စိုက်ပျိုးသုတ နိုဝင်ဘာလ

01/11/2023 17:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ယခုနိုဝင်ဘာလတွင်စိုက်ပျိုးကြမည့် ဆောင်းသီးနှံများ၊ မိုးစပါးသီးနှံရိတ်သိမ်းရေးနှင့် နွေစပါးစိုက်ပျိုးရေးတို့နှင့် ပတ်သက်၍ သုတပေးလိုပါသည်။

၁။ ဆောင်းသီးနှံများ

  • စပါးရိတ်သိမ်းအပြီး ပဲမျိုးစုံသီးနှံများကို နိုဝင်ဘာလအတွင်း စိုက်ပျိုးရန် ဖြစ်ပါ သည်။ 
  • ပဲတီစိမ်းသီးနှံကို ညအပူချိန်လွန်စွာနိမ့်ကျခြင်းမရှိသည့်ဒေသများတွင် စိုက်ပျိုးနိုင်သည်။ စိုက်ချိန်နောက်မကျသင့်ပါ။ နိုဝင်ဘာလလယ် နောက်ဆုံးထားစိုက်ပျိုးသင့်ပါသည်။
  • မတ်ပဲသီးနှံကို မိုးကောင်းသောက်ဒေသလယ်မြေများ(Rain-fed Lowland)တွင် စိုက်ပျိုးနိုင်သည်။ ဆည်ရေသောက်ဒေသလယ်မြေများ(Irrigated Lowland)တွင်လည်း  သုံးသီးစားသီးနှံပုံစံ(စပါး-မတ်ပဲ-နွေစပါး)အတွက် စိုက်ချိန်စောရန်လိုပါသည်။
  • ကုလားပဲသီးနှံကို စိုက်ချိန်နောက်ကျ၍ သီးတောင့်ရင့်မှည့်ချိန်၌ အပူချိန်မြင့်မားမှုဒဏ်ခံရခြင်း၊ အစိုဓာတ်မလုံလောက်ခြင်းကြောင့် အထွက်နှင့် မျိုးစေ့အရည်အသွေး လျော့ကျခြင်းမရှိစေရန် နိုဝင်ဘာလအတွင်း စိုက်ပျိုးရန် ဖြစ်ပါသည်။ 
  • ပဲပုပ်သီးနှံကိုလည်း သဲဆန်သောမြေအမျိုးအစားများမှအပ မြေဆီသြဇာအသင့်အတင့်မှ ထက်သန်သည့်မြေတို့တွင် နိုဝင်ဘာလသည် ပဲပုပ်စတင်စိုက်သင့်သောလ ဖြစ်ပါသည်။ 

ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးရာတွင်-

  • စျေးကွက်အမြင့်ဆုံးရနိုင်သည့် အသက်လျင်အထွက်ကောင်းသောမျိုးများကို အသုံးပြုပါ။ 
  • စပါးအပြီးသီးထပ်စိုက်ပျိုးရန် သင့်တော်သောမျိုးကို အသုံးပြပါ။
  • ပဲတီစိမ်းနှင့် မတ်ပဲသီးနှံတို့တွင် အဝါရောင်မိုစေ့ရောဂါဒဏ်ခံနိုင်သောမျိုးကို အသုံးပြုပါ။
  • စိုက်ပျိုးချိန်တွင် မျိုးစေ့ကို တစ်ဧကလျှင် သက်ဆိုင်ရာ ပဲမြစ်ဖုဇီဝမြေသြဇာ တစ်ထုပ်နှုန်းနှင့် လူးနယ်စိုက်ပျိုးပါ။(ပဲမြစ်ဖုမြေသြဇာသုံးပါက နိုက်ထရိုဂျင်မြေ သြဇာသုံးစွဲရန်မလိုသဖြင့် ကုန်ကျစရိတ်သက်သာမည် ဖြစ်ပါသည်။) 
  • အပင်ငယ်စဉ်တွင် မှိုရောဂါကျရောက်လေ့ရှိသဖြင့် မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုးပါ။ 
  • မြေတွင်းအောင်းပိုးနှင့် ပင်စည်ထိုးယင်ကာကွယ်ရန် စိုက်ကြောင်းအတွင်း မြေအောင်းပိုးသတ်ဆေးတစ်မျိုးမျိုးထည့်သွင်း စိုက်ပျိုးပါ။
  • လုပ်သားလုပ်အားသုံးစွဲမှုအနည်းဆုံးဖြစ်ပြီး ကုန်ကျစရိတ်သက်သာ လွယ်ကူသည့် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးပါ။ (မြေတွင်းအစိုဓာတ်မဆုတ်ယုတ်မီ အချိန်မီ စိုက်ချိန်မှန်တွင် စိုက်ပျိုးပြီးစီးရေး ဖြစ်ပါသည်။)

၂။ မိုးစပါးသီးနှံ

စားသုံးရန်နှင့် ရောင်းချရန်စပါးစိုက်ခင်းများအတွက် စပါးပင်မှပွင့်သီးပေးသော အနှံတွင်ရှိစပါးစေ့အားလုံးကို ရယူနိုင်ဖို့  ရိတ်သိမ်းချိန် မှန်ရန်လိုသည်။ ရိတ်သိမ်းချိန်မှန်က စပါးအထွက်နှုန်းမြင့်မားရုံသာမက စပါးအရည် အသွေးပါ မြင့်မားမည်။ စပါးအလေအလွင့်နည်းပါးမည်။ မျိုးအဖြစ်ပြန်စိုက်ပါက အပင် ပေါက်ကောင်းမည် ဖြစ်ပါသည်။ 

သို့ဖြစ်၍ စပါးနှံရှိ စပါးစေ့များ အနည်းဆုံးသုံးပုံနှစ်ပုံ (သို့) ၈၅ ရာခိုင်နှုန်း ရင့်မှည့်ချိန် (မောင်းညိုချိန်)တွင် ရိတ်သိမ်းပါ။

အလေအလွင့်နည်းပါးစေရေးအတွက် ရိတ်သိမ်းပြီးလျှင်ပြီးခြင်း ခြွေလှေ့ပါ။

မျိုးစေ့ထုတ်စပါးစိုက်ခင်းများသည် ရင့်မှည့်စဥ်ကာလသည် မျိုးသန့်စင်ရေးအတွက် အထူးအရေးကြီးသည့်ကာလဖြစ်ရာ မျိုးစေ့ကျွမ်းကျင်သူ၏နောက်ဆုံးအကြိမ်ကွင်းဆင်းစစ်ဆေးမှုကိုခံယူ၍ အောက်ပါ မျိုးကွဲအပင်များကို တံစဥ်ဖြင့် ရိတ်ဖြတ်ပြီး မျိုးကွဲပယ်ရန် ဖြစ်ပါသည်။

မျိုးကွဲပယ်ရာတွင်

  • ရင့်မှည့်မှုစောလွန်းခြင်းနှင့် နောက်ကျလွန်းသည့်အပင်
  • စိုက်ပျိုးပွားများထားသောစပါးမျိုးနှင့်မတူဘဲ စပါးလုံးပုံသဏ္ဍာန်အရွယ်အစား
  • ကွဲပြားခြားနားသောအပင်
  • စပါးလုံးအရောင်ကွဲပြားသောအပင်
  • စပါးအမြီးပါခြင်း၊ မပါခြင်းနှင့် အမြီးအတိုအရှည်မတူသောအပင်
  • စပါးစေ့အမြီးအရောင်မတူသောအပင်တို့ကို ပယ်ရမည်။

၃။ နွေစပါးသီးနှံ

နွေစပါးဟုဆိုသော်လည်း အများစုမှာသီးထပ်စပါးဖြစ်သည်။ ဒေသအလိုက် စိုက်ချိန်မှန်ဖို့ လိုပါသည်။ 

မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ မေလတွင် မုတ်သုန်စတင်ဝင်ပြီး မိုးမလှိုင်မီ နွေစပါးကို မိုးလွတ်လေလွတ်ရိတ်သိမ်းနိုင်ရန် နိုဝင်ဘာလတွင် နွေစပါးစတင်စိုက်ပျိုးပါ။ 

နိုဝင်ဘာလသည် မိုးစပါးသီးနှံကိုအလေအလွင့်မရှိအောင်ရိတ်သိမ်းခြင်း၊ ရိတ်သိမ်းပြီး လယ်မြေတွင် ပဲမျိုးစုံသီးနှံများနှင့် ဆီထွက်သီးနှံများကို စနစ်တကျဆောင်ရွက်ခြင်းတို့ ဖြင့် စိုက်ပျိုးထုတ်လုပ်မှုမှ ဝင်ငွေအကျိုးအမြတ်ရရှိရေးအတွက် အရေးပါသောလတစ်လ ဖြစ်ကြောင်း အသိ‌ပေးရေးသားလိုက်ရပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်