ကျန်းမာရေးအတွက်ကောင်းကျိုးများတဲ့ ဆေးဖက်ဝင်ပင် စမုန်ဖြူ

18/04/2022 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - Thyme 

ရုက္ခဗေဒအမည် - Thymus vulgaris 

 

စမုန်ဖြူဟာ သေးငယ်တဲ့ခြုံပင် အမျိုးအစားဖြစ်ပြီး နှစ်ရှည်ခံပင်တစ်မျိုးလည်း ဖြစ်ပါတယ်။ သမမျှတတဲ့ ရာသီဥတု ကနေ ပူနွေးခြောက်သွေ့တဲ့ ရာသီဥတုအထိ ကောင်းစွာ ရှင်သန်ပေါက်ရောက် နိုင်ပါတယ်။ သူရဲ့ မူရင်း ဒေသတွေကတော့ ဥရောပတောင်ဘက်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်း ဒေသတွေပဲ ဖြစ်ပါတယ်။ စမုန်ဖြူဟာ ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း ထည့်သွင်းအသုံးပြုကြလေ့ ရှိပါတယ်။ ဒါ့အပြင် စမုန်ဖြူကို အလှဆင်စိုက်ပျိုးကြတာလည်း ရှိပါတယ်။ ဆေးဝါးဖော်စပ်ရာနဲ့ ဟင်းခတ်အမွှေးအကြိုင် ပြုလုပ်ရာမှာ အရွက်၊ အပွင်နဲ့ အဆီတို့ကို အသုံးပြုကြတာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ စမုန်ဖြူကို အသား၊ ငါးတွေပြုတ်တဲ့အခါ၊ ကင်တဲ့အခါ အနံ့အသက်ကောင်းစေဖို့ မဖြစ်မနေ ထည့်သွင်းအသုံးပြုကြလေ့ ရှိပါတယ်။ ဒါ့အပြင် စွပ်ပြုတ်တွေနဲ့ အသားအစာသွပ်တဲ့ နေရာတွေမှာလည်း ပေါပေါများများ အသုံးပြုကြ လေ့ရှိပါတယ်။ ဒါဆိုရင် စမုန်ဖြူရဲ့ ကောင်းကျိုးတွေကို လေ့လာကြည့်လိုက်ရအောင်…

 

(၁) ကိုယ်ခံအား မြှင့်တင်ပေးနိုင်ခြင်း 

စမုန်ဖြူမှာ ဗီတာမင် စီ၊ ဗီတာမင် အေ၊ ဗီတာမင် ဘီ ၆ (B-6) ၊ အိုင်းယွန်း၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ မဂ္ဂနိစ်ဓာတ် တွေပါဝင်နေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အအေးမိ၊ တုပ်ကွေးနဲ့ အခြားသော ဖျားနာမှု တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

 

(၂) ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းကို သက်သာစေခြင်း 

စမုန်ဖြူမှာပါဝင်တဲ့ အဆီဓာတ်တွေဟာ အအေးမိခြင်းနဲ့ တုပ်ကွေးများကြောင့် ဖြစ်တဲ့ ချောင်းဆိုးခြင်းနဲ့ လည်ချောင်း နာခြင်းတို့ကို သက်သာစေနိုင်ပါတယ်။ ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းတို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ စမုန်ဖြူကို လက်ဖက်ရည်အနေနဲ့ သောက်သုံးခြင်းဖြစ်ပါတယ်။ စမုန်ဖြူအရွက် လတ်လတ်ဆတ်ဆတ် (သို့မဟုတ်) ရွက်ခြောက်ကို ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲကိုထည့်ကာ မိနစ်အနည်းငယ် ထားပြီးနောက် သောက်သုံးရမှာ ဖြစ်ပါတယ်။ တကယ်လို့ စမုန်ဖြူရဲ့အနံ့အရသာကို မကြိုက်ဘူးဆိုရင်တော့ ပူစီနံအရွက် အနည်းငယ်ထည့်ပြီး သောက်သုံးနိုင်ပါတယ်။  

 

(၃) ရောင်ရမ်းမှုများကို သက်သာပျောက်ကင်းစေခြင်း 

စမုန်ဖြူမှာ ရောင်ရမ်းမှုတွေကို ဆန့်ကျင်ပေးနိုင်ပြီး ပိုးမွှားရောဂါတွေကို တွန်းလှန်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် ထိခိုက်ဒဏ်ရာတွေ၊ အမဲစက်တွေနဲ့ ခြစ်ရာ ပြတ်ရှရာတွေကို သက်သာ ပျောက်ကင်းစေဖို့ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ စမုန်ဖြူကို စားသုံးခြင်းဖြင့် အနာများ အကျက်မြန်စေသလို ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကိုလည်း လျှော့ချပေးမှာ ဖြစ်ပါတယ်။ စမုန်ဖြူကို လက်ဖက်ရည်အနေနဲ့ သောက်သုံးနိုင်သလို၊ အသားနဲ့ ဟင်းသီးဟင်းရွက်တွေ ချက်ပြုတ်ရာမှာလည်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် မိမိနှစ်သက်ရာ ဖျော်ရည်တွေထဲမှာလည်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ 

 

(၄) ခံတွင်းအနံ့ဆိုးမှုကို ကာကွယ်ပေးခြင်း 

စမုန်ဖြူအဆီ တစ်စက် (သို့မဟုတ်) နှစ်စက်ခန့်ကို ရေနွေးနဲ့ရောစပ်ပြီး ခံတွင်းဆေးကြောတဲ့နေရာမှာ အသုံးပြုခြင်းဖြင့် ခံတွင်းအနံ့ဆိုးခြင်းနဲ့ သွားဖုံးရောင်ရမ်းခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခံတွင်းထဲ မှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ Candida albicans လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။  စမုန်ဖြူမှာတော့ ၎င်းမှိုတွေရဲ့ ကြီးထွားမှုကို အားပေးတဲ့ ကိုလက်စထရောနဲ့တူတဲ့ အီဂိုစထရော (ergosterol) လို့ခေါ်တဲ့ ဓာတ်တွေကို ဆန့်ကျင်ပေးနိုင်ပြီး ခံတွင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တာဖြစ်ပါတယ်။ 

 

(၅) အမြင်အာရုံ ကောင်းမွန်စေခြင်း 

စမုန်ဖြူမှာ ဗီတာမင် အေ ကြွယ်ဝစွာပါဝင်ပြီး အမြင်အာရုံကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဗီတာမင် အေ ချို့တဲ့မယ်ဆိုရင် ညဘက်မှာကြည့်ရတဲ့ အမြင်အာရုံကို ထိခိုက်နိုင်ပါတယ်။ စမုန်ဖြူမှာ ပါဝင်တဲ့ဓာတ်တွေဟာ အမြင်အာရုံ ကောင်းမွန်စေတာအပြင် အမြင်အာရုံကြွက်သားတွေ လျော့ရဲလာတာ မျိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

 

(၆) အသားအရေ ကောင်းမွန်စေခြင်း 

စမုန်ဖြူမှာ ဘက်တီးရီးယားနဲ့ မှိုရောဂါတွေကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အရေပြားနဲ့ဆိုင်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ စမုန်ဖြူအဆီကို အရေပြားခြောက်သွေ့ပြီး ယားယံတာတွေ၊ အနာတွေ၊ ထိခိုက်ဒဏ်ရာတွေ၊ အမာရွတ်တွေနဲ့ ဝက်ခြံတွေကို သက်သာပျောက်ကင်းအောင် ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် မီးလောင်ဒဏ်ရာတွေနဲ့ အရေပြားနီမြန်းမှုတွေကို ကုသရာမှာလည်း စမုန်ဖြူအဆီကို အသုံးပြုနိုင်ပါတယ်။ 

 

Ref: https://aanmc.org/ 

https://www.verywellhealth.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်