ဆောင်ရန်၊ ရှောင်ရန်စိုက်ပျိုးနည်းစနစ်များ

21/09/2021 13:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    သီးနှံစိုက်ပျိုးရာတွင် မျိုးစေ့၊ မြေ၊ ရေ၊ ရာသီဥတုစသည် အခြေအနေအရပ်ရပ် ပြည့်စုံဖို့သည်။ သို့သော် စိုက်ပျိုးရေးနယ်ပယ်က အင်မတန်ကျယ်ဝန်းသည်။ သိစရာ၊ လေ့လာစရာတွေ များလှသည်။ အတွေ့အကြုံတွေကလည်း အရေးကြီးပါသည်။ 

    သီးနှံတစ်မျိုးချင်းစိုက်ပျိုးရတာ၊ ဧကကျဉ်းကျဉ်းတွင်စိုက်ပျိုးရတာ လွယ်ကူနိုင်သော်လည်း ဧကကျယ်နှင့် တစ်နိုင်တစ်ပိုင်မကစိုက်ပျိုးရတာမှာ စဥ်းစားချင့်ချိန်စရာတွေ လိုက်နာလုပ်ကိုင်စရာတွေ ရှိပါသည်။

    သို့ဖြစ်၍ လယ်ယာမြေပေါ်မှာ သီးနှံမျိုးစုံကို မိုးဆောင်းနွေရာသီအလိုက် စိုက်ပျိုးလျက်ရှိရာတွင် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရေးအတွက် ဆောင်သင့်သည်များနှင့် ရှောင်သင့်သည်များကို သုတပေးမျှဝေလိုပါသည်။ 

ရှောင်ရန်စိုက်ပျိုးနည်းစနစ်

    ယခုစတင်ဖေါ်ပြလိုသည်မှာ တောင်သူလယ်သမားကြီးများအတွက် ရှောင်ရန် စိုက်ပျိုးနည်းစနစ် ဖြစ်ပါသည်။ 

    သီးနှံအမျိုးအစားတစ်မျိုးတည်းစိုက်ပျိုးခြင်း (Monocropping) ကို ရှောင်ရပါမည်။

    နှစ်စဉ်သီးနှံအမျိုးအစားတစ်မျိုးတည်း ဆက်ကာဆက်ကာ စိုက်ပျိုးခြင်း၊ အလားတူ နှစ်တစ်နှစ်အတွင်းမှာလည်း တစ်ရာသီပြီးတစ်ရာသီ သီးနှံအမျိုးအစားတူတစ်မျိုးတည်း စိုက်ပျိုးခြင်းမပြုသင့်ပါ။ ဥပမာ- ယာမြေပေါ်တွင် ပြောင်းဖူးသီးနှံချည့် နှစ်စဉ်စိုက်ပျိုးတာမျိုး၊ ထို့အတူ လယ်မြေတစ်ကွက်တွင် မိုးစပါးအပြီး နွေစပါးကို နှစ်စဥ်ဆက်လက်စိုက်ပျိုးခြင်းမျိုးကို ဆိုလိုပါသည်။ 

    သီးနှံအမျိုးအစားတစ်မျိုးတည်း စိုက်ပျိုးခြင်းသည် ကောင်းကျိုးမပေးပါ။ ပိုးမွှားတွေ၊ ရောဂါတွေ၊ ပေါင်းမြက်တွေကျရောက်ဖျက်ဆီးမှုကို အားပေးရာရောက်သည်။ မြေဆီလွှာအာဟာရတွေကို ဆုတ်ယုတ်စေသည်။ မြေဆီလွှာဖွဲ့စည်းတည်ရှိမှုကိုလည်း ထိခိုက်ပျက်စီးစေလို့ ဖြစ်ပါသည်။

ဆောင်ရန်စိုက်ပျိုးနည်းစနစ်

    ဆောင်ရန်ကို ဆက်လက်အသိပေးလိုသည်။ ဖေါ်ပြပါဆိုးကျိုးများမဖြစ်စေရန် သီးနှံအလှည့်ကျစိုက်ပျိုးစနစ် (Crop Rotation)၊ သီးထပ်စိုက်ပျိုးစနစ် (Sequential Cropping) နှင့် သီးညှပ်စိုက်ပျိုးစနစ် (Intercropping) တို့ကို ဆောင်ရွက်ရန် ဖြစ်ပါသည်။

သီးနှံအလှည့်ကျစိုက်ပျိုးစနစ် (Crop Rotation)

    သီးနှံအလှည့်ကျစိုက်ပျိုးခြင်းသည် မြေဆီလွှာရှိအာဟာရဖွံ့ဖြိုးမှု၊ မြေဆီလွှာဖွဲ့စည်းတည်ရှိမှုတို့ကို ကောင်းမွန်စေသည်။ ပေါင်းမြက်၊ ပိုးမွှားနှင့် ရောဂါတွေကို ကာကွယ်နှိမ်နင်းရာမှာ အထောက်အကူဖြစ်စေပါသည်။ အရေးပါသော အခြေခံစိုက်ပျိုးရေးထိန်းသိမ်းစောင့်ရှောက်မှုစနစ်တစ်ခုဟု ဆိုချင်ပါသည်။ 

    ပြောင်းဖူးသီးနှံကို တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက်စိုက်ပျိုးမည့်အစား ပထမနှစ်တွင် ပြောင်းဖူးကိုစိုက်ပျိုးပြီး ဒုတိယနှစ်တွင် ပဲမျိုးစုံသီးနှံကို သီးလှည့်စိုက်ပျိုးရန်ဖြစ်သည်။ 

    အလားတူ မိုးစပါးအပြီး နွေစပါးကို တစ်ရာသီပြီးတစ်ရာသီ ဆက်တိုက် နှစ်စဉ်စိုက်ပျိုးမည့်အစား မိုးစပါးအပြီး နွေစပါးကိုပထမနှစ်၊ မိုးစပါးအပြီး ပဲမျိုးစုံကို ဒုတိယနှစ် စသည်ဖြင့် သီးလှည့်စိုက်ပျိုးသင့်ပါသည်။

    အချုပ်အားဖြင့် လယ်ယာမြေတွင် ရာသီတိုင်း၌ သို့မဟုတ် နှစ်စဉ်နှစ်တိုင်း ပုံစံမတူသော သီးနှံတွေကို ပြောင်းလဲစိုက်ဖို့၊ နောက်လိုက်သီးနှံကို ရှေ့သီးနှံနှင့်မတူအောင်စိုက်ဖို့ လိုသည်ဟု ပြောလိုပါသည်။

သီးထပ်စိုက်ပျိုးစနစ် (Sequential cropping)

    သီးထပ်စိုက်ပျိုးခြင်းသည်လည်း နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ လယ်ယာမြေတစ်ကွက်၌ နှစ်တစ်နှစ်အတွင်း သီးနှံနှစ်မျိုးကို တစ်သီးရိတ်သိမ်းအပြီး နောက်တစ်သီး ထပ်မံစိုက်ပျိုးသည့်စနစ်ကို ဆောင်ရွက်သင့်သည်။ ဥပမာအားဖြင့် ယာမြေတစ်ကွက်တွင် ပြောင်းဖူးသီးနှံကို မိုးဦးရာသီတွင်စိုက်ပျိုးပြီး မိုးနှောင်းရာသီတွင် ပဲမျိုးစုံသီးနှံကို စိုက်ပျိုးခြင်းမျိုး၊ မိုးရာသီတွင် စပါးသီးနှံကိုစိုက်ပျိုးပြီး ဆောင်းရာသီတွင် ပဲမျိုးစုံသီးနှံကို စိုက်ပျိုးခြင်းမျိုးဖြစ်ပါသည်။

    သီးထပ်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးစေသည်သာမက ပိုးမွှားရောဂါကျရောက်မှုအစဥ်ကို ဖြတ်တောက်နိုင်ခြင်း၊ စိုက်ပျိုးထွက်ကုန်ပိုမိုရရှိနိုင်ခြင်း၊ လယ်ယာဝင်ငွေ ပိုမိုရရှိနိုင်စေခြင်း စသည့် ကောင်းကျိုးများရရှိနိုင်စေသည်။ ထိုမျှမက အချိန်နှင့် လယ်ယာမြေကို နှစ်တစ်နှစ်အတွင်း အကျိုးရှိစွာအသုံးချခြင်းလည်း မည်ပါသည်။

သီးညှပ်စိုက်ပျိုးစနစ် (Intercropping)

    နောက်ထပ် ဆောင်ရန် စိုက်ပျိုးနည်းစနစ်တစ်ခုမှာ သီးညှပ်စိုက်ပျိုးခြင်းဖြစ်သည်။ သီးညှပ်စိုက်ပျိုးသည့်သီးနှံများတွင် ပဲမျိုးစုံသီးနှံတစ်မျိုးမျိုး ပါဝင်ရပါမည်။ ပြောင်းဖူးနှင့် ပဲပုပ်သီးနှံကို တစ်ပြိုင်တည်းစိုက်တာမျိုး ဖြစ်ပါသည်။ 

    သီးညှပ်စိုက်ပျိုးရာတွင် စနစ်အမျိုးမျိုးဖြင့် ရေမြေအခြေအနေပေးသလို စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးမှုအပေါ်မူတည်ပြီး သီးညှပ်နာမည်အမျိုးမျိုးခေါ်ဝေါ်သည်။ သီးရောစိုက်ပျိုးခြင်း (Mixed intercropping)၊ အတန်းလိုက်သီးညှပ်စိုက်ပျိုးခြင်း (Row intercropping)၊ သီးနှံများကို အကန့်လိုက်စိုက်ပျိုးခြင်း (Strip intercropping) တို့ ဖြစ်ပါသည်။

    သီးညှပ်စိုက်ပျိုးခြင်းဖြင့် သီးနှံတစ်မျိုးက အထွက်ရရှိမှုမသေချာလျှင် အခြားသီးနှံက အထွက်ရရှိနိုင်သည်။ နှစ်မျိုးလုံးအောင်မြင်ပါက နှစ်မျိုးလုံးမှ သီးနှံအထွက်များကို ရရှိနိုင်သည်။ မြေဆီလွှာဖွံ့ဖြိုးစေသည်သာမက မြေဆီလွှာတိုက်စားမှု၊ ပျက်စီးမှုကိုလည်း ကာကွယ်ရာ‌ရောက်ပါသည်။

    ဤသို့ ပဲမျိုးစုံသီးနှံတစ်မျိုးမျိုးကိုပါဝင်စေကာ သီးနှံအလှည့်ကျစိုက်ပျိုးခြင်း၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးစေကာ ပေါင်းမြက်၊ ပိုးမွှားရောဂါတို့ကို ကာကွယ်ရာရောက်ပါသည်။

    သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသော မြန်မာ့ရေမြေတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု အစဥ်တိုးတက်ပြီး ရေရှည်တည်တံ့သောစိုက်ပျိုးမှု ဖြစ်စေရေးအတွက် ဖေါ်ပြပါ ဆောင်ရန်ရှောင်ရန်များကို လိုက်နာလုပ်ကိုင်သင့်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်