စိုက်ပျိုးသုတဇွန်လ

01/06/2022 11:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

မိုးဦးကျပြီ။ ထူးထူးခြားခြား မုတ်သုံစော၍ဝင်လာသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများသို့ မေလ ၂၅ ရက်နေ့မှာ ရောက်ရှိသည်။ သို့သော် နိုင်ငံအဝှမ်းတွင် မုန်တိုင်းအာစန်နီ၏ အကြွင်းအကျန်တိမ်တိုက်များကြောင့် မေလလယ်ကပင် မိုးစတင် ရွာသွန်းခဲ့တာ ဖြစ်သည်။

တောင်သူလယ်သမားများ မိုးဦးယာသီးနှံများကို စောစောစိုက်နိုင်ခဲ့သည်။ မိုးရေသောက်မိုးနည်းပါးဒေသရှိ အချို့လယ်မြေများတွင် မိုးဦးစပါး စတင်စိုက်ဖို့ ထယ်ရေး ပြင်သူပြင်ကြောင်း သိရသည်။

သို့ဖြစ်၍ ယခုဇွန်လတွင် မိုးဦးယာသီးနှံများစိုက်ပျိုးရေး၊ မိုးစပါးပျိုးထောင်ရေးနှင့် မိုးဦးစပါးစိုက်ပျိုးရေးဆိုင်ရာများကို အသိပေးလိုပါသည်။

၁။ စပါးသီးနှံ

မိုးစပါးအတွက် ဆောင်ရွက်သင့်သည်များကို စပါးစိုက်ပျိူးရာ‌ရေမြေဒေသအလိုက် အသိပေးလိုပါသည်။

ဆည်ရေသောက်ဒေသလယ်မြေ

မိုးစပါးကို ဇွန်လလယ်တွင် ပျိုးထောင်သင့်ပါသည်။

မိုးနည်းပါးဒေသ မိုးရေသောက်လယ်မြေ

ပျိုးမထောင်သင့်သေးပါ။ လယ်စပါးအတွက် လိုအပ်သည့် မိုးရေချိန် ၈ လက်မ ပြည့်မီအောင် ဇွန်လအတွင်း ရွာသွန်းနိုင်ခြင်းရှိမရှိကို ယခင်နှစ်အတွေ့အကြုံများအရ လေ့လာသင့်သည်။

  သို့မဟုတ်ပါက စိုက်နည်းစနစ်ပြောင်းသင့်သည်။ ပျိုးထောင်ကောက်စိုက်စနစ် အစား အခြောက်ထွန်ရေး အခြောက်တိုက်ရိုက်စိုက်နည်းစနစ်ဖြင့် မျိုးစေ့ချစိုက်ပျိုးပါ။ ရေမြေဒေသကိုက်ညီဖြစ်ထွန်း စျေးကွက်ရှိသည့် ယာစပါး၊ ရေငတ်ခံစပါး၊ ရေအနည်းလို စပါး၊ တောင်ပေါ်ဒေသတွင် ကုန်းမြင့်စပါးတို့ကို အသုံးပြုစိုက်ပျိုးသင့်ပါသည်။

မိုးများဒေသ မိုးရေသောက်လယ်မြေ

မိုးများသည့်ဒေသ အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများနှင့် ကချင်ပြည်နယ်စသည့် အချို့ဒေသတွင်မူ မိုးစပါးကို ဇွန်လလယ်ထက် နောက်မကျစေဘဲ ပျိုးထောင်ရန် ဖြစ်ပါသည်။

၂။ ယာသီးနှံများ

ယာသီးနှံဆိုတာ အပင်ခြေရေဝပ်ဒဏ်မခံနိုင်သည့်သီးနှံများကို ရည်ညွှန်းခြင်း ဖြစ်သည်။ စပါးလို လယ်ကွက်ထဲ ရေသိုလှောင်စိုက်ပျိုးလို့မရပါ။ ကန်သင်းမရှိသော ယာမြေ(သို့မဟုတ်) ကုန်းမြေလို မြေမျိုးမှာ စိုက်ပျိုးသည့်သီးနှံများကို ဆိုလိုခြင်းဖြစ်သည်။ နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ၊ ဝါ၊ ငရုတ်-စသည့်သီးနှံများ၏အမည်ကို ခြုံငုံ၍ ယာသီးနှံများ ဟု သုံးနှုန်းခေါ်ဝေါ်ခြင်းဖြစ်ပါသည်။

ယာသီးနှံများအနက် နှမ်းလျင်၊ မြေပဲ။ ပဲစင်းငုံနှင့် ပဲပုပ်သီးနှံများနှင့် ပတ်သက်၍ ဇွန်လအတွင်း ဆောင်ရွက်သင့်သည်များကို ဖေါ်ပြလိုပါသည်။

နှမ်းလျင်သီးနှံ

စိုက်နေကျမျိုးသည် မျိုးသစ်မျိုးဆန်းထက် ဒေသရေမြေဖြစ်ထွန်းတာ သေချာ သည်။ သို့သော် စျေးကွက်မှာ မျိုးသန့်မျိုးစစ်ကိုမှ ကြိုက်သည်။ အထွက်ကောင်းရေးက အရေးတော့ကြီးသည်။ ဒေသဖြစ်ထွန်းပြီး စျေးကွက်ရှိတာကို ဦးစားပေးရန်လိုသည်။ ဒေသ မဖြစ်ထွန်း၊ စျေးကွက်မရှိလျှင် အထွက်ကောင်းသော်လည်း အကျိုးအမြတ် နည်းနိုင်ပါသည်။

နှမ်းစေ့အရောင် အဖြူ၊ အနီ၊ အနက်မတူပါ။ စျေးကွက်အကြိုက်မှာ တစ်နှစ်နှင့် တစ်နှစ်လည်းမတူပါ။ နှမ်းစေ့အရောင်ပေါ် မူတည်ပြီး စျေးကောင်းရသည်။ မည်သည့် နှမ်းမျိုးကိုပဲ စိုက်စိုက်၊ မျိုးသန့်သည့်နှမ်းနီစစ်စစ်၊ နှမ်းနက်စစ်စစ်၊ နှမ်းဖြူစစ်စစ်ကို စိုက်ပျိုးဖို့ လိုပါသည်။

မြေပဲသီးနှံ

မျိုးရွေးချယ်ရေး အရေးကြီးသည်။ ရာသီဥတုဖောက်ပြန်နေသော ယနေ့အခြေအနေတွင် ရေငတ်ခံနိုင်သည့်မျိုး ဖြစ်သင့်သည်။ ဆင်းပဒေသာ-၆ နှင့် မကွေး-၁၁ မြေပဲမျိုးတို့သည် စံထားရသော ရေငတ်ခံမြေပဲမျိုးများဖြစ်ကြောင်း ကြားသိရသည်။ ဒေသအတွေ့ အကြုံအရ ရေငတ်ခံသည့်မျိုးကို စိုက်ပျိုးစေလိုပါသည်။

မြေပဲတွင် ဖိုးလမင်းပိုးကောင်ကျရောက်ဖျက်ဆီးတတ်သည်။ ယခင်နှစ်က ကျရောက်ဖူးသော စိုက်ခင်းများတွင် ပိုလို့သတိထားရမည်။ မြေပဲမျိုးစေ့ကို သင့်တော်ရာ ပိုးသတ်ဆေးရည်တွင် ရောမွှေခြင်း၊ စိုက်မြောင်းထဲသို့သင့်တော်ရာ ပိုးသတ်ဆေး ထည့်ပေးခြင်းတို့ ပြုလုပ်ဖို့ လိုသည်။

မြေပဲသီးနှံစိုက်ပျိုးရာတွင် မျိုးစေ့ကို ပဲမြစ်ဖုမြေသြဇာနှင့် လူးနယ်စိုက်ပျိုးစေ လိုသည်။ မြေပဲပင်အတွက် နိုက်ထရိုဂျင်အာဟာရဓာတ်ရရှိစေဖို့ဖြစ်သည်။ စျေးနှုန်း မြင့်မားသော ယူရီးယားဓာတ်မြေသြဇာကို ဝယ်ယူသုံးစွဲရန် မလိုသဖြင့် အရင်းအနှီး လျော့နည်းစေသည်။ ကုန်ကျစရိတ်နည်းနည်းဖြင့် မြေပဲပင်အတွက် အကျိုးရလဒ်ကောင်း ကို ရရှိစေမည်ဖြစ်ပါသည်။

ပဲစင်းငုံသီးနှံ

ပဲစင်းငုံသီးနှံသည် အပင်သဘာဝကိုယ်က မိုးခေါင်သီးနှံဖြစ်သည်။ အသက်ကြီး သည်။ အပင်ငယ်စဉ် ကြီးထွားမှုနှေးသည်။ အစောပိုင်းကာလ အချိန်နှင့် နေရာကို အကျိုးရှိအောင် အသုံးချသောအားဖြင့် အခြားသီးနှံတစ်မျိုးမျိုးနှင့် သီးညှပ်စိုက်သင့်ပါသည်။

သို့ဖြစ်၍ ပဲစင်းငုံအခြေခံသီးညှပ်သီးနှံပုံစံကို ကျင့်သုံးဆောင်ရွက်စေလိုသည်။

ပဲစင်းငုံ+ နှမ်းလျင် (သို့မဟုတ်) ပဲစင်းငုံ+ ပဲတီစိမ်း (သို့မဟုတ်) သင့်တော်ရာ သီးနှံတစ်မျိုးမျိုးနှင့် သီးညှပ်စိုက်ပျိုးသင့်ပါသည်။

ပဲပုပ်သီးနှံ

ရှမ်းပြည်နယ်ကဲ့သို့ ကုန်းမြင့်ဒေသများတွင် စပါးကိုဝမ်းစာရဖို့ စိုက်ပျိုးသည်။ ပဲပုပ်သီးနှံကလည်း ဒေသအကြိုက်ဖြစ်သည်။ ယေဘုယျအားဖြင့် ကုန်းမြင့်ဒေသတွေမှာ မြေဆီလွှာညံ့ဖျင်းသည်။ သီးနှံအထွက်မြင့်မားဖို့လိုသည်။ ရေရှည်လည်းမြေဆီလွှာ ဖွံ့ဖြိုးဖို့ လိုသည်။ ပဲပုပ်ကပြန်လည်ဖြည့်ဆည်းပေးနိုင်ပါသည်။

ကုန်းမြင့်ယာစပါးနှင့် ပဲပုပ်ကို သီးညှပ်စိုက်ပျိုးဖို့ ပြောလိုသည်။ တစ်သီးစိုက်သည် ထက် နှစ်သီးက ဝင်ငွေပိုမည်။ ဒေသစားသုံးမှုအတွက်ဝမ်းစာစပါးရော၊ ပဲပုပ်ပါဖူလုံစေ မည်။ ယာစပါးကယူသည့် မြေဆီသြဇာကို ပဲပုပ်ကဖြည့်ဆည်းပေးခြင်းဖြင့် ရေရှည် မြေဆီလွှာထိန်းသိမ်းဖွံ့ဖြိုးစေသည့်နည်းလမ်းဟု ဆိုနိုင်ပါသည်။

အလျင်အမြန်စိုက်ပျိုးရေး

မိုးဦးသီးနှံများစိုက်ပျိုးရာတွင် သီးနှံအလိုက်လိုအပ်သည့် မြေအစိုဓာတ်ရအောင် မိုးရွာသွန်းသည်နှင့် မြန်မြန်ဆန်ဆန်ထွန်ရေးပြုပြင်စိုက်ပျိုးစေလိုသည်။

”ယာမှာအသုတ် လယ်မှာအပုပ်” လို့ရှေးကအဆိုရှိသည်။ လယ်ဆိုတာ လယ်စပါးကိုရည်ညွှန်းသည်။ တမန်းညက်ရုံမက ‘ပုပ်’ ဆိုတာ မြေပေါ်ရှိ ယခင်သီးနှံ ရိုးပြတ်၊ အပင်အကြွင်းအကျန်နှင့် ပေါင်းမြက်တွေ မြေမှာဆွေးမြေ့အောင်အချိန်ယူ ထွန်ယက်ဖို့ပြောခြင်းဖြစ်သည်။

 ယာကတော့ ယာသီးနှံတွေကိုညွှန်းတာဖြစ်သည်။ အထူးသဖြင့် မိုးဦးကျသီးနှံတွေ ကို ပြောခြင်းဖြစ်သည်။ အခုပိုလို့သတိထားလိုက်နာသင့်ပါသည်။

သီးနှံစိုက်ပျိုးခြင်းသည် ရာသီနှင့် ကိုက်ညီအောင်စိုက်ပျိုးမှသာ သီးနှံအထွက် သေချာသည်။ ရာသီဥတုကြောင့်စိုက်ချိန်နောက်ကျနိုင်သလို ထွန်တာယက်တာ အချိန်ယူ လွန်းနေလို့ ကိုယ့်ကြောင့်လည်း နောက်ကျနိုင်သည်။ ဒါ့ကြောင့် ခတ်သုတ်သုတ်မြန်မြန် စိုက်ရန် “ယာမှာအသုတ်”ဟု အမှာစကား ထားခဲ့ခြင်းဖြစ်နိုင်သည်။ နောက်မကျစေသင့်ပါ။ မိုးရွာသည်နှင့် ယာသီးနှံများကို အမြန်ထွန်ယက် စိုက်ပျိုးသင့်ပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်