စိုက်ပျိုးသုတ ဧပြီလ

01/04/2022 11:30 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

၁။ ယာသီးနှံများ

 

ထွန်ရေးပြင်ဖို့လိုပြီ။ မျိုး၊ မြေသြဇာတွေ လက်ဝယ် အဆင်သင့် ရှိထားသင့်ပြီ။ သဘာဝ မြေသြဇာ နွားချေးထည့်ထားသင့်သည်။ သင်္ကြန်မိုးရွာလျှင်ပင် သီးနှံစိုက်ပျိုးမှု စတင်နိုင်မည်။ 

 

အနည်းဆုံး မိုးရေချိန်လက်မဝက် မရွာဘဲနှင့် စတင် မစိုက်ပျိုးဖို့ ပြောလိုသည်။ အပင်ပေါက် မလာတာ၊ အပင်ပေါက်ပြီးနေပူမိသေသွားမှာ စိုးရိမ်၍ ဖြစ်ပါသည်။

 

ယာသီးနှံစိုက်ဒေသများတွင် နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပြောင်းဖူးတွေ မိုးဦးကျလျှင် ကျခြင်း စိုက်နိုင်အောင် ကြိုတင်ပြင်ဆင်သင့်သည်။ မျိုး ကိုယ့်မှာမရှိလျှင် ရှာဖွေသင့်ပြီ။ မိုးဦးရာသီစိုက်ပျိုးမည့်မျိုးတွင် ရှိသင့်သည့်အရည်အချင်းများကို ပြောလိုသည်။

 

(၁)အသက်လျင်ရမည်။ (၂) အထွက်ကောင်းရမည်။ (၃) ခြောက်သွေ့မှုဒဏ်ခံနိုင်ရမည်။ (၄) အပင်ပေါက်ရာခိုင်နှုန်း(၈၀)အထက်ရှိသော မျိုးသန့်ဖြစ်ရမည်။ (၅) အပင်ပေါက်သန်စွမ်း ကောင်းမွန်သောမျိုးဖြစ်ရမည်။ (၆) ရေမြေဒေသကိုက်ညီဖြစ်ထွန်းပြီး မိုးခေါင်ဒဏ်ခံမျိုး ဖြစ်ရမည်။ (၇) စျေးကွက်ရှိရမည်။ 

 

မုတ်သုန်မိုးရွာလျှင် ချက်ချင်းစိုက်ပျိုးနိုင်ဖို့ ကြိုတင်ပြင်ဆင်သင့်သည်မှာ ဧပြီလ ဖြစ်ပါသည်။

 

 

 

၂။ နွေစပါးသီးနှံ

 

မြန်မာနိုင်ငံအောက်ပိုင်းက နွေစပါးစိုက်ခင်းတွေ သီးပွင့်ရင့်မှည့်ရိတ်သိမ်းချိန် ရောက်လောက်ပြီ။ ရိတ်သယ်ချွေ သယ်ယူလုပ်ငန်းအဆင့်ဆင့်မှာ အလေအလွင့်နည်းပါးရေးကို ဂရုစိုက်ဖို့သာ ပြောစရာရှိသည်။ သပိတ်ဝင် အိတ်ဝင်မို့ မဖိတ်စင်စေလိုတော့ပါ။

 

မြန်မာနိုင်ငံအထက်ပိုင်းက လယ်သမားများမှာမူ အခုအချိန် ထွန်ရေးပြင်သူကပြင်ဆဲ ဖြစ်သည်။ အချို့မှာ စိုက်ပျိုးဆဲဖြစ်ကြောင်းသိရသည်။ စိမ်းစိုရွှန်းလဲ့ကာ အပင်ပွားစည်းချိန် ရောက်နေသော စပါးခင်းများကိုလည်း မြင်တွေ့နိုင်သည်။

 

မိုးစပါးနှင့်နှိုင်းယှဉ်လျင် နွေစပါးကအထွက်ပိုလေ့ရှိသည်။ အကြောင်းရှိပါသည်။ နွေရာသီတွင် မိုးတိမ်ကင်းစင်သည်။ စပါးပင်က နေရောင်ခြည်ကို အတားအဆီးမရှိ၊ အပြည့်အဝ ရယူနိုင်သည်။ အစိမ်းရောင်ရှိသောအပင်တို့၏သဘာဝမှာ နေရောင်ခြည်ကိုရယူပြီး အစာချက်လုပ်သည်။ အစာကောင်းစွာ ချက်လုပ်နိုင်ရေးအတွက် နွေစပါးပင်တွင် အာဟာရပြည့်ဝစွာရှိနေရန် လိုအပ်သည်။ အထူးသဖြင့် နိုက်ထရိုဂျင်အာဟာရပြည့်ဝနေရသည်။ ထို့ကြောင့်နွေစပါးတွင် ယူရီးယားကဲ့သို့ နိုက်ထရိုဂျင်မြေသြဇာကို ပိုမိုကျွေးပေးဖို့ တိုက်တွန်းလိုပါသည်။

 

နောက်တစ်ခုပြောလိုသည်မှာ စပါးခင်းအတွင်း ပေါင်းမြက်ကင်းစင်စေရေးဖြစ်သည်။ ပေါင်းမြက်ပင်တို့သည် နေရောင်ခြည်၊ အာဟာရနှင့် ရေကို စပါးပင်နှင့် ယှဉ်ပြိုင်လုယက်ရယူ စားသုံးသည့် အပင်မျိုး ဖြစ်သည်။ 

 

ယူရီးယားဓါတ်မြေသြဇာကြောင့်ဖြစ်ပေါ်လာသောနိုက်ထရိုဂျင်သည် ရည်ရွယ်လိုက်သည်က စပါးသီးနှံပင်အတွက်ဖြစ်သော်လည်း စပါးသာမက ပေါင်းမြက်ပင်များကိုပါ ကြီးထွား ဖွံ့ဖြိုးစေဖို့ဖြစ်သွားနိုင်သည်။ စပါးပင်မှာမူ ပေါင်းမြက်ပင်ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် ကြုံလှီ သေးကွေးအပင်ညံ့သွားတတ်သည်။ 

 

ပေါင်းမြက်ကို ကောင်းစွာနှိမ်နင်းခြင်းမပြုလျှင် မြေသြဇာနှုန်းကို နှစ်ဆတိုးမြှင့် သုံးစွဲသော်လည်း ကုန်ကျစရိတ်များသလောက် ဝင်ငွေအကျိုးအမြတ် မရရှိနိုင်ကြောင်း အသိပေးအပ်ပါသည်။

 

 

 

၃။ နှစ်သစ်အတွက် စိုက်ပျိုးနည်းစနစ်

 

သင်္ကြန်အတက်နေ့ပြီးလျှင် နှစ်ဆန်းတစ်ရက်နေ့ဖြစ်ကာ နှစ်သစ်စတော့သည်။ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောခြင်းဆိုတာ လုပ်လေ့လုပ်ထရှိသည်။ စိုက်ပျိုးရေးအတွက်ဆိုလျှင်လည်း ဧပြီ(၁)ရက်က စိုက်ပျိုးရေးနှစ်စတင်သည်မို့ သင်္ကြန်ပြီးချိန်သည် နှစ်သစ်၏အစဟု ပြောလိုသည်။

 

နှစ်ဟောင်းက စိုက်ပျိုးနည်းစနစ်ဆိုင်ရာ လုပ်ဆောင်ချက်များကို ပြန်လည်ဆန်းစစ် သုံးသပ်သင့်သည်။ အားနည်းချက်များကို နှစ်ဟောင်းမှာ ထားခဲ့ပြီး နှစ်သစ်မှာ မှန်ကန်သော နည်းစနစ်များဖြင့်သာ လုပ်ကိုင််ဆောင်ရွက်ရေး ဆုံးဖြတ်သင့်ပါသည်။ 

 

ရာသီဥတုဖောက်ပြန်မှုကြောင့်ဆိုလျှင်ထားတော့၊ မည်သူမျှတတ်နိုင်သည့်အရာ မဟုတ်ပါ။ သူလို ကိုယ်လို ပုံမှန်အခြေအနေဆိုလျှင် သူလိုကိုယ်လိုသီးနှံအထွက်တွေ ထွက်သင့်သည်။ ဝေးကွာသော ပြည်နယ်/တိုင်းဒေသကြီး ရေခြားမြေခြားကို မဆိုလိုပါ။ လယ်နီးချင်းကပ် ယာနီးချင်းကပ် ရေတူမြေတူ ရာသီဥတုတူ သဘာဝ အခြေအနေချင်းတူလျှင် သူကထွက်လို့မှ ကိုယ်က မထွက်လျှင် ကိုယ့်အားနည်းချက်သာ ဖြစ်ပါမည်။

 

နီးစပ်သောစိုက်ကွင်းအတွင်း အမြင့်ဆုံးသီးနှံအထွက်ကမည်မျှလဲ။ မည်သူကထွက်တာလဲ။ မိမိလား။ အမြင့်ဆုံးအထွက်ကို မိမိသာရရှိလျှင် အခုစိုက်ပျိုးရေးနှစ်သစ်မှာ မနှစ်ကဆောင်ရွက်ခဲ့သည့် စိုက်ပျိုးနည်းစနစ်အတိုင်း ဆက်လက်ထိန်းသိမ်းဆောင်ရွက်လင် အထွက်နှုန်းတွေ မြင့်မြဲ မြင့်နေမှာပင်ဖြစ်ပါသည်။ 

 

အကယ်၍ မိမိသီးနှံအထွက်နှုန်းက တစ်ခြားသူ၏အမြင့်ဆုံးအထွက်နှုန်းထက် နည်းနေလျှင်တော့ မိမိက ထွက်နိုင်စွမ်းရှိပါလျက် ထွက်ရှိအောင် မဆောင်ရွက်နိုင်တာသာ ဖြစ်မည်။ အဲဒါကို ပညာရှင်ရှုထောင့်က ကြည့်တော့ သီးနှံအထွက်နှုန်းကွာဟချက်(Yield Gap)လို့ ခေါ်မည် ဖြစ်ပါသည်။ 

 

ချို့ယွင်းချက်၊ အားနည်းချက်၊ လိုအပ်ချက်ဆိုတာ ကိုယ့်မှာရှိနေလို့သာ သူများထက် မိမိက အထွက်နည်းနေခြင်းသာဖြစ်သည်။ နှစ်ဟောင်းမှာ လုပ်ဆောင်ခဲ့သမျှ အသုံးပြုသည့်မျိုး၊ စိုက်ချိန်၊ စိုက်နည်းစနစ်၊ အသုံးပြုသည့်မြေသြဇာနှင့် ထည့်သွင်းချိန်၊ ထည့်သွင်းနည်းစနစ်၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းစနစ်၊ ရေသွင်းရေထုတ်နည်းစနစ် စသည့်လုပ်ငန်းအားလုံး ဆန်းစစ်သုံးသပ်ရမှာဖြစ်သည်။ 

 

နှစ်သစ်မှာ သီးနှံအထွက်တိုးရန်သေချာဖို့ အဲသည်အားနည်းချက်များကို ပြုပြင်သည့် စိုက်ပျိုးနည်းစနစ်များနှင့်ဆောင်ရွက်ပါလို့ တိုက်တွန်းနှိုးဆော်လိုပါသည်။

 

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်