စိုက်ပျိုးသုတသြဂုတ်လ

01/08/2022 11:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

သြဂုတ်လသည် မိုးလယ်ယာသီးနှံများစတင်စိုက်ပျိုးသင့်သည့်လ ဖြစ်သည်။ စိုက်ထားပြီးမိုးစပါးသီးနှံ စိုက်ပျိုးအောင်မြင်ဖို့လည်း အထူးအရေးကြီးသည့်လ ဖြစ်ပါသည်။

၁။ ယာသီးနှံများ

နှမ်းလျင်သီးနှံ

ယခုနှစ် မိုးရွာသွန်းမှုနောက်ကျခြင်း၊ မိုးနည်းခြင်းတို့ကြောင့် ဒေသအချို့တွင် နှမ်းလျင်သီးနှံစိုက်ချိန်နောက်ကျခဲ့ကြောင်း သိရသည်။ သြဂုတ်လအထိ ရိတ်သိမ်းမှု လုပ်ငန်းများကို လုပ်ကိုင်နေရဦးမည်ဖြစ်သည်။ အလေအလွင့်နည်းပါးရေး ဂရုပြု ဆောင်ရွက်စေလိုပါသည်။ 

ဖေါ်ပြပါ ပထမယာသီးနှံ(နှမ်းလျှင်)ရိတ်သိမ်းအပြီး သီးထပ်အဖြစ် ဒုတိယယာသီးနံ တစ်မျိုးမျိုးကို ထပ်မံစိုက်ပျိုးကာ မိုးရာသီတစ်ခုအတွင်း ‘ယာသီးနှံ-ယာသီးနှံ သီးနှံပုံစံ ချမှတ်ဆောင်ရွက်စေလိုပါသည်။

ပဲစင်းငုံသီးနှံ

ပဲစင်းငုံသီးနှံသည် မိုးခေါင်ခံသီးနှံဖြစ်သည်။ သို့သော် ပုံမှန်ဖြစ်ထွန်းကြီးထွားရေး အတွက် ထိုက်သင့်သောမြေအစိုဓာတ်ရှိဖို့လိုသည်။ ယခင်လက မိုးရွာသွန်းမှုအလွန်နည်း ပါးသောကြောင့် အပင်ဖြစ်ထွန်းမှုနှေးကြောင်း ကြားသိရသည်။ 

သို့ဖြစ်၍ စိုက်ပျိုးထားသောပဲစင်းငုံသီးနှံပင်များ ရှင်သန်ဖြစ်ထွန်း ကြီးထွားမှုပုံမှန် ဖြစ်စေရေးအတွက် သြဂုတ်လအတွင်း ရွာသွန်းသည့်မိုးရေကို ထိန်းသိမ်းရန်လိုသည်။ ပဲစင်းငုံသီးနှံ စိုက်တန်းများကြားတွင် မိုးရေခံမြောင်းကဲ့သို့ မိုးရေစုဆောင်းနိုင်မည့် ထယ်ရေးစနစ် ဆောင်ရွက်သင့်ပါသည်။ 

မြေပဲသီးနှံ

သြဂုတ်လတွင် မြေပဲသီးနှံကို အောင်မြင်စွာစိုက်နိုင်သည်။ စကမြေပဲဟု ခေါ်ဝေါ်ပြီး အားထားစိုက်သည့်ဒေသများလည်းရှိသည်။ ဒေသဖြစ်ထွန်းသည့်မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးစေလိုသည်။ ဆင်းပဒေသာ-၇၊ ဆင်းပဒေသာ-၁၁၊ ဆင်းပဒေသာ-၁၂ နှင့် ဆင်းပဒေသာ-၁၃ မျိုးများသည် အထွက်ကောင်းသောမျိုးများဖြစ်ကြောင်း သိရပါသည်။

မြေပဲသီးနှံအပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် လိုအပ်သော နိုက်ထရိုဂျင်အာဟာရဓာတ်ကို ရရှိစေရန် မြေပဲသီးနှံအတွက် သီးသန့်ထုတ်လုပ်သော ပဲမြစ်ဖုဇီဝမြေသြဇာနှင့် မျိုးစေ့အား လူးနယ်စိုက်ပျိုးသင့်ပါသည်။

နေကြာသီးနှံ

မိုးလယ်သီးနှံအဖြစ် နေကြာသီးနှံကို သြဂုတ်လတွင် ရွာသွန်းသောမိုးဖြင့် ထွန်ရေးပြုပြင်ကာ စတင်စိုက်ပျိုးနိုင်သည်။ ရေဆင်းစပ်မျိုးနေကြာ-၁၊ ရေဆင်းစပ်မျိုး နေကြာ-၂ နှင့် ဆင်းရွှေကြာ-၂ မျိုးများကို အသုံးပြုစိုက်ပျိုးနိုင်ကြောင်းသိရပါသည်။

နေကြာအဖူးဝင်ချိန်နှင့် ပန်းပွင့်ချိန်တို့တွင် မြေအတွင်း၌ အစိုဓာတ်လုံလောက်စွာ ရှိနေရပါမည်။ သို့ဖြစ်ရာ ထိုအချိန်တွင် လိုအပ်ပါကရေပေးသွင်းနိုင်ရေး ကြိုတင် ဆောင်ရွက်သင့်ပါသည်။

ချည်မျှင်ရှည်ဝါသီးနှံ

အထွက်နှုန်းနှင့် ဝါဂွမ်းမွေးအရည်အသွေးကောင်းသည့် ဝါမျိုးကောင်းမျိုးသန့်မျိုးစေ့ များကို အသုံးပြုပြီး သြဂုတ်လအတွင်း စိုက်ပျိုးသင့်သည်။  ငွေချည် (၆)၊ ရွှေတောင်(၈) နှင့် ငွေချည်(၉) ဝါမျိုးများသည် ထင်ရှားသည့်မျိုးများ ဖြစ်ကြောင်းသိရသည်။

ဝါအထွက်ကောင်း ရရှိစေရန် သဘာဝဓာတ်မြေသြဇာ၊ နွားချေး၊ မြေဆွေးနှင့် ဓာတ်မြေသြဇာများကို တွဲဖက်အသုံးပြုရန် လိုသည်။ 

ဝါသီးနှံအထွက်ကောင်းရရှိနိုင်ရေးအတွက် ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နှင့် ဝါသီးကြီးထွားချိန်တို့တွင် အစိုဓာတ်မလုံလောက်ပါက ရေပေးသွင်းနိုင်ရေး ကြိုတင် ဆောင်ရွက်သင့်ပါသည်။ 

ဝါသီးနှံတွင် ကျရောက်လေ့ရှိသည့် ပိုးမွှားရောဂါများကို ကြိုတင်ကာကွယ်ပြီး စိုက်ပျိုးသင့်ပါသည်။

ပဲတီစိမ်းသီးနှံ

မိုးလယ်ရာသီဖြစ်သော သြဂုတ်လတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးနိုင်သည်။ သြဂုတ်လအတွင်း ရွာသွန်း‌သောမိုးဖြင့် အစိုဓာတ်လုံလောက်စွာရရှိနိုင်သည်။ ထို့ပြင် ယခုစိုက်မည့်ပဲတီစိမ်းသီးနှံသည် ရိတ်သိမ်းချိန်တွင်လည်း မိုးလွတ်သည့်ရာသီနှင့် ကြုံတွေ့ရမည်ဖြစ်သဖြင့် အထွက်နှင့် အရည်အသွေးလည်း ကောင်းနိုင်ပါသည်။

အပင်ပေါက်ရာခိုင်နှုန်းကောင်းပြီး အဝါရောင်မိုစေ့ရောဂါခံနိုင်သောမျိုးကို အသုံးပြု ရန်လိုသည်။ ရေဆင်းပဲတီစိမ်း-၁၁၊ ရေဆင်းပဲတီစိမ်း-၁၄ နှင့် ရေဆင်းပဲတီစိမ်း-၁၅ မျိုးတို့ကို စိုက်ပျိုးသင့်ကြောင်း သိရပါသည်။

ပဲတီစိမ်းသီးနှံအပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် လိုအပ်သော နိုက်ထရိုဂျင်အာဟာရ ဓာတ်ကို ရရှိစေရေန် ပဲတီစိမ်းသီးနှံအတွက် သီးသန့်ထုတ်လုပ်သော ပဲမြစ်ဖုဇီဝမြေသြဇာနှင့် မျိုးစေ့အား လူးနယ်စိုက်ပျိုးသင့်ပါသည်။ 

၂။ မိုးစပါးသီးနှံ

သြဂုတ်လသည် မိုးစပါးစိုက်ပျိုးရန်နောက်ကျသည်ဟု ယေဘုယျအားဖြင့် ပြောနိုင် သည်။ သို့သော် သြဂုတ်လမှာမှ မိုးမှန်မှန်ရွာတတ်သောအလယ်ပိုင်းဒေသများအတွက် မိုးစပါးတစ်ရာသီ ဆုံးရှုံးမှုမရှိစေရေး အမြန်စိုက်ပျိုးစေလိုပါသည်။ 

စိုက်ခင်းအတွက် မိုးရေရရှိမှုနောက်ကျသောကြောင့် ပျိုးသက် ၂၅ ရက်မှ ၃၀ ရက်သားအတွင်း ပြောင်းရွှေ့ကောက်စိုက်ရန်ဖြစ်သော်လည်း ပျိုးသက်ကြီးပျိုးကိုပင် စိုက်ပျိုးရမည့်အခြေအနေဖြစ်ပေါ်ကောင်း ဖြစ်ပေါ်နိုင်သည်။ အမြန်ရွှေ့ပြောင်း ကောက်စိုက်ဖို့သာ တိုက်တွန်းလိုပါသည်။

ပျိုးသက်ကြီးပျိုးကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် အမြင့်ဆုံးအထွက် (Maximum Yield) ကို မမျှော်မှန်းနိုင်သော်လည်း သင့်တင့်သောအထွက် (Acceptable Yield)ကိုတော့ ရနိုင်ကြောင်း အသိပေးလိုသည်။ သို့သော် ပျိုးသက်ရက် ၆၀ ထက်ကြီးသော ပျိုးများကိုမူ  အသုံးမပြုသင့်ပါ။

ယခင်လများတွင် စိုက်ပျိုးခဲ့သည့် စပါးခင်းအများစုမှာ  ပင်ပိုင်းကြီးထွားသည့် ကာလ(Vegetative Phase)အတွင်းတွင် ရှိနေတာ မြင်တွေ့ရသည်။ ဤကာလသည် အထွက်မိတ်ဖက် တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area) များစေရေးအတွက် အရေးပါသောကာလဖြစ်သည်။ ပေါင်းမြက်ကင်းစင်စေရေး၊ လယ်ကွက်အတွင်း ရေမပြတ်စေရေး၊ မြေသြဇာအာဟာရ မချို့တဲ့စေရေး၊ ပိုးမွှားရောဂါ ကင်းစင်စေရေး လိုအပ်သလို လုပ်ကိုင်ရန် ဖြစ်ပါသည်။

မိုးရွာသွန်းမှုမမှန် ရာသီဥတုဖေါက်ပြန်မှုကြောင့် မိုးကြီးရွာသွန်းချပါက ချောင်းငယ် မြောင်းငယ်များမှတစ်ဆင့် ရေကြီးရေလွှမ်းမှုများလည်း ဖြစ်ပေါ်နိင်သည့်ကာလ ဖြစ် သည်။ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ လုပ်ထားသင့်သည်။   လိုအပ်ပါကပြန်လည် ပျိုးထောင်စိုက်ပျိုးရန် စပါးမျိုး အရန် ရှိထားသင့်သည်။ အရန်ထားရှိသည့် စပါးမျိုးသည် အလင်းရောင်တုံ့ပြန်မှုရှိသည့် ရာသီစပါးမျိုး မဖြစ်သင့်ပါ။ သက်တမ်းတို အထွက်ကောင်း သောမျိုး ဖြစ်သင့်ပါသည်။

ဇူလိုင်လတွင် ဒေသအများစု၌ မိုးရွာသွန်းမှုနည်းပါးခဲ့သည်။ သို့သော် ယခင်နှစ်များ ၏အတွေ့အကြုံအရ သြဂုတ်လတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ မိုးပိုမိုရွာသွန်း နိုင်သည်။ သို့ဖြစ်၍ ယာသီးနှံများနှင့် မိုးစပါးသီးနှံအောင်မြင်ရေးအတွက် မိုးရွာသွန်းမှုနှင့် အညီ စိုက်ပျိုးဆောင်ရွက်ရန် တိုက်တွန်းလိုပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်