စိုက်ပျိုးသုတ ဖေဖော်ဝါရီလ

05/02/2026 10:21 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ဖေဖော်ဝါရီလသည် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သည်နှင့်အညီ အအေးဓာတ်လျော့နည်းကာ နေ့အပူချိန်များ မြင့်လာပြီး ညအပူချိန်များလည်း အနည်းငယ်တိုးလာမည်ဖြစ်သဖြင့် မိုးကြိုသီးနှံများကို စတင်စိုက်ပျိုးရန် အကောင်းဆုံးလဟု ဆိုရပါမည်။ 

မိုးကြိုသီးနှံများတွင် ပဲတီစိမ်း၊ နှမ်းလျင်၊ ချည်မျှင်ရှည်ဝါစသည့်သီးနှံများပါဝင်သည်။ နိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း ဆည်ရေရရှိသည့်ဒေသတွင် မိုးကြိုသီးနှံများကို စိုက်ပျိုးနိုင်သည်။ အလားတူ နွေစပါးကိုလည်း နိုင်ငံအထက်ပိုင်းဒေသတွင် စိုက်ပျိုးနိုင်ပါသည်။

မိုးဦးကျသည်ထိ အချိန်ကာလ ရှည်ကြာသည်ဖြစ်ရာ နွေစပါးအပါအဝင် မိုးကြိုသီးနှံများ စိုက်ပျိုးအောင်မြင်ရန် ရေအစိုဓာတ်လိုသည်။ ရေရရှိရေးကို ဦးစားပေးလုပ်ကိုင်ရန် ဖြစ်ပါသည်။ 

သို့ဖြစ်၍ ဖေဖော်ဝါရီလအတွင်း မိုးကြိုသီးနှံများစိုက်ပျိုးခြင်းဆိုင်ရာ ဆောင်ရွက်သင့်သည်များကို စိုက်ပျိုးသုတပေးဝေမျှလိုက်ပါသည်။

နွေစပါး

စပါးသီးနှံသည်လည်း မိုးကြိုသီးနှံတစ်မျိုးဖြစ်သည်။ မိုးကြိုစပါးဟု ခေါ်ဝေါ်လျှင် သိချင်မှ သိကြမည်။ ဖေဖော်ဝါရီလတွင်စတင်စိုက်ပျိုးသင့်သည်။ ဖေဖော်ဝါရီလတွင်စိုက်ပျိုးတာဖြစ်လို့ မိုးကြိုစပါးလို့ ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ 

အထူးသဖြင့်အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများအတွက် ထောက်ခံခြင်း ဖြစ်သည်။ မတ်လနှင့် ဧပြီလတို့တွင်မှ စိုက်ပျိုးခြင်းမပြုသင့်ပါ။ မိုးစပါးစိုက်ချိန်ကို စဉ်းစား၍ ဖြစ်သည်။ မိုးစပါးကို ဇူလိုင်လထက်နောက်မကျစေသင့်ပါ။ သို့ဖြစ်၍ ဖေဖေါ်ဝါရီလမှာ နွေစပါးစတင် စိုက်ပျိုးပါလို့ ပြောရခြင်းဖြစ်ပါသည်။

ဖေဖော်ဝါရီမိုးကြိုစပါးသည် သွင်းရေဖြင့်စိုက်ပျိုးရသည်ဖြစ်ရာ သွင်းရေချွေတာသုံးစွဲ ရေးကိုလည်း အလေးထားသင့်သည်။ ပျိုးထောင်ကောက်စိုက်စနစ်ထက် တိုက်ရိုက်မျိုးစေ့ချ စနစ်က ရေကိုချွေတာရာရောက်သည်။ တိုက်ရိုက်မျိုးစေ့ချစနစ်သည် ပျိုးထောင်ကောက်စိုက် စနစ်ထက် ရေလိုအပ်မှုနည်းသည်။ လုပ်သားလိုအပ်မှု နည်းသည်။ အသက်ရက်ကို ၇ ရက်မှ ၁၀ ရက်ခန့် တိုစေနိုင်သည်။ အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး စိုတစ်လှည့် ခြောက်တစ်ခါရေသွင်းစနစ် (Alternate Wetting and Drying System-AWD)ကို ဆောင်ရွက်ပါက သွင်းရေကိုပို၍ ချွေတာနိုင်ပါသည်။ 

သွင်းရေကိုချွေတာနိုင်သည့် နည်းစနစ်တစ်ခုလည်းရှိသေးသည်။ အေရိုးဘစ်စပါးစိုက်ပျိုး နည်းစနစ်(Aerobic Rice System)ဖြစ်သည်။ ဤစနစ်တွင် ထွန်ရေးတမန်းကို အစိုပြုပြင်ရန် မလိုပါ။ လယ်မြေကို ရေသွင်းပြီး မြေအစိုဓာတ်ရှိသောအခြေအနေတွင် နှမ်းလျင်၊ ပြောင်းဖူး၊ ပဲတီစိမ်း- စသည့်သီးနှံများစိုက်ပျိုးရန် မြေပြုပြင်သကဲ့သို့ အခြောက်ထွန်ရေးပြုပြင်ရန်ဖြစ်သည်။ ထို့နောက် စပါးမျိုးစေ့ကို အခြောက်စိုက်ပျိုးရန်ဖြစ်သည်။ စိုက်ပျိုးပြီးပါကလည်း လယ်ကွက် အတွင်း ရေသိုလှောင်ထားရန် မလိုပါ။ မြေအစိုဓာတ်လိုမှသာ ရေသွင်းပေးရန်ဖြစ်သည်။ ရေပေးသွင်းရာတွင် စပါးပင်၏အမြစ်ဇုန်ဝန်းကျင်သို့ ရေကိုစိုစွတ်ရုံသာ သွင်းပေးရန်လိုသည်။ စိုက်ခင်းအတွင်း ပျံ့နှံ့ရုံ(Flash-Flooding)သာ ပေးသွင်းခြင်းဖြင့်လုံလောက်ပါသည်။ 

မိုးကြိုစပါးတွင် ပေါင်းမြက်ထူပြောပါက မိုးစပါးထက် အထွက်လျော့နည်းနိုင်သည်ကို သတိမူသင့်သည်။ တိုက်ရိုက်မျိုးစေ့ချစနစ်တွင် ပေါင်းမြက်ပင်များသည် စပါးပင်နှင့်အတူ တစ်ပြိုင်တည်း ပေါက်ရောက်လေ့ရှိသည်။ ပေါင်းမြက်က စပါးပင်ကြီးထွားဖွံ့ဖြိုးမှုကို နှောင့် ယှက်ဟန့်တား၍ စပါးအထွက်နှုန်းကို ထိခိုက်စေနိုင်ပါသည်။ 

စတင်စိုက်ပျိုးစဉ်ကပင် ထွန်ရေးတမန်းကောင်းအောင်ပြုပြင်ရန် ဖြစ်သည်။ ထိုမျှမက 

ပေါင်းသတ်ဆေးသုံးစွဲသင့်သည်။ ပေါင်းပင်မပေါက်မီပက်ဖျန်းရသည့်ဆေး(Pre-emergence Herbicide)(သို့မဟုတ်)‌ ပေါင်းပင်ပေါက်ပြီးမှပက်ဖျန်းရသည့်ဆေး(Post-emergence Herbicides )တို့ကို သုံးစွဲနိုင်သည်။ ဆေးအမျိုးအစားမှန်ပြီး ဆေးဖျန်းနည်းစနစ်နှင့် ဖျန်းသင့် သည့်အချိန် မှန်ကန်ဖို့လိုပါသည်။

နှမ်းလျင်သီးနှံ

မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် အထက်ပိုင်းဒေသများအတွက် နှမ်းလျင်သီးနှံကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးလျင် မေလကုန်တွင် ရိတ်သိမ်းနိုင်သည်။ ထို့ကြောင့်ဇွန်လတွင် မိုးစပါးကို ပုံမှန် စိုက်ပျိုးနိုင်သည်။ မိုးစပါးရိတ်သိမ်းပြီးသည်နှင့် ပဲမျိုးစုံ၊ နေကြာ၊ ပြောင်းဖူး ကြိုက်နှစ်သက်ရာကို စိုက်ပျိုးနိုင်သည်။ မိုးကြိုနှမ်းလျင်သီးနှံ ပါဝင်သောနှစ်သီး၊ သုံးသီး သီးနှံပုံစံများကို အောင်မြင်စွာ ချမှတ်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

ပဲတီစိမ်းသီးနှံ

ပဲတီစိမ်းသည် ရာသီမရွေး စိုက်ပျိုးနိုင်သည့်သီးနှံဖြစ်လာသည်။ သွင်းရေအစိုဓာတ်ဖြင့် အနိမ့်ဆုံးအပူချိန်(၁၅) ဒီဂရီစင်တီဂရိတ်ကျော်သည့်ဖေဖေါ်ဝါရီလအတွင်း စိုက်ပျိုးသင့်သည်။ နှမ်းလျင်ကဲ့သို့ပင် မေလကုန်ထက် နောက်မကျဘဲ ရိတ်သိမ်းနိုင်သည်။ ပုံမှန်မိုးစပါးကို ဇွန်လတွင် စိုက်ပျိုးနိုင်သည်။ မိုးစပါးအပြီးတွင် အခြားယာသီးနှံ တစ်မျိုးမျိုးကို စိုက်ပျိုးနိုင်သည်။ ပဲတီစိမ်းသည် သုံးသီးစားသီးနှံပုံစံအတွက် အလွန်အသုံးဝင်ပါသည်။

ချည်မျှင်ရှည်ဝါသီးနှံ

မိုးကြိုချည်မျှင်ရှည်ဝါကို ဖေဖော်ဝါရီလတွင် စိုက်ပျိုးရန်ဖြစ်သည်။ ရိတ်သိမ်းပြီးစီးနိုင်သည်မှာ ဇူလိုင်လ ဖြစ်သည်။ ဇူလိုင်လဆိုလျင်လည်း မိုးစပါးအတွက် စိုက်ချိန်နောက်ကျသည်ဟု မဆို နိုင်သေးချေ။ မိုးစပါးကို ဆက်လက်စိုက်ပျိုးနိုင်သည်။ ဤသို့ဖြင့် “မိုးကြိုချည်မျှင်ရှည်ဝါ-မိုးစပါး” သီးနှံပုံစံကို ချမှတ် ဆောင်ရွက်နိုင်ပါသည်။

အမြစ်ကောင်းစွာကြီးထွားပြီး ဝါပင်ဖြစ်ထွန်းမှုကောင်းမွန်စေရန်အတွက် ထယ်ရေး ကောင်းရန် လိုသည်။ မြေတွင်းအစိုဓာတ်ကောင်းစွာထိန်းနိုင်ရန်နှင့် မြေတွင်းလေဝင်လေထွက် ကောင်းရန်၊ ထယ်ရေးနက်နက်ပြင်၍ စိုက်ပျိုးသင့်ပါသည်။ 

အခြားမိုးကြိုယာသီးနှံများ

ဖေဖော်ဝါရီလတွင် စိုက်ပျိုးနိုင်သည့် အခြားသီးနှံများရှိသေးသည်။ ၄င်းတို့မှာ မြေပဲ၊ ပြောင်းဖူး၊ ငြုပ်စသည့်သီးနှံများ ဖြစ်သည်။ စပါးသီးနှံနှင့်နှိုင်းစာလျင် ယာသီးနှံက ရေလိုအပ်မှု နည်းသည်။ နွေစပါးအတွက် ဆည်ရေအပြည့်အဝမပေးနိုင်သည့်ဒေသများတွင်  ယာသီးနှံ တစ်မျိုးမျိုးကို စိုက်ပျိုးစေလိုပါသည်။ 

မည်သည့်ယာသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ ထည့်သွင်းစဉ်းစားစေလိုသည်မှာ ရိတ်သိမ်း ချိန်ဖြစ်သည်။ မိုးကြိုသီးနှံများကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးပြီး ဇွန်လတွင် ရိတ်သိမ်းပြီးစီး စေ လိုသည်။ မိုးစပါးကို ပုံမှန် ဇွန်၊ ဇူလိုင်လတွင်စိုက်ပျိုးနိုင်ရန် ယာသီးနှံတစ်မျိုးမျိုးကို ချိန်ဆ စိုက်ပျိုးစေလိုပါသည်။

စိုက်ပျိုးသမျှသီးနှံတိုင်းက ပုံမှန်အထွက်ကိုပေးနိုင်ဖို့ သီးနှံအလိုက် စိုက်ချိန်တွေ မှန်ဖို့လို သည်။ မျိုးရွေးချယ်မှုမှန်ဖို့လိုသည်။ သက်တမ်းတိုအထွက်ကောင်းမျိုးများကိုသာ အသုံးပြု စိုက်ပျိုးသင့်သည်။ မိုးစပါးကို ပုံမှန်စိုက်ချိန် ဇွန်၊ ဇူလိုင်တွင် စိုက်ပျိုးနိုင်ဖို့ မိုးကြိုသီးနှံ၏ အသက်ရက်သည် မရှည်သင့်ကြောင်း အသိပေးလိုပါသည်။

ထို့ပြင် မျိုးကောင်းမျိုးသန့်ကိုအသုံးပြုသင့်သည်။ မစိုက်ပျိုးမီ အပင်ပေါက် ရာခိုင်နှုန်းကို စမ်းသပ်သင့်သည်။ အပင်ငယ်သန်စွမ်းမှု စွမ်းအင်ကောင်းသောမျိုး ဖြစ်သင့်သည်။ မျိုးစေ့ဆောင် ရောဂါများ ကပ်ညိပါမလာသောမျိုး ဖြစ်သင့်သည်။ ဤအချက်များသည် အမြဲတမ်းသိရှိရွေးချယ် လိုက်နာသင့်သည့်အချက်များပင်ဖြစ်ပါသည်။ 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်