စိုက်ပျိုးသုတ မတ်လ

04/03/2026 18:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

မတ်လသည် နွေရာသီအကူးအပြောင်းကာလဖြစ်ပြီး နေ့အပူချိန်များ သိသိသာသာ မြင့်တက် လာမည့်လ ဖြစ်သည်။ နေ့အပူချိန်မြင့်မားခြင်းကြောင့် မြေဆီလွှာအစိုဓာတ် လျှင်မြန်စွာ ပျောက်ဆုံးနိုင်ခြင်းနှင့် မိုးရွာသွန်းနိုင်ခြေအလွန်နည်းခြင်းတို့ကြောင့် မိုးကြို(နွေ)သီးနှံစိုက်ခင်းများအတွက် ဆည်ရေ သို့မဟုတ် ရေရရှိရေးနည်းလမ်းကို လုံးဝမှီခိုအားထားရမည့်ကာလ ဖြစ်ပါသည်။ 

ယျေဘုယျအားဖြင့် မတ်လတွင် မိုးတိမ်အသင့်အတင့်ရှိနိုင်သော်လည်း လင်းလက်တောက်ပ သော နေရောင်ခြည်ကို ကောင်းစွာရရှိလေ့ရှိသည်။ ထို့ကြောင့် စိုက်ပျိုးသီးနှံများအတွက် အစာချက် လုပ်မှုအားကောင်းစေကာ ကြီးထွားဖွံ့ဖြိုးအထွက်ကောင်းစေမှုအတွက် အကျိုးပြုမှုများကို ရရှိနိုင် သည့်လ ဖြစ်ပါသည်။ 

ထိုအခြေအနေများကိုသိရှိကာ မိုးကြို(နွေ)သီးနှံများအတွက် ဆောင်ရွက်သင့်သည်များကို စိုက်ပျိုးသုတပေးဝေမျှ လိုပါသည်။

နွေစပါးသီးနှံ

နွေစပါးသည် မိသားစုစားသုံးရန်အတွက်သာမက၊ ရောင်းချဖို့အတွက်ပါ အဓိကကျသည်။ နွေရာသီမှာ နေရောင်ခြည်ကောင်းကောင်းရသည့်အတွက် တစ်ဧကလျှင် ပန်းတိုင်အထွက်နှုန်းတင်း ၁၁၀ မကထွက်ရှိနိုင်‌ရေး ဆောင်ရွက်ရန် ဖြစ်ပါသည်။

တိုက်ရိုက်စိုက်ခင်းအပင်ပေါက်ကျဲနေပါက အပင်ပေါက်ပြီးနောက် တစ်လအတွင်း ထူသော နေရာမှရယူပြီး အပင်ဖာရန်လိုသည်။ ပျိုးထောင်စိုက်ခင်း ပင်သေပင်ပျောက်ရှိပါက ကောက်ပင်ဖာ ခြင်းလုပ်ငန်း ဆောင်ရွက်ရန် လိုသည်။ အပင်ဦးရေပြည့်မီခြင်းဖြင့် အထွက်ကောင်းစေဖို့ ဖြစ်ပါ သည်။

တိုက်ရိုက်ကြဲပက်စနစ်တွင် စပါးပင်နှင့်အတူ ပေါင်းမြက်များပါ တစ်ပြိုင်နက် ပေါက်ရောက် တတ်သည့် အားနည်းချက်ရှိသည်။ ထို့ကြောင့်-စပါးအပင်ပေါက်ပြီး တစ်လအတွင်း ပေါင်းမြက်များ ကို အပြီးသတ်နှိမ်နင်းရန်လိုသည်။ ထို့ကြောင့် ပေါင်းသတ်ဆေးစနစ်တကျသုံးစွဲရန်၊ အတန်းလိုက် စိုက်ပျိုးထားပါက တမန်းနှိုးကြားလိုက်ကိရိယာနှင့် ပေါင်းနှိမ်နင်းခြင်းကို ဆောင်ရွက်ရန် ဖြစ်သည်။

ပေါင်းသတ်ဆေးအသုံးပြုမည်ဆိုပါက စိုက်ပြီးကာစနှင့် ပေါင်းမြက်ပင် အပင်ပေါက်ကာစ အရွက် ၂ ရွက် ၃ ရွက်ထွက်ချိန်တွင် သုံးရန်ဖြစ်သည်။ ဆေးဖျန်းချိန်နောက်ကျပါက လက်ပေါင်း လိုက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

အဓိကအချက်မှာ စပါးပင်သက်တမ်း၏ ပထမသုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက်ပင်များ စပါးခင်းအတွင်း ရှိမနေဖို့ ဖြစ်သည်။ ပေါင်းမြက်ထူထပ်ပါက စပါးအထွက်နှုန်းကို သိသိသာသာ ထိခိုက်စေနိုင်သည်ကို သတိပြုဖို့ ဖြစ်ပါသည်။

စပါးပင်ကြီးထွားဖွံဖြိုးချိန်တွင် အာဟာရပြည့်ဝစွာရရှိဖို့ အထူးလိုအပ်သည်။ ပေါင်းနှိမ်နင်း ပြီးနောက် နိုက်ထရိုဂျင်အာဟာရပါသောမြေသြဇာကို ကျွေးပေးရန်ဖြစ်သည်။ အပင်ပွားမှ အနှံများ မည်။ အပင်ပွားစည်းမှုကောင်းစေခြင်းဖြင့် အနှံပါပင်ပွားများကာ စပါးအထွက်ကောင်းစေဖို့ ဖြစ်ပါသည်။

မိုးကြိုနှမ်းလျင်သီးနှံ

မိုးကြိုနှမ်းလျင်သည် ကာလတိုသီးနှံဖြစ်၍ ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် အမြတ်အစွန်းများစွာရရှိနိုင်ကာ ဈေးကွက်ဝယ်လိုအားလည်း အဆက်မပြတ်ရှိသည့်သီးနှံ ဖြစ်ပါသည်။ 

ရေသွင်းရာတွင် စိုက်ခင်းထဲနေရာအနှံ့ ရေရောက်ဖို့လိုသည်။ ဘောင်စနစ်ဖြင့်စိုက်ပျိုးပါက ဘောင်ကြားတစ်လျှောက် ရေရောက်ရှိအောင် သွင်းပေးရန်ဖြစ်ပါသည်။

ကြဲပက်စိုက်ခင်းတွင်နှမ်းမှုန်းခြင်း၊ ဘောင်စနစ်စိုက်ခင်းတွင် သားခွဲခြင်းသည် အရေးကြီး သည်။ နှမ်းစေ့သည်သေးသေး၊ ကြဲပက်စိုက်သည်ဖြစ်စေ၊ အတန်းလိုက်နို့ဆီဗူးနှင့် မျိုးစေ့ချသည်ဖြစ် စေ၊ မြေပေါ်ကျသည့်မျိုးစေ့များသည် စုပုံလို့ ဖြစ်နိုင်သည်။ ထို့ကြောင့် ဂရုတစိုက် သားခွဲရန် ဖြစ်ပါသည်။

သားခွဲရာတွင် သန်မာသောအပင်ကိုချန်၊ မသန်မာသောအပင်တွေကို နှုတ်ပယ်ရန် ဖြစ်သည်။ အတန်းလိုက်စိုက်ခင်းတွင် တစ်ပင်နှင့်တစ်ပင် လေးလက်မအကွာသာထားပြီး ကျန်အပင်များကို နှုတ်ပစ်ရန် ဖြစ်ပါသည်။ 

သားခွဲရမည့်အချိန်မှာ မူမှန်အရွက် ၆ ရွက်ထွက်ချိန်တွင် သားခွဲရန်ဖြစ်သည်။ အပင် သက်တမ်းအရဆိုလျင် အပင်နှစ်ပတ်သားခန့်တွင် သားခွဲရန်ဖြစ်သည်။ နောက်ကျလျှင် အပင်လှီမည်။ သားခွဲမှုမှန်ရေးသည် ကြီးထွားသန်စွမ်းမှုမြန်ပြီး အသီးဖြစ်ပေါ်မှုများစေကာ အထွက်ကောင်းစေဖို့ ဖြစ်ပါသည်။ 

မိုးကြိုချည်မျှင်ရှည်၀ါသီးနှံ

မိုးကြိုချည်မျှင်ရှည်ဝါသည် အထည်အလိပ်လုပ်ငန်းအတွက် အဓိကကုန်ကြမ်းဖြစ်ပြီး အရည်အသွေးကောင်းမွန်ပါက ဈေးကောင်းရရှိနိုင်သည့် သီးနှံဖြစ်ပါသည်။

မိုးကြိုချည်မျှင်ရှည်ဝါသီးနှံတွင် ရေလိုအပ်မှုရှိမရှိကို စစ်ဆေးကာ မြေအစိုဓာတ်ရှိနေစေရေး ဆောင်ရွက်ရန် ဖြစ်သည်။ ရေသွင်းရာတွင် ကွက်ပြင်ကျယ်ရေသွင်းစနစ်ဖြစ်ပါက စိုက်ကွက်အတွင်း ပျံ့နှံ့မှုရှိရန် အထူးဂရုစိုက်ပါ။ အပင်ခြေရေဝပ်ခြင်းများ မဖြစ်ပေါ်စေရန် အရေးကြီးပါသည်။

ချည်မျှင်ရှည်ဝါကို ပိုးမွှားရောဂါများ အလွန်ကြိုက်သည်။ ကြိုတင်ကာကွယ်ရန်နှင့် ကျရောက်ပါက ထိရောက်စွာနှိမ်နင်းရန် ဖြစ်ပါသည်။

ကြံသီးနှံ

ကြံသီးနှံသည် သကြားစက်ရုံများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး ကြံလမိုင်းထားခြင်းဖြင့် ဆက်တိုက်ရေရှည်တည်တံ့သော ၀င်ငွေကို ရရှိစေသည့်သီးနှံ ဖြစ်ပါသည်။

နိုဝင်ဘာ၊ ဒီဇင်ဘာတွင် စိုက်ပျိုးခဲ့ပါက ကြံပင်သက်တမ်း ရက် ၉၀၊ ရက် ၁၀၀ ရှိနေ လောက်ပြီ။ နွေရာသီကာလကို ဖြတ်သန်းကြရတော့မည်။ မူလစိုက်ပျိုးစဉ်က အစိုဓာတ်မိမိ၊ စိုက်တန်းစိုက်ကျင်းနက်နက် စိုက်ပျိုးခဲ့သော်လည်း မြေအမျိုးအစားဖွဲ့စည်းပုံအရ မြေအစိုဓာတ် လိုအပ်မှုတွေ ရှိလာနိုင်ပါသည်။

မြေအစိုဓာတ်ကောင်းနေစေရန် ရေပေးသွင်းရန် ဖြစ်သည်။ ရေပေးသွင်းစဉ် နိုက်ထရိုဂျင် မြေသြဇာ၊ သဘာဝမြေသြဇာတို့ကိုပါ ထည့်ပေးနိုင်သည်။ ကြံခင်းအတွင်း ရေဝပ်မနေစေရန် ဂရုစိုက်ရန်လိုသည်။ ရေထုတ်မြောင်း၊ စိမ့်မြောင်း၊ ပတ်မြောင်းများ ထားပေးရန် ဖြစ်ပါသည်။ 

ထို့ပြင် ကြံပင်သည် အပင်မြင့်သောအမျိုးအစားဖြစ်သော်လည်း ပထမပိုင်းကာလတွင် ပေါင်းမြက်ပင်များ ရှိမနေဖို့ သတိပြုရပါမည်။ လိုအပ်သလို ပေါင်းမြက်ကင်းစင်စေရေး ဆောင်ရွက် ရန် ဖြစ်ပါသည်။

ဖော်ပြပါ မိုးကြို(နွေ)သီးနှံများကို မတ်လအတွင်း သီးနှံအလိုက် စနစ်တကျစိုက်ပျိုး၊ ပြုစုဂရုစိုက်ခြင်းဖြင့် အထွက်နှုန်းများကောင်းကာ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ကြစေလိုပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်