စိုက်ပျိုးသုတမေလ

03/05/2022 15:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

သင်္ကြန်ပြီးသည်နှင့် တောင်သူလယ်သမားကြီးများ မိုးကိုမျှော်သည်။ ရာသီဥတု ပူလွန်းသဖြင့် အပူချိန်သက်သာလိုတာကြောင့်တစ်ကြောင်း၊ မီးထင်းကိစ္စ စိုးရိမ်ကြောင့်ကျရတာကြောင့်တစ်ကြောင်း ၊ စိုက်ပျိုးရေးနှစ်သစ်စတင်လိုတာကြောင့် တစ်ကြောင်း ဖြစ်ပါမည်။

 

မိုးစတင်ရွာပြန်တော့လည်း မိုးဦးကျဖြစ်သောကြောင့် များများစားစားရွာလေ့ မရှိ ပါ။ သို့သော် မြန်မာနိုင်ငံအထက်ပိုင်းဒေသ တောင်သူလယ်သမားကြီးများအနေဖြင့်မူ ယာ သီးနှံများကို စတင်စိုက်ပျိုးနိုင်တော့မည်။

 

        စိုက်ပျိုးထားသည့် နွေစပါးသီးနှံရှိသည်။ ကြီးထွားဆဲ၊ သီးပွင့်ဆဲဖြစ်ပါမည်။ ပြုစုဂရု စိုက်မှုလိုနိုင်သေးသည်။

 

မိုးရေသောက် မိုးနည်းပါးဒေသရှိ အချို့လယ်မြေများတွင် မိုးဦးစပါးစတင်လိုသူများ လည်းရှိနိုင်ပါသည်။ 

 

သို့ဖြစ်၍ ယခုမေလတွင် စိုက်ပျိုးသုတအဖြစ် နွေစပါးစိုက်ခင်းများ ဆက်လက် ထိန်းသိမ်းပြုစုရေး၊ မိုးဦးယာသီးနှံများစတင်စိုက်ပျိုးရေးနှင့် မိုးဦးအခြောက်ထွန်ရေး၊ အခြောက်မျိုးစေ့ချစပါးစိုက်ပျိုးရေးတို့နှင့်ပတ်သက်၍ အသိပေးလိုပါသည်။

 

နွေစပါးသီးနှံ

 

မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင်စိုက်ပျိုးသော နွေစပါးအများစုသည် အပင်ဖြစ် ထွန်းဆဲ၊ ပွားများဆဲ ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase)တွင်ပင် ရှိနေနိုင်ပါ သည်။  အထွက်မိတ်ဖက်တစ်ခု ဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area) များစေရေးအတွက် လွန်စွာအရေးပါသောကာလ ဖြစ်ပါသည်။ 

 

ဤကာလတလျှောက်လုံးတွင် စပါးစိုက်ခင်းကို အောက်ပါလုပ်ငန်းများလုပ်ဖို့ တိုက်တွန်းလိုပါသည်။ 

 

၁။ ပေါင်းမြက်ကင်းစင်စေရေးကို အထူးဂရုစိုက် ဆောင်ရွက်ရန်၊

 

၂။ လယ်ကွက်အတွင်းရေမပြတ်စေရေး ထိန်းထားရန်၊

 

၃။ မြေသြဇာအာဟာရ မချို့ယွင်းစေရေးအတွက်နိုက်ထရိုဂျင်မြေသြဇာ ကျွေးပေးရန်၊ 

 

၄။ ပိုးမွှားရောဂါကင်းစင်စေရေး စစ်ဆေးကြည့်ရှု ကာကွယ်နှိမ်နင်းရန်တို့ ဖြစ်ပါ သည်။

 

မိုးဦးယာသီးနှံများ

 

မုတ်သုန်မိုးကို အားကိုး၍ သီးနှံစိုက်ပျိုးရသည်ဖြစ်ရာ  အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ စသည့် ယာသီးနှံတွေ မိုးဦးကျလျှင်ကျ ချင်း စိုက်နိုင်ဖို့ ထွန်ရေး အဆင်သင့် ပြင်ထားသင့်သည်။ 

 

အသိပေးလိုသည့်အချက်(၄)ချက်မှာ- 

 

၁။ အပင်ပေါက်ကောင်းနိုင်သည့်မြေအစိုဓာတ်သေချာစွာရရှိမှသာ စိုက်ပျိုးရန်၊ 

 

၂။ အပင်ပေါက်(၈၀)ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်မျိုးစေ့ကိုအသုံးပြုရန်၊ 

 

၃။ ခြောက်သွေ့မှုဒဏ်(Water Stress)ခံနိုင်ပြီး အပင်ပေါက်သန်စွမ်းကောင်းမွန် သည့် (good seedling vigour)မျိုးကိုအသုံးပြုရန်နှင့် 

 

၄။ ရေမြေဒေသ ကိုက်ညီဖြစ်ထွန်း စျေးကွက်ရှိသည့် မိုးခေါင်ခံမျိုးကို အသုံးပြုရန်တို့ ဖြစ်ပါသည်။

 

မိုးဦးစပါးသီးနှံ

 

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း(အထူးသဖြင့်) မိုးရေသောက်မိုးနည်းပါးဒေသတို့အတွက် မိုးစပါးကိုစတင်စိုက်ပျိုးနိုင်ရေးအသိပေးလိုပါသည်။ မုတ်သုံမိုးစတင်ချိန်မှာ နှစ်စဉ်လိုလို ပုံမှန်ထက် နောက်ကျလေ့ရှိသည်။ မိုးဦးကျပြန်တော့လည်း မိုးရေလုံလောက်စွာ မရရှိသည်ကို ကြုံရနိုင်သည်။ ထိုဒေသများအတွက် လယ်ကွက်အတွင်းမှာ ရွာသွန်းလာသမျှမိုးဖြင့် စပါးစိုက်ပျိုးနိုင်သည့် နည်းစနစ် ဖြစ်ပါသည်။

 

လယ်ကွက်တွင် မိုးစတင်ရွာသွန်းပြီး အစိုဓာတ်ရရှိသည်နှင့် ထယ်ထိုးထွန်မွှေရန် လို သည်။ စပါးမျိုးစေ့ကို စာပါးစပ်ပြူအညှောင့်ဖေါက်ရန်မလိုဘဲ မျိုးစေ့အခြောက်ကို ဒီအတိုင်း ထွန်ရေးပြင်မှာ မျိုးစေ့ချရန် ဖြစ်ပါသည်။ အတန်းလိုက်သော်လည်းကောင်း၊ ကြဲပက် ၍သော်လည်းကောင်း အဆင်ပြေသလို ဆောင်ရွက်နိုင်ပါသည်။

 

မြေတွင်းအစိုဓာတ်လုံလောက်စွာရရှိချိန် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးရန် မြေပြုပြင်သကဲ့သို့ ထယ်ထိုးထွန်မွှေ၍ စပါးမျိုးစေ့ချစိုက်ပျိုးသည့်စနစ် ဖြစ်ပါသည်။

 

အခြောက်ထွန်ရေးပြင်မှာ စပါးမျိုးစေ့ချစိုက်ပျိုးခြင်း(dry seeding)ဖြစ်၍ မုတ်သုန်မိုးဖြင့် ပျိုးခင်းရေ ရရှိသည်အထိ စောင့်စရာမလိုပါ။ မေလနောက်ဆုံးပတ်လောက်မှာ ဆင်ရေချိုးမိုး တစ်မိုးနှစ်မိုးလောက် ရွာလျှင်ပင် စိုက်နိုင်ပါသည်။ 

 

ယခင်က စပါးတစ်သီးသာစိုက်ပျိုးသည့်လယ်မြေတွင် စပါးနှစ်သီးကို အောင်မြင်စွာ စိုက်ပျိုးနိုင်သောစနစ်ဖြစ်သည်။ ပျိုးထောင်စရိတ်၊ ပျိုးနှုတ်စရိတ်၊ တမန်းပြင်စရိတ်၊ ကောက်စိုက်စရိတ် မကုန်ပါ။ မိုးခေါင်ဒဏ်ခံနိုင်သည်။ အသက်ရက် ၇ မှ ၁၀ ရက်ခန့် စောပြီး ရိတ်သိမ်းနိုင်ပါသည်။ 

 

အခြောက်တိုက်ရိုက်စိုက်စပါး(Dry Direct-Seeded Rice)ရိတ်သိမ်းအပြီး ပျိုးထောင်ကောက်စိုက်စပါး(Transplanted Rice)ကို စိုက်ပျိုးနိုင်မည်ဖြစ်၍ သီးနှံပုံစံ (DSR-TPR  Cropping Pattern)ကို လုပ်ကိုင်ရာကျပါမည်။

 

သက်လျင်အထွက်ကောင်းစပါးတစ်မျိုးမျိုးကိုတော့ အသုံးပြုရန်လိုသည်။ ဤနည်းစနစ်တွင် စပါးပင်နှင့် ပေါင်းမြက်ပင်တို့သည် တစ်ပြိုင်တည်းယှဥ်ပြိုင်ပေါက်ရောက်နိုင်သဖြင့် စပါးမျိုးအလိုက် အပင်သက်တမ်း၏ပထမပိုင်း သုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက် ကာကွယ်နှိမ်နင်းမှုကို အထူးဂရုစိုက် ဆောင်ရွက်ရန်တော့ လိုပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်