စိုက်ပျိုးသုတ ဖေဖော်ဝါရီလ

01/02/2025 11:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးသင့်သည့် မိုးကြိုယာသီးနှံများနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း၊ အထက်ပိုင်းဆည်‌ရေရရှိသည့်ဒေသများတွင် စိုက်ပျိုးမည့်နွေစပါး(ခေါ်) မိုးကြိုစပါး၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ အပင်ဖြစ်ထွန်းဆဲ နွေစပါး(ခေါ်)မိုးကြိုစပါးတို့ နှင့် ပတ်သက်၍ သိရှိလိုက်နာသင့်သည်များကို စိုက်ပျိုးသုတဖော်ပြလိုပါသည်။

စတင်စိုက်ပျိုးသင့်သည့် မိုးကြိုယာသီးနှံများမှာ ပဲတီစိမ်း၊ နှမ်းလျှင်၊ ချည်မျှင်ရှည်ဝါ၊ မြေပဲ၊ ပြောင်းဖူးတို့ဖြစ်သည်။

ဖော်ပြပါသီးနှံများသည် စပါးသီးနှံနှင့်အကြိုက်မတူပါ။ အပင်ခြေရေဝပ်ခြင်းကို လုံးဝမကြိုက်သည့်သီးနှံများဖြစ်သည်။ ရေသွင်းထွန်ရေးပြုပြင်ပြီး အပင်ပေါက်နိုင်သည့် မြေတွင်းအစိုဓာတ်တည်ရှိစဥ်တွင် အဆိုပါသီးနှံများကို စိုက်ပျိုးရန် ဖြစ်ပါသည်။

မိုးကြိုကာလသည် ဖေဖော်ဝါရီလလယ်ခန့်မှ မိုးဦးကျသည်ထိ ကာလသာဖြစ်သည်။ ရေသွင်းခြင်း၊ ထွန်ယက်မြေပြုပြင်ခြင်းစသည့်အချိန်ကာလများရှိသောကြောင့် သီးနှံအပင် ဖြစ်ထွန်းသီးပွင့်ရင့်မှည့်ရန်အတွက် ရရှိသည့်အချိန်ကာလသည် ရက်ပေါင်း ၁၀၀ ခန့်သာ ဖြစ်သည်။ ထို့ကြောင့် သက်တမ်းတိုမျိုးများကိုသာ အသုံးပြုစိုက်ပျိုးရန် ဖြစ်ပါသည်။

စိုက်ပျိုးသည့်မျိုးသည် မျိုးကောင်းမျိုးသန့်ဖြစ်ရန်အတွက် မစိုက်ပျိုးမီ အပင်ပေါက် ရာခိုင်နှုန်းကို စမ်းသပ်သင့်သည်။ အပင်ငယ်သန်စွမ်းမှုစွမ်းအင်ကောင်းသောမျိုး ဖြစ်သင့်သည်။ မျိုးစေ့ဆောင်ရောဂါများ ကပ်ညိပါမလာသောမျိုး ဖြစ်သင့်ပါသည်။

မိုးကြိုသီးနှံများစိုက်ပျိုးရာတွင် ဦးစွာ မြေကို စိတ်ကြိုက်ပြုပြင်ပြီး ရေသွင်းရေထုတ် လယ်ကူစေရန်အတွက် (၃)ပေခန့်အကျယ်မြေဘောင်များပြုလုပ် စိုက်ပျိုးနိုင်သည်။ ဘောင်စနစ်ဖြင့်စိုက်ပျိုးခြင်းဖြင့် သီးနှံပင်များ ရေလိုအပ်သည့်အချိန်တွင် ရေသွင်း/ရေထုတ် လွယ်ကူပြီး သွင်းအားစုများ ထည့်သွင်းရာတွင် ပိုမိုထိရောက်သဖြင့် အပင်သေပျောက်မှုမရှိ အထွက်နှုန်းသေချာနိုင်ပါသည်။ 

အပင်ဖြစ်ထွန်းဆဲ နွေစပါး(ခေါ်)မိုးကြိုစပါး

စပါးပင်သက်တမ်း၏ ပထမသုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက်ပင်များ ကင်းစင်နေအောင် နှိမ်နင်းရမှာ ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်း‌ဒေသရှိ အပင်ဖြစ်ထွန်းဆဲ စပါးခင်းများအတွက် ဖြစ်သည်။ စပါးပင်များကြီးထွားနေပြီဖြစ်ပါက ပေါင်းသတ်ဆေးဖျန်း နှိမ်နင်းရန် သင့်တော်တော့မည် မဟုတ်တော့ပါ။ လက်ဖြင့် ပေါင်းပင်များကို နှုတ်ပယ်နှိမ်နင်းရန် ဖြစ်ပါသည်။ 

အထူးအလေးထားသင့်သည်မှာ ပေါင်းမြက်မျိုးဆက်မပြန့်ပွားစေရေးအတွက် စပါးခင်းထဲရှိပေါင်းမြက်ပင်များကို ပန်းပွင့်သည်အထိ၊ မျိုးစေ့တည်သည်အထိ ရှင်သန်စေခြင်း မရှိအောင် ဆောင်ရွက်ရန် ဖြစ်ပါသည်။

နွေစပါး(ခေါ်)မိုးကြိုစပါးစတင်စိုက်ပျိုးကြမည့် မိတ်ဆွေများအတွက်

ဖေဖော်ဝါရီလတွင်စတင်စိုက်ပျိုးသင့်သည်။ အထူးသဖြင့်အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများအတွက် ထောက်ခံခြင်း ဖြစ်သည်။ အကြောင်းကြောင်းကြောင့် မတ်လနှင့် ဧပြီလတို့တွင်မှ စိုက်ပျိုးကြတာတွေ့မြင်ရသည်။ လာမည့်နှစ် မိုးစပါးစိုက်ချိန်ကို စဉ်းစားစေလိုသည်။ မိုးစပါးကို ဇူလိုင်လထက်နောက် မကျစေလိုပါ။ သို့ဖြစ်၍ ဖေဖော်ဝါရီလမှာ နွေစပါးစတင်စိုက်ပျိုးပါလို့ ပြောရခြင်း ဖြစ်ပါသည်။

အသုံးပြုမည့်စပါးမျိုးသည် ဒေသနှင့်ကိုက်ညီသည့် အထွက်ကောင်းမျိုးဖြစ်ပြီး မျိုးသန့် ဖြစ်သင့်သည်။ စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed)(သို့မဟုတ်) တစ်ခြားစပါးမျိုးစေ့များ ပါဝင်ခြင်းမရှိ၊  အစေ့အရွယ်အစားညီညာ၊ ပေါင်းမြက်စေ့များနှင့် အမှိုက်သရိုက်များ ကင်းစင် သည့် မျိုးစေ့ကောင်း(Good Seed)ကို စိုက်ပျိုးလျင် ပိုမိုကောင်းမွန်ပါသည်။ ထို့ပြင် ပိုးမွှားရောဂါဖြစ်ကြောင်းများ ကပ်ငြိပါလာခြင်း မရှိသောမျိုး ဖြစ်သင့်ပါသည်။

တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်ပါက စပါးပင်နှင့် ပေါင်းမြက်ပင်တို့ အတူယှဥ်ပြိုင် ပေါက်လာသည်။ ပေါင်းသတ်‌ဆေးဖျန်းကာ ကာကွယ်နှိမ်နင်းသင့်သည်။ ပထမနည်းလမ်းမှာ မျိုးစေ့ချ(ကြဲပက်)သည့်နေ့ (သို့မဟုတ်)နောက်သုံးရက်အတွင်းတွင် ပေါင်းမြက်မပေါက်မီဖျန်းသည့်ဆေး(Pre-emergence Herbicide)ဖြင့် တမန်းပြင်ကိုဖျန်းပက်ရန် ဖြစ်ပါသည်။

ဒုတိယနည်းမှာ မျိုးစေ့ချ(ကြဲပက်)ပြီး ပေါင်းမြက်ပင်များပေါက်လာကာ ပေါင်းပင်အရွက်(၂)ရွက်ကနေ (၃)ရွက်ထွက်သည့်အချိန်ဖျန်းသည့် ပေါင်းသတ်ဆေး (Post-emergence Herbicide)ဖြင့် အဆိုပါပေါင်းမြက်အပင်ငယ်များအပေါ်ဖျန်းပက် နှိမ်နင်းရန် ဖြစ်ပါသည်။ 

ပေါင်းသတ်ဆေးအလိုက် ကာကွယ်နှိမ်နင်းနိုင်သောစွမ်းရည်တွေရှိသည်။ မြက်၊ မုံညင်းနှင့် ရွက်ပြန့်ပေါင်းအမျိုးအစား သုံးမျိုးလုံးကို နှိမ်နင်းနိုင်သောဆေး၊ အချို့က နှစ်မျိုး၊ အချို့ကတော့ တစ်မျိုးကိုသာ သီးသန့်နှိမ်နင်းနိုင်သောဆေးဆိုပြီး ဓာတုဗေဒပစ္စည်းပါဝင် ဖော်စပ်မှုအရ ကွာခြားကြသည်။ သို့ဖြစ်၍ အညွှန်းလေဘယ်ကိုဖတ်ပြီး မိမိစိုက်ခင်းတွင် ပေါက်ရောက်လေ့ရှိသည့်ပေါင်းအမျိုးအစားနှင့် ကိုက်ညီသင့်တော်သော ပေါင်းသတ်ဆေးကို သုံးစွဲရန် ဖြစ်ပါသည်။

ပေါင်းမြက်အလိုက် ပေါင်းသတ်ဆေးအမျိုးအစားရွေးချယ်မှု၊ ဆေးဖျန်းချိန်နှင့် ဆေးနှုန်းထား မှန်ကန်ပါက ပေါင်းသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းခြင်းသည် ထိရောက်သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။

စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးအတွက် သီးနှံများစိုက်ချိန်မှန်ခြင်းနှင့် ပေါင်းမြက် ကင်းစင်ခြင်းသည် အရေးပါသောအချက်များဖြစ်၍ လိုက်နာကျင့်သုံးဆောင်ရွက်ကာ တောင်သူလယ်သမားများအားလုံး သီးနှံစိုက်ပျိုးအောင်မြင်ဖြစ်ထွန်း ဝင်ငွေကောင်းကြစေလိုပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်