စိုက်ပျိုးသုတ အောက်တိုဘာလ

02/10/2023 17:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ဆောင်းသီးနှံများစိုက်ပျိုးရေး၊ မိုးစပါးသီးနှံအောင်မြင်ရေးတို့နှင့် ပတ်သက်လို့ ဆောင်ရွက်ရန်များကို အသိပေးနှိုးဆော်လိုပါသည်။

၁။ ဆောင်းသီးနှံများ

ဆောင်းသီးနှံများ စိုက်ပျိုးသင့်သည့်ကာလဖြစ်သည်။ ယာမြေတွင် မိုးသီးနှံ ရိတ်သိမ်းအပြီး စိုက်မည်။ လယ်မြေတွင် မိုးစပါးရိတ်သိမ်းအပြီး စိုက်မည်။ တစ်သီးစားဖြင့် ကျေနပ်ရမည့် အခြေအနေ အချိန်အခါ မဟုတ်တော့ချေ။ 

ယာမြေတွင်လည်း နှစ်သီး၊ လယ်မြေတွင်လည်း နှစ်သီးလောက်တော့ အနည်းဆုံး စိုက်သင့်သည်။ အစိုဓာတ် မဆုတ်ယုတ်မီ စိုက်ဖို့လိုတာရယ်၊ ဖြစ်နိုင်ရင် သုံးသီးစိုက်နိုင် အောင်ရယ် အချိန်လုရမည်။ သို့ဖြစ်၍ အောက်တိုဘာလအတွင်း ဆောင်းသီးနှံ တစ်မျိုးမျိုးကို လယ်မြေမှာဖြစ်စေ၊ ယာမြေမှာဖြစ်စေ စိုက်သင့်ပါသည်။

မည်သည့်ဆောင်းသီးနှံကို စိုက်ပျိုးသည် ဖြစ်စေ အောက်ပါအချက်များကို ဆောင်ရွက်ရန် လိုပါသည်။

  • သက်လျင် အထွက်ကောင်းသောမျိုးကို အသုံးပြုပါ။
  • ရေမြေဒေသနှင့်ကိုက်ညီသောစျေးကွက်ရှိသည့် မျိုးကောင်းမျိုးသန့်ဖြစ်ပါစေ။
  • အပင်ပေါက်ရာခိုင်နှုန်း(၈၀)နှင့် အထက်ရှိသောမျိုးဖြစ်ပါစေ။
  • ထွန်ရေးပြုပြင်မှုနည်းစနစ်မှန်ပါစေ။

ဆောင်းသီးနှံများကိုစိုက်ပျိုးရာတွင် မိုးရာသီကဲ့သို့ ထွန်ရေးကို ကောင်းအောင်၊ ညက်အောင် အချိန်ဆွဲ လုပ်သင့်ချင်မှ လုပ်သင့်မည်။ မြေသားဖွဲ့စည်း တည်ရှိမှုနှင့် အစိုဓာတ်အခြေအနေကို ကြည့်ဖို့လိုပါမည်။

ပုံမှန်ထွန်ရေးပြုပြင် စိုက်ပျိုးခြင်း(Conventional tillage)ထက် ထွန်ရေးအနည်းငယ်သာပြုပြင် စိုက်ပျိုးခြင်း (Minimum tillage) က ပိုသင့်တော်နိုင်သည်။ ထွန်ရေးမဲ့စိုက်ပျိုးခြင်း(Zero tillage) ကိုလည်း အခြေအနေအရ အသုံးပြုနိုင်ပါသည်။ 

အရေးကြီးသည်မှာ သီးနှံပင်သက်တမ်းတစ်လျှေက်တွင် မြေတွင်းအစိုဓာတ် ထိန်းသိမ်းတည်ရှိနေစေနိုင်မည့် ထွန်ရေးပြုပြင်မှုကို ပြုလုပ်စိုက်ပျိုးရန်လိုသည်ဟုသာ ပြောလိုပါသည်။

စိုစွတ်မှု(Excess moisture) အခြေအနေကိုခံနိုင်ပြီး အပင်ပေါက်သန်စွမ်းကောင်းမွန်သည့် အရည်အချင်း (good seedling vigour)နှင့်ပြည့်စုံသော သီးနှံမျိုးကို ရွေးချယ်စိုက်ပျိုးပါ။ အကြောင်းမှာ အောက်တိုဘာတွင် မုတ်သုန်မိုးမလာတတ်သော်လည်း အရှေ့ဘက်မှ ရွေ့လျားလာသော မိုးတိမ်တိုက်များကြောင့် မိုးရွာသည်ကို နှစ်စဉ်တွေ့နေရသည်။ ဆောင်းသီးနှံစိုက်ဖို့ထွန်ရေးပြင်နေစဉ် မိုးက အဆက်မပြတ်ရွာတတ်သေး၍ ဖြစ်ပါသည်။ (ဆရာဦးဝင်းနိုင်သည်လည်း အောက်တိုဘာလတွင် မိုးရွာရက် ၂၀ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။)

ကြိုတင်ကာကွယ်ရန်

  • ရေထုတ်မြောင်း
  • ရေစိမ့်မြောင်းများကို ပြုလုပ်ထားပါ။
  • ဘောင်စနစ်ဖြင့် စိုက်ပျိုးသင့်က စိုက်ပျိုးပါ။

အကြောင်းမှာ မိုးကြီးရွာသွန်းပါက အပင်ခြေရေဝပ်ခြင်း၊ အစိုဓာတ်များလွန်းခြင်း၊ အပင်သေပျောက်ခြင်းစသည်တို့ မဖြစ်ပေါ်စေရန် ဖြစ်ပါသည်။ 

၂။ မိုးစပါးသီးနှံ

ဇူလိုင်ခန့်တွင်စိုက်ပျိုးခဲ့သော စပါးခင်းအများစုသည် မျိုးပွားပိုင်းကြီးထွားသည့်ကာလ(Reproductive Phase)ကို ရောက်ရှိသည့်ကာလဖြစ်နိုင်သည်။ ဤကာလသည် စပါးတစ်နှံတွင်ပါဝင်သော အစေ့အရေအတွက် (Grains per panicle)အတွက် အရေးကြီးသောကာလ ဖြစ်သည်။ 

အချို့စပါးစိုက်ခင်းများမှာမူ ရင့်မှည့်သည့်ကာလ(Ripening Phase)သို့ ရောက်ရှိပြီဖြစ်သည်။ ဤကာလသည် အောင်မြင်ရင့်မှည့်သည့်စပါးစေ့ရာခိုင်နှုန်း (filled grains percent)နှင့် အစေ့ ၁၀၀၀ အလေးချိန်(1000 grains weight) တို့အတွက် အရေးကြီးသောကာလ)ဖြစ်သည်။ တစ်ဧကစပါးအထွက်မြင့်မားရေးအတွက် အထူးဂရုစိုက်ရမည့် အချိန်ကာလ ဖြစ်ပါသည်။

ရိတ်သိမ်းတော့မည့်စပါးခင်းများ အလေအလွင့်နည်းပါးစေရေးအတွက်

  • စပါးအနှံများရှိစပါးစေ့များ၏ ၈ဝ မှ ၈၅ ရာခိုင်နှုန်း ကောက်ရိုးရောင်ဖြစ်ပေါ်ချိန်တွင် ရိတ်သိမ်းရန်
  • ရိတ်သိမ်းပြီးလျှင်ပြီးချင်း မြန်မြန်ခြွေလှေ့ရန် ဖြစ်ပါသည်။

မျိုးစေ့ထုတ်စပါးစိုက်ခင်းများအတွက်

  • ပင်ပွားအများဆုံးထွက်ချိန်ဖြစ်ပါက စိုက်ပျိုးထားသောစပါးမျိုးနှင့် အပင်အရပ်အနိမ့်အမြင့်ခြားနားသောအပင်၊ အပင်ဖြစ်ထွန်းမှုပုံစံ မတူညီဘဲ ပင်စည်စုထောင်ခြင်း၊ ပြန့်ကားခြင်း၊ အရွက်အလျားနှင့် အကျယ်၊ ပင်စည်မှအရွက်ထွက်ပုံ ထောင့်အကျဉ်းအကျယ်  ကွာခြားသောအပင်များကို မျိုးကွဲအပင်များဟုမှတ်ယူကာ စနစ်တကျ အခါခါ စစ်ဆေးနှုတ်ပယ်ရန်ဖြစ်သည်။
  • ပန်းပွင့်ချိန်မှသည် မရိတ်သိမ်းမီအချိန်ဖြစ်ပါက မျိုးစစ်မှန်သောစပါးအနှံနှင့် ကွဲပြားခြားနားသောစပါးနှံများ၊ ရောဂါကျရောက်သောအပင်/အနှံများတို့ကို ကုန်စင်အောင် နှုတ်ပယ်သင့်သည်။

အောက်တိုဘာလသည် လယ်မြေ၊ ယာမြေနှင့် ကိုင်းကျွန်းမြေတို့၌  ပဲမျိုးစုံသီးနှံများနှင့် ဆီထွက်သီးနှံများကို စတင်စိုက်ပျိုးမည့်လ ဖြစ်သညါ။ လယ်မြေမှာ မိုးစပါးရိတ်သိမ်းအပြီး စိုက်ပျိုးခြင်း၊ ယာမြေမှာ မိုးသီးနှံများ ရိတ်သိမ်းအပြီးစိုက်ပျိုးခြင်းတို့ဖြင့် စိုက်ပျိုးအောင်မြင်ကာ သီးနှံစိုက်စွမ်းအားမြင့်မားရေးကို ဆောင်ရွက်ရန် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်