရှားနိုင်ဖို့ အစိုးရက ကူညီပေးသင့်တယ်လို့ တောင်းဆိုကြတာပါ။ 

တချို့အချိန်တွေမှာ ကြက်ဥ၊ ကြက်သား ဈေးနှုန်းဟာ ထုတ်လုပ်မှုစရိတ်ရဲ့ သုံးပုံနှစ်ပုံလောက်ပဲ ရရှိခဲ့တယ်လို့ ဗီယက်နမ်ကြက်မွေးမြူရေးအသင်းက ဆိုပါတယ်။ 

တစ်ဖက်မှာလည်း ဗီယက်နမ်ရဲ့ ကြက်မွေးမြူရေးကဏ္ဍကို ကယ်တင်နိုင်ဖို့ နယ်စပ်ကနေ တရားမဝင် တင်သွင်းလာတဲ့ ကြက်နဲ့ ကြက်မွေးမြူရေးထုတ်ကုန်တွေကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းနယ်စပ်တွေကနေ လစဉ် ဥတုန်းကြက်မတွေ အ မြောက်အများ တရားမဝင် ဝင်ရောက်လာနေတာပါ။ အဲဒီလို တရားမဝင်တင်သွင်းလာမှုက ရောဂါကူးစက်မှုကို ဖိတ်ခေါ်နေသလို တစ်ဖက်မှာလည်း ပြည်တွင်းအသားဈေးကွက်အပေါ် သက်ရောက်မှု ကြီးကြီးမားမား ဖြစ်ပေါ်စေပါတယ်။ 

မြန်မာနိုင်ငံမှာလည်း အခုလို အခြေအနေမျိုးကို ရင်ဆိုင်ကြုံတွေ့နေရတာ နှစ်အတော်ကြာပါပြီ။ တစ်ဖက်မှာ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာသလို၊ တစ်ဖက်မှာက ကြက်နဲ့ ကြက်ဥတွေရဲ့ ခြံကောက်ဈေးနှုန်းက ထုတ်လုပ်မှုစရိတ်နဲ့ နှိုင်းယှဉ်ရင် အင်မတန်နည်းနေသေးတဲ့ အခြေအနေပါ။ ဒီလိုအခြေအနေမှာ တခါတရံ နယ်စပ်ကနေ ဥတုန်းကြက်မတွေ၊ အေးခဲအသားထုတ်ကုန်တွေ တရားမဝင် ဝင်ရောက်လာပြီး ဈေးကွက်ထဲ ရောက်ရှိလာတာမို့ ဈေးနှုန်းကမောက်ကမ ဖြစ်ပြီး အရှုံးကို ပိုကြီးမားစေပါတယ်။ 

ဗီယက်နမ်မွေးမြူရေးသမားတွေရဲ့ တောင်းဆိုချက်အ‌ပေါ် ဗီယက်နမ်အစိုးရက ဘယ်လို တုံ့ပြန်ဆောင်ရွက်မလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းသလို မြန်မာ့မွေးမြူရေးသမားတွေအ‌ရေးလည်း တစ်ဆက်တည်း ဆက်လက်စဉ်းစားသင့်ကြောင်း တင်ပြလိုက်ရပါတယ်။ 

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်