စိုက်ပျိုးသုတ ဇူလိုင်လ

03/07/2023 11:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ဇူလိုင်လတွင် အပင်ဖြစ်ထွန်းသည့် ယာသီးနှံများကို ပြုစုဂရုစိုက်ရန် လိုအပ်သည်များရှိသကဲ့သို့ မိုးရွာသွန်းမှုနည်းပါးမှုကြောင့် ဇူလိုင်မိုးခေါင် (July Drought) အပြီးတွင်မှ ရွာသွန်းသည့် မိုးရေကို စောင့်ဆိုင်းစိုက်ပျိုးရမည့် ယာသီးနှံများလည်း ရှိနိုင်ပါသည်။

မိုးရွာသွန်းမှုနှင့် ဆည်ရေ/ သွင်းရေရရှိမှုအရ ပျိုးထောင်မည့် စပါးသီးနှံ၊ စတင် စိုက်ပျိုးမည့်စပါးသီးနှံနှင့် ရိတ်သိမ်းမည့် စပါးသီးနှံများလည်း ရှိမည်ဖြစ်ပါသည်။ 

ဖော်ပြပါ အခြေအနေအရပ်ရပ်ရှိသည့် သီးနှံများနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို အသိပေး ရေးသားလိုပါသည်။

၁။ ယာသီးနှံများ

စိုက်ပျိုးထားသည့် ယာသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် အောက်ပါတို့ကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ 

နှမ်းလျင်သီးနှံ

  • အပင်ဖြစ်ထွန်းချိန်နှင့် ပန်းပွင့်ချိန်/ အသီးစတင်ဖြစ်ပေါ်ချိန်များ၌ မြေကြီးထဲတွင် လုံလောက်သော အစိုဓာတ်ရှိချိန် နိုက်ထရိုဂျင်မြေသြဇာထည့်သွင်းပေးပါ။ 
  • မြေသြဇာမကျွေးမီ စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို ရှင်းလင်းပါ။
  • ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းရေးနည်းစနစ်များ လုပ်ဆောင်ပါ။

ပဲတီစိမ်းသီးနှံ

  • အပင်ကြီးထွားချိန်နှင့် သီးပွင့်ချိန်တို့တွင် နိုက်ထရိုဂျင်မြေသြဇာနှင့် ပိုတက်စီယမ် မြေသြဇာများကို ကျွေးပေးပါ။ 
  • လိုအပ်ပါက ရွက်ဖြန်းမြေသြဇာများ အသုံးပြုပါ။
  • မြေသြဇာမကျွေးမီ စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို ရှင်းလင်းပါ။

အစေ့ထုတ်ပြောင်းသီးနှံ 

  • (၃)ပတ်သားကြားထွန်လိုက်စဥ်နှင့် (၅- ၆)ပတ်သားဘောင်တင်ချိန်များတွင် နိုက်ထရိုဂျင်မြေသြဇာနှင့် ပိုတက်စီယမ်မြေသြဇာများကို ကျွေးပေးပါ။ 
  • မြေသြဇာမကျွေးမီ အပင်ခြေရှိ ပေါင်းမြက်များကို ရှင်းလင်းပါ။
  • အပင်ပေါက်ပြီး တစ်လသားအတွင်း ပေါင်းမြက်ကင်းစင်ရေးနှင့် ရေမဝပ်စေရေး ဆောင်ရွက်ပါ။
  • ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းရေးနည်းစနစ်များ လုပ်ဆောင်ပါ။

မိုးမြေပဲသီးနှံ

  • စိုက်ပြီးတစ်လသားအတွင်း ကြားပေါင်းလိုက်ခြင်း၊ လက်ပေါင်းလိုက်ခြင်းနှင့် ကြားတိုက်ခြင်းတို့ကို အပြီးဆောင်ရွက်ပါ။
  • နိုက်ထရိုဂျင်မြေသြဇာနှင့် ပိုတက်စီယမ်မြေသြဇာတို့ကို အပင်ကြီးထွားချိန်၊ အစိုဓာတ်ရှိချိန်တွင် မြေသြဇာဆုံးရှုံးမှုနည်းစေရန် အကြိမ်ခွဲ၍ကျွေးပါ။
  • မြေသြဇာမကျွေးမီ စိုက်ခင်းအတွင်း ပေါင်းမြက်ကို ပြောင်အောင်ရှင်းပါ။
  • လိုအပ်ပါက ရွက်ဖြန်းမြေသြဇာများ အသုံးပြုပါ။
  • ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းရေးနည်းစနစ်များ လုပ်ဆောင်ပါ။

ယခုအချိန်ထိ သေချာရေရာနိုင်လောက်သည့် မိုးရွာသွန်းမှုအခြေအနေမရှိသောကြောင့် မိုးရာသီယာသီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိသေးပါက စောင့်ဆိုင်းပြီး ဇူလိုင်မိုးခေါင် (July Drought)အပြီး မိုးလှိုင်လှိုင်ပြန်လည်ရွာသွန်းမှသာ ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးသင့်သည်။ (မိုးဦးယာသီးနှံများကို မိုးလယ်ယာသီးနှံများအဖြစ် ပြောင်းလဲစိုက်ပျိုးခြင်းပင် ဖြစ်ပါသည်။)

 ၂။ မိုးစပါးသီးနှံ

ပျိုးထောင်ခြင်း

အထွက်ကောင်းစပါးမျိုးသည် သက်တမ်းအလိုက် အနှံထွက်ရင့်မှည့်သောသဘာဝ ရှိသည်။ စပါးအပြီး သီးထပ်သီးနှံကို စိုက်ချိန်မှန်တွင် စိုက်ပျိုးနိုင်ရေးအတွက် ပျိုးထောင် ချိန် နောက်မကျဖို့လိုပါသည်။

ရာသီစပါးမျိုးက အလင်းရောင်တုန့်ပြန်မှုရှိ(Potoperiod Sensitive)သဖြင့် ပန်းပွင့်သည့်ရက်ပုံသေ(Date fixed)ဖြစ်သည်။ မျိုး၏သဘာဝအရ ပျိုးထောင်ချိန် စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ စပါးပန်းပွင့်သည့်ရက်မှာ ပုံသေဖြစ်သဖြင့်  စိုက်ချိန်မှန်မှသာ ပုံမှန်စပါးအထွက်ကို ရရှိနိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်၍-

  • ပျိုးခင်းတွင် ကောင်းစွာဆွေးမြေ့သောသဘာဝမြေသြဇာများ ထည့်သွင်းပါ။
  • အထွက်ကောင်းစပါးမျိုးများနှင့် အလင်းရောင်တုံ့ပြန်မှုရှိသည့်ရာသီစပါးမျိုး အားလုံး ဇူလိုင်လကုန် နောက်ဆုံးထား၍ ပျိုးထောင်ပြီးစီးရေး ကြိုးစားပါ။

ရွှေ့ပြောင်းစိုက်ခြင်း

  • စိုက်ခင်းတွင် ကောင်းစွာဆွေးမြေ့သောသဘာဝမြေသြဇာများ ထည့်သွင်းပါ။
  • ပျိုးသက် (၂၀-၂၅)ရက်သားတွင် လက်ဆ(၂-၃)ပင်ကို ပျိုးပင်အနက် (၁.၅”)ထက် မနက်စေဘဲ စိုက်ပျိုးပါ။
  • မျိုးစေ့(Seed)ထုတ်ကွက်များကို ၆ တန်း ၁ တန်းလှပ် စိုက်ပျိုးပါ။

တိုက်ရိုက်မျိုးစေ့ချခြင်း

  • စိုက်ခင်းတွင် ကောင်းစွာဆွေးမြည့်သောသဘာဝမြေသြဇာများ ထည့်သွင်းပါ။
  • အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစနစ်(Dry Direct Seeded Rice Method) ဖြင့် ကြဲပက်(သို့မဟုတ်)အတန်းလိုက် စိုက်ပျိုးနိုင်သည်။ 
  • သို့မဟုတ် အစိုတမန်းပြင်ပြီး တိုက်ရိုက်မျိုးစေ့ချစနစ် (Wet Direct Seeded Rice Method)ဖြင့် ကြဲပက် (သို့မ ဟုတ်) အတန်းလိုက် စိုက်ပျိုးနိုင်သည်။ 

ဤနည်းများဖြင့်  စိုက်ပျိုးသောစပါးခင်းများတွင် စပါးပင်နှင့် ပေါင်းမြက်ပင် များသည် တစ်ပြိုင်တည်း ပေါက်ရောက်ကြီးထွားရန် အခွင့်အလန်းရရှိနေသည်။ သို့ဖြစ်၍- 

  • (၁) ပေါင်းမြက်ကင်းစင်စေရေး အထူးဂရုပြုပါ။ 
  • (၂) လယ်ကွက်အတွင်း ရေမပြတ်စေရန် ဂရုပြုပါ။ ရွာသွန်းလာသော မိုးရေကို စုဆောင်းသိုလှောင်ပါ။

 စပါးစိုက်ပျိုးရာတွင် အသုံးပြုမည့်မျိုးစေ့နှင့်ပတ်သက်၍လည်း အကြံပြုလို ပါသည်။ 

  • ရေမြေဒေသနှင့် ကိုက်ညီ ပိုးမွှားရောဂါကင်းစင် အရည်အသွေးကောင်းမျိုးများကို အသုံးပြုပါ။
  • စပါးမျိုးစေ့တွင် မျိုးကွဲသန့်စင်၊ အပင်ပေါက်နှုန်းကောင်းပါစေ။
  • မျိုးစေ့နှုန်းကို ပျိုးထောင်ကောက်စိုက်စပါးခင်းအတွက် တစ်ဧကလျင် တစ်တင်းနှုန်း၊ တိုက်ရိုက်မျိုးစေ့ချ စပါးခင်းအတွက် ( ၁.၅ မှ ၂ ) တင်းနှုန်း အသုံးပြုပါ။

၃။ နွေစပါးသီးနှံ

ဧပြီလဝန်းကျင်တွင် စိုက်ပြီး ဇူလိုင်မှာ ရိတ်သိမ်းမည့်နွေစပါးများ အထွက်စွမ်းရည် အပြည့်အဝရရှိရေးအတွက်-

  • ပန်းပွင့်ပြီး (၂၅-၃၅) ရက်အကြာ (သို့)  စပါးနှံများ၏ (၈၅%) ခန့်ရင့်မှည့်ချိန်(သို့) စပါးနှံ၏ အနည်းဆုံး ၃/၄ ခန့် အဝါရောင်သို့ပြောင်းချိန်တွင် ရိတ်သိမ်းပါ။
  • ရိတ်သိမ်းပြီး ၂၄ နာရီအတွင်း အစိုဓာတ်ကျဆင်းစေရန် ခြောက်၍ သန့်ရှင်းသော မိုးကာစ၊ ပလပ်စတစ်ပေါ်တွင် စပါးကို အခြောက်ခံပါ။

ဇူလိုင်လသည် စိုက်ပျိုးရေးနှစ်၏ အစောပိုင်းကာလဖြစ်သဖြင့် ယာသီးနှံ၊ မိုးစပါး သီးနှံစသည့် ပထမသီးနှံများ စိုက်ချိန်မှန်ရေး၊ အပင်ဖြစ်ထွန်းရေးတို့အတွက် အရေးပါသောလ ဖြစ်သည်။ သို့ဖြစ်၍ စိုက်ပျိုးအောင်မြင်အောင် ဆောင်ရွက်ကြရန် အသိပေး နှိုးဆော်အပ်ပါသည်။

 

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်