စိုက်ပျိုးသုတ ဇန်နဝါရီလ

02/01/2025 10:10 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

လယ်ယာစိုက်ခင်းတွေမှာ စိုက်ပျိုးထားသည့် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုပ်၊ မြေပဲ၊ နေကြာစသည့် ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးနှင့် နွေစပါးစိုက်ပျိုးရေးဆိုင်ရာ ယခုလအတွင်း လုပ်ဆောင်သည်များနှင့် ပတ်သက်၍ သိရှိသင့်သည်များကို ဖော်ပြရေးသားလိုပါသည်။

၁။ ဆောင်းသီးနှံများ

မြေသြဇာအာဟာရရည်ပက်ဖျန်းခြင်း

စိုက်ပျိုးထားသည့်ဆောင်းသီးနှံများ ဖြစ်ထွန်းကောင်းမွန်ရေးအတွက် ရွက်ဖျန်းမြေသြဇာ(Leaf Fertilizer) သုံးစွဲခြင်းသည် အာဟာရဓာတ်များ လျင်မြန်စွာ ရောက်ရှိစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ကုန်ကျစရိတ်လည်း သက်သာသည်။ သို့သော် အကျိုးရှိအောင် ပက်ဖျန်းဖို့တော့လိုပါသည်။

ရှေးဦးစွာသီးနှံပင်တွင် ဖော်ပြလျက်ရှိသော ချို့တဲ့သည့်လက္ခဏာကို ကြည့်ရှုအကဲခတ်ပြီးလိုအပ်သည့် အာဟာရကို ခန့်မှန်းရန် ဖြစ်ပါသည်။

ထို့နောက် သီးနှံပင်၏လိုအပ်ချက်နှင့် ကိုက်ညီသည့် အဟာရဓာတ်တွေပါဝင်သော မြေသြဇာအရည်ကို ပက်ဖျန်းရန် ဖြစ်ပါသည်။

ပိုးမွှားရောဂါကာကွယ်ခြင်း

ဆောင်းသီးနှံများအပင်ဖြစ်ထွန်းရုံမက ပိုးမွှားရောဂါအဖျက်အဆီးကင်းစင်ရေးကိုလည်း ဆောင်ရွက်ရန်ဖြစ်သည်။ မြေသြဇာအာဟာရအရည်တွေပက်ဖျန်းသကဲ့သို့ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရန် စိုက်ပျိုးရေးဆေးဝါးတွေ ဝယ်ယူသုံးစွဲကြရာတွင် သီးနှံ အမျိုးအစားအပေါ်မူတည်ပြီး ကျရောက်လေ့ရှိသည့် ပိုးမွှားရောဂါ၊ ကျရောက်လေ့ရှိသည့် အချိန်တို့ကို ကြိုတင်သိရှိပြီး ကာကွယ်ဖို့၊ ကျရောက်လျှင် ကျရောက်ချင်း ထိထိ ရောက်ရောက် နှိမ်နင်းဖို့လိုပါသည်။ 

သို့ဖြစ်၍ သီးနှံအလိုက်အပင်ဖြစ်ထွန်းစဉ် ကျရောက်တတ်သော ပိုးမွှားရောဂါများကို ရှေးဦးစွာကင်းထောက် စစ်ဆေးသင့်ပါသည်။ 

ဆေးဖျန်းရန်လိုအပ်ပါက ကျရောက်သည့်ပိုးမွှားရောဂါအမျိုးအစားအတွက် မှန်ကန်သောပိုးမွှားရောဂါကာကွယ်ဆေးသုံးစွဲပြီး နည်းစနစ်မှန်ဖြင့် ထိရောက်စွာပက်ဖျန်းသင့်ပါသည်။ လိုအပ်ပါက နီးစပ်ရာ စိုက်ပျိုးရေးပညာပေးရေးဝန်ထမ်းများထံ မေးမြန်းဆွေးနွေး နည်းပညာရယူဆောင်ရွက်ရန် ဖြစ်ပါသည်။

၂။ နွေစပါးသီးနှံ

မျိုးကောင်းမျိုးသန့်သုံးစွဲရေး

တစ်ဧကအထွက်ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲခြင်းသည် အရေးပါ သောအချက်ဖြစ်သည်။ မျိုးသန့်မျိုးစေ့ဆိုတာ တစ်ခြားစပါးမျိုးစေ့များ ပါဝင်စေခြင်း မရှိရပါ။ အစေ့အရွယ်အစားညီညာရပါမည်။ ပေါင်းမြက်စေ့များ၊ အမှိုက်သရိုက်များကင်းစင်ရပါမည်။ ထို့ပြင် ပိုးမွှားရောဂါဖြစ်ကြောင်းများ ကပ်ညီပါလာခြင်း မရှိစေရပါ။ စီးပွားဖြစ်မျိုးသန့် မျိုးစေ့(Certified Seed)ကို ရနိုင်လျင် ပိုမိုကောင်းမွန်ပါသည်။ အသုံးပြုစေချင်ပါသည်။ မျိုးကောာင်းမျိုးသန့်စိုက်ပျိုးခြင်းဖြင့် စပါးအထွက် တစ်ဧကလျှင် ၅ မှ ၂၀ ရာခိုင်နှုန်းတိုးနိုင်တာကို အသိပေးလိုပါသည်။

စိုက်ချိန်မှန်ရေး

မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ဒီဇင်ဘာလအတွင်း စတင်စိုက်ပျိုးသူများ စိုက်သည်။ နွေစပါးစိုက်ပျိုးရန်ုအသင့်တော်ဆုံးအချိန်ဟု ပြောလိုပါသည်။ မစိုက်ရသေးသူများ အချိန်မနောက်ကျမီ ဇန်နဝါရီလအတွင်း အမြန် စိုက်သင့်ပါသည်။ 

မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ အချို့က မိုးစပါးကို ရိတ်သိမ်းဆဲဖြစ်သည်။  မိုးစပါး-ဆောင်းသီးနှံ-နွေစပါးသီးနှံပုံစံကျင့်သုံးသည့်ဒေသများတွင် ဆောင်းသီးနှံများစိုက်ထား ဆဲ ဖြစ်သည်။ နွေစပါးအတွက် အလှည့်မပေးနိုင်သေးသလို ဆည်ရေကလည်း အကန့်အသတ် ဖြစ်သည်။ ဆည်ရေပေးသည့်အချိန်နှင့် နွေစပါးထယ်ရေးပြင်ချိန် ကိုက်ညီမှသာ စတင် စိုက်ပျိုးသင့်ပါသည်။ 

ပေါင်းမြက်ကာကွယ်နှိမ်နင်းရေး

စိုက်ပျိုးကုန်ကျစရိတ်သက်သာရေးအတွက် ပျိုးထောင်ကောက်စိုက်ခြင်းမပြုဘဲ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးသဖြင့် စပါးပင်နှင့် ပေါင်းမြက်ပင်တို့ အတူယှဥ်ပြိုင် ပေါက်လာသည်။ အလျင်အမြန်ပြီးစီးရေးအတွက် ထယ်ရေးတမန်းကောင်းမွန်အောင် ပြုပြင်နိုင်ခြင်းမရှိဘဲ စိုက်ပျိုးသဖြင့် ပို၍ပေါင်းမြက်ထူပြောလာပြန်သည်။ သို့ဖြစ်၍ ပေါင်းမြက် ကာကွယ်နှိမ်နင်းရေး အလေးထားရန်လိုပါသည်။

ပေါင်းသတ်ဆေးသုံးစွဲသင့်ပါသည်။ ပေါင်းပင်မပေါက်မီပက်ဖျန်းရသည့်ဆေး(Pre-emergence Herbicide)(သို့မဟုတ်)‌ပေါင်းပင်ပေါက်ပြီးမှပက်ဖျန်းရသည့်ဆေး (Post-emergence Herbicides )တို့ကို သုံးစွဲနိုင်သည်။ ဆေးအမျိုးအစားမှန်ပြီး ဆေးဖျန်းနည်းစနစ်နှင့် ဖျန်းသင့်သည့်အချိန် မှန်ကန်ဖို့လိုပါသည်။

စိုက်ပျိုးထားသည့်ဆောင်းသီးနှံများသာမက စိုက်ပျိုးဆဲနှင့် စိုက်ပျိုးမည့်နွေစပါးများ အောင်မြင်ဖြစ်ထွန်းကာ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားအောင် ဆောင်ရွက်နိုင်ကြစေလိုပါသည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်