ဇွန်လသည် မိုးရွာသွန်းမှုကို စတင်အားကိုးနိုင်သည့် လဖြစ်သဖြင့် မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းစတင်ရန်နှင့် ယာသီးနှံအမျိုးမျိုးကို စိုက်ပျိုးရန် အကောင်းဆုံးအချိန် ဖြစ်သည်။ ဤကာလတွင် တောင်သူများအနေဖြင့် မိုးစပါးကို ပျိုးထောင်ရန်(သို့မဟုတ်)မျိုးစေ့ချရန်နှင့် ယာသီးနှံများကို အပြီးစိုက်ပျိုးကြရန် ဖြစ်ပါသည်။
သီးနှံအလိုက် ဇွန်လအတွင်း ဆောင်ရွက်သင့်သည်များကို စိုက်ပျိုးသုတပေးဝေမျှ လိုပါသည်။
၁။ ယာသီးနှံများ
ယာသီးနှံများသည် စပါးသီးနှံကဲ့သို့ စိုက်ကွက်ထဲတွင် ရေဝပ်ခြင်း သို့မဟုတ် အစိုဓာတ်လွန်ကဲခြင်းကို နှစ်သက်မှုမရှိဘဲ ခံနိုင်ရည်မရှိကြပါ။ ထို့ကြောင့် ကန်သင်း ကန့်ထားခြင်းမရှိသော ယာမြေနှင့် ကုန်းမြေကဲ့သို့သော မြေမျိုးတွင် အဓိကစိုက်ပျိုးကြသည်။ ဥပမာ- နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ၊ ဝါ နှင့် ငရုတ် စသည့် သီးနှံများ ဖြစ်ကြပါသည်။
အဆိုပါသီးနှံများကို စိုက်ပျိုးရာတွင် အောက်ပါအချက်များကို ဂရုပြုသင့်ပါသည်။
- မျိုးစေ့ရွေးချယ်ခြင်း - မျိုးကောင်းမျိုးသန့်မျိုးစေ့ကို အသုံးပြုရန်နှင့် မျိုးစေ့သည် အပင်ပေါက်နှုန်း ၈၀ ရာခိုင်နှုန်းနှင့်အထက်တွင် ရှိသင့်သည်။ အပင်ပေါက်နှုန်း ၈၀ ရာခိုင်နှုန်းထက်နည်းပါက မျိုးစေ့နှုန်းကို တိုးမြှင့်သုံးစွဲသင့်ပါသည်။
- အပင်ပေါက်သန်စွမ်းမှု: အသုံးပြုမည့်မျိုးသည် အပင်ပေါက်သန်စွမ်းကောင်းမွန်သည့် (Good seedling vigour) မျိုး ဖြစ်သင့်ပါသည်။
- ရာသီဥတုနှင့် ကိုက်ညီမှု - ရာသီဥတုဖောက်ပြန်နေသော ယနေ့အခြေအနေတွင် မိုးခေါင်သော်လည်း သီးနှံအောင်မြင်နိုင်စေရန် ရေငတ်/မိုးခေါင်ခံနိုင်သည့်မျိုး ဖြစ်ရန်လိုအပ်သည်။ ထို့ပြင် ရေမြေဒေသနှင့် ကိုက်ညီဖြစ်ထွန်းပြီး ဈေးကွက်ရှိသော မျိုးလည်း ဖြစ်သင့်ပါသည်။
- ပဲမြစ်ဖုမြေသြဇာ လူးနယ်ခြင်း - မြေပဲနှင့် ပဲမျိုးစုံသီးနှံများတွင် သက်ဆိုင်ရာ ပဲမြစ်ဖုမြေသြဇာ(Rhizobium) နှင့် လူးနယ်၍ စိုက်ပျိုးသင့်သည်။ သို့မှသာ နိုက်ထရိုဂျင်အာဟာရဓာတ်ကို ရရှိစေမည်ဖြစ်သည်။ ပဲမြစ်ဖုမြေသြဇာသုံးစွဲခြင်းဖြင့် ဓာတ်မြေသြဇာဖိုး ကုန်ကျစရိတ်ကို လျှော့ချနိုင်ကာ အရင်းအနှီး သက်သာစေပါသည်။
- စိုက်ကွက်ပြုပြင်ခြင်း - မိုးကြီးရွာသွန်းချိန်တွင် ရေမဝပ်စေရန်အတွက် ရေစိမ့်မြောင်း၊ ပတ်မြောင်းနှင့် ရေထုတ်မြောင်းများကို ကြိုတင်ပြုလုပ်ထားသင့်ပါသည်။
- မြေသြဇာကျွေးခြင်းနှင့် အပင်ပြုစုခြင်း - နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်နှင့် ပိုတက်စီယမ် ပါဝင်သော မြေခံမြေသြဇာကို သီးနှံအလိုက် သင့်တော်သည့် အချိုးအစားအတိုင်း ထည့်သွင်းပေးရန် လိုပါသည်။
- အပင်ဦးရေပြည့်မီရေး - အပင်အတန်းအကွာအဝေးကို သတ်မှတ်ချက်အတိုင်း မှန်ကန်စေရန်နှင့် ကြဲပက်စိုက်ပျိုးပါက မျိုးစေ့နှုန်း မှန်ကန်ရန် လိုအပ်ပါသည်။
- သားခွဲချိန်မှန်ရေး- အပင်ကြီးထွားမှု မြန်ဆန်စေရန်အတွက် လိုအပ်မည့် အပင်ဦးရေကိုသာ ထားရှိပြီး၊ အချိန်နောက်မကျစေဘဲ အပင်ခွဲခြင်း (သားခွဲခြင်း) လုပ်ငန်းကို ဆောင်ရွက်ရန် ဖြစ်ပါသည်။
- ပေါင်းမြက်ကင်းစင်ရေး - အပင်ငယ်စဉ်ကတည်းက ပေါင်းမြက်ကင်းစင်ရေးကို အထူးဂရုပြုရမည်။ သို့မှသာ သီးနှံပင်များသည် မြေဆီလွှာမှ အစိုဓာတ်၊ အာဟာရဓာတ်များနှင့် အစာချက်လုပ်ရန်အတွက် နေရောင်ခြည်ကို ကောင်းစွာ ရရှိနိုင်မည် ဖြစ်ပါသည်။

၂။ မိုးစပါးသီးနှံ
ဆည်ရေသောက်ဒေသနှင့် မိုးရေသောက်ဒေသများတွင် လုံလောက်သော ရေရရှိပါက ဇွန်လလယ်တွင် စတင်၍ စပါးပျိုးထောင်ခြင်း သို့မဟုတ် အစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချနည်း ဖြင့် စိုက်ပျိုးနိုင်ပါသည်။
သက်လတ်စပါးမျိုးကို ရွေးချယ်စိုက်ပျိုးပြီး မျိုးကောင်းမျိုးသန့်ကိုသာ အသုံးပြုရန် ထောက်ခံလိုပါသည်။ နှစ်သီး၊ သုံးသီးစိုက်နိုင်သည့်အခြေအနေရှိသည့်ဒေသများတွင်မူ သက်လျင်မျိုးကို ဦးစားပေးရွေးချယ်သင့်ပါသည်။
အကယ်၍ လုံလောက်သော မိုးရေ (သို့မဟုတ်) ဆည်ရေ မရရှိပါက မြေအစိုဓာတ်ရရှိချိန် တွင် ယာသီးနှံများကဲ့သို့ပင် ထယ်ထိုး၊ ထွန်မွှေ၍ မြေပြုပြင်ပြီးနောက် စပါး အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစနစ် (Dry Direct Seeded Rice - DDSR Method) ဖြင့် စိုက်ပျိုးသင့် ပါ သည်။
စပါးမျိုးရွေးချယ်ခြင်း
ဒေသအလိုက် ရွေးချယ်မှု: နိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်း ဒေသတစ်ခုနှင့်တစ်ခု ရေမြေရာသီဥတု သဘာဝအခြေအနေ ကွာခြားမှုနှင့်အညီ သင့်တော်ဖြစ်ထွန်းမည့်မျိုးကို ရွေးချယ်သင့်ပါသည်။
လယ်ကွက်အလိုက် ရွေးချယ်မှု: လယ်မြေ၏ အနိမ့်အမြင့် ရေနေရေထိုင် မတူညီမှုအပေါ် မူတည်၍ လယ်တစ်ကွက်ချင်းစီအတွက် ကိုက်ညီမည့်မျိုးကို စနစ်တကျ ရွေးချယ်သင့် ပါသည်။
မျိုးစေ့ရွေးချယ်ခြင်း
ဆားရည်တွင်စိမ်၍ အောင်မြင်ပြည့်ဖြိုးသည့်စပါးမျိုးစေ့များကို ရရှိအောင် ရွေးချယ်ပျိုးထောင်ပါ(သို့မဟုတ်)မျိုးစေ့ချပါ။ (သို့မဟုတ်)
လွယ်ကူရိုးရှင်းသည့်နည်းလမ်းဖြစ်သည့် ရိုးရိုးရေမှာစိမ်၍ အောင်မြင်ပြည့်ဖြိုးသည့် စပါးမျိုးစေ့များကို ရရှိအောင် ရွေးချယ်ပျိုးထောင်ပါ(သို့မဟုတ်)မျိုးစေ့ချပါ။
အောင်မြင်ပြည့်ဖြိုးသော စပါးမျိုးစေ့တွေမှာ ‘စေ့တွင်းအစာ’ ပိုပါခြင်းကြောင့် အပင်ပေါက် ရန် အားပိုကောင်းခြင်း၊ ပေါက်လာသည့်အပင်သန်စွမ်းဖွံ့ဖြိုးခြင်း၊ အပင်ပွားကောင်း၊ အနှံပိုကြီး ထွားပြီး စပါးပိုထွက်စေနိုင်မှာ ဖြစ်ပါသည်။
ပျိုးထောင်နည်းစနစ်
စပါးပျိုးထောင်ခြင်းနှင့် ပတ်သက်၍ အရေးကြီးသည့် အချက် (၂) ချက်ကို အလေးထား ရန်လိုပါသည်။
- မျိုးစေ့ကောင်း (Good Seed) ကို အသုံးပြုပါ။
- မျိုးစေ့နှုန်း (Seed Rate in the Nursery) မှန်ကန်ပါစေ။
မျိုးစေ့နှုန်းဆိုသည်မှာ မိမိအသုံးပြုမည့် ပျိုးထောင်နည်းစနစ် (ဥပမာ - အခြောက်ပျိုးခင်း၊ အစိုပျိုးခင်း၊ ပေါင်စနစ်ပျိုးခင်း၊ အက်စ်အာအိုင် (SRI)၊ သာမန်စနစ်) အပေါ်တွင် မူတည်သည်။ ထို့ကြောင့် စနစ်အလိုက် သင့်တော်မည့် မျိုးစေ့နှုန်း ဖြစ်ရန်လိုပါသည်။
အလားတူ စပါးအမျိုးအစားအပေါ်တွင်လည်း မူတည်ပါသည်။ စိုက်ပျိုးနေကျ အထွက်ကောင်းစပါး၊ အရည်အသွေးကောင်းစပါး၊ ဒေသစပါးနှင့် စပ်မျိုးစပါး (Hybrid) များသည် တစ်မျိုးနှင့်တစ်မျိုး မျိုးစေ့နှုန်းအသုံးပြုရန် မတူညီနိုင်သဖြင့် မိမိစိုက်ပျိုးမည့် နည်းစနစ်၊ မျိုးစပါးအမျိုးအစားတို့နှင့် ကိုက်ညီသည့် ပျိုးခင်းမျိုးစေ့နှုန်းများကိုသာ မှန်ကန်စွာ သုံးစွဲကြရန် ဖြစ်ပါသည်။
အချုပ်အားဖြင့် မိမိတို့ဒေသ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့် များကို စနစ်တကျ ရွေးချယ်စိုက်ပျိုးကြရန်၊ မိုးဦးကာလ ရာသီဥတုဖောက်ပြန်မှုဒဏ်မှ ကာကွယ်နိုင်ရန် ရေထုတ်မြောင်း ပြုလုပ်ခြင်းနှင့် စနစ်တကျ ပျိုးထောင်ခြင်းလုပ်ငန်းများကို အချိန်မီ ဂရုပြုဆောင်ရွက်ရန် ထပ်မံအသိပေးလိုပါသည်။
ယခုဇွန်လတွင် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်မှန်ကန်စွာဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်၍ သီးနှံစိုက်ပျိုး အောင်မြင် ဖြစ်ထွန်းကာ လယ်ယာဝင်ငွေတိုးပွားကြစေလိုပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။