စိုက်ပျိုးသုတ ဧပြီလ

03/04/2024 11:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

လက်ရှိစိုက်ပျိုးထားသော နွေစပါးသီးနှံနှင့် ကြီးထွားဖွံ့ဖြိုးဆဲဖြစ်သော ကြံသီးနှံအပါအဝင် နှမ်းလျင်၊ ချည်မျှင်ရှည်ဝါစသည့် ယာသီးနှံများနှင့် ပတ်သက်၍ အသိပေးလိုသည်များ ရှိပါသည်။

နွေစပါး

မြန်မာနိုင်ငံအောက်ပိုင်းရှိ နွေစပါးစိုက်ခင်းများ ရင့်မှည့်သည့်အဆင့်ကို ရောက်နေပြီဖြစ်သည်။ ရိတ်သိမ်းချွေသယ်ယူသည့် လုပ်ငန်းအဆင့်ဆင့်မှာ အလေအလွင့် နည်းပါးရေးကို ဂရုစိုက်ရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်စိုက်ပျိုးသော နွေစပါးအများစုသည် အပင်ကြီးထွားကာလ(Vegetative Phase)အတွင်းတွင်သာ ရောက်ရှိနေဆဲဖြစ်သည်။

ပင်ပိုင်းကြီးထွားသည့်ကာလသည် စပါးနှံအရေအတွက်(Panicles per unit area) ကို အဆုံးအဖြတ်ပြု၍ အထူးဂရုစိုက်ဖို့လိုသည့်အတွက် ယခုလအတွင်း ဆောင်ရွက်သင့်သည်များကို ဖော်ပြလိုပါသည်။

စပါးပင်သက်တမ်း၏ ပထမသုံးပုံတစ်ပုံကာလအတွင်း တနည်းအားဖြင့် စပါးပင်များနေရာလပ်မကျန် ကွက်ပြည့်ပွားသည်အထိ ပေါင်းမြက်ပင်များစပါးခင်းအတွင်း ရှိမနေအောင် ဆောင်ရွက်ရန် ဖြစ်သည်။ 

အကြောင်းမှာ ပေါင်းမြက်ပင်တို့သည် နေရောင်ခြည်၊ အာဟာရနှင့် ရေကို စပါးပင်နှင့် ယှဉ်ပြိုင်လုယက်ရယူ စားသုံးသောကြောင့် စပါးအထွက်လျှော့နိုင်လို့ ဖြစ်ပါသည်။

စပါးပင်သက် တစ်လကျော်သည့်စိုက်ခင်းဖြစ်ပါက လက်ပေါင်းလိုက်ခြင်းသည် အသင့်တော်ဆုံးနည်းစနစ်ဖြစ်သည်။ အတန်းလိုက်စိုက်ခင်းများတွင်မူ တမန်းနှိုးကြားပေါင်းလိုက်ကိရိယာကို အသုံးပြုနိုင်သည်။ လက်ပေါင်းနှင့် တမန်းနှိုးတာ တွဲဖက်လိုက်လျှင် ပိုလို့ထိရောက်မှာ ဖြစ်ပါသည်။ 

မိုးစပါးနှင့်နှိုင်းယှဉ်လျှင် နွေစပါးကအထွက်ပိုလေ့ရှိသည်။ အကြောင်းမှာ နွေရာသီတွင် မိုးတိမ်ကင်းစင်သည်။ စပါးပင်ကနေရောင်ခြည်ကို အတားအဆီးမရှိ အပြည့်အဝရယူနိုင်သည်။ အစိမ်းရောင်ရှိသောအပင်တို့၏သဘာဝမှာ နေရောင်ခြည်ကို ရယူပြီး အစာချက်လုပ်သည့်အတွက်  နွေစပါးပင်တွင် အာဟာရပြည့်ဝစွာရှိနေရန် လိုအပ်သည်။ အထူးသဖြင့် နိုက်ထရိုဂျင်အာဟာရပြည့်ဝနေရသည်။ ထို့ကြောင့် နွေစပါးတွင် ယူရီးယားကဲ့သို့ နိုက်ထရိုဂျင်မြေသြဇာကို ပိုမိုကျွေးပေးဖို့ တိုက်တွန်းလိုပါသည်။

တိုက်ရိုက်စိုက်စပါးခင်းဖြစ်ပါက မျိုးစေ့ချပီး ၂၅ မှ ၃၅ ရက်သားအတွင်းနှင့် ပျိုးထောင်စိုက်စပါးခင်းဖြစ်ပါက ပြောင်းရွှေ့ကောက်စိုက်ပြီး ၂၀ မှ ၃၅ ရက်အတွင်း နိုက်ထရိုဂျင်မြေသြဇာကျွေးပေးရန် အထူးလိုအပ်ပါသည်။ နိုက်ထရိုဂျင်မြေသြဇာသည် စပါးပင် ကြီးထွားဖွံ့ဖြိုးစေကာ အပင်ပွားထွက်မှု များစေသည်။ အပင်ပွားမှ အနှံများပြီး စပါးအထွက်များစေမှာ ဖြစ်ပါသည်။

ယာသီးနှံများ(နှမ်းလျင်၊ ချည်မျှင်ရှည်ဝါ၊ ကြံသီးနှံ)

ဧပြီလမှာ စိုက်ပျိုးရှင်သန်လျက်ရှိသော ယာသီးနှံအားလုံး အထွက်နှုန်းကို ထိခိုက်မှုမရှိစေရေးအတွက် လိုအပ်ပါက ရေသွင်းပေးရန် ဖြစ်သည်။ ယေဘုယျအားဖြင့် မည်သည့်သီးနှံအတွက်မဆို  ပန်းပွင့်ချိန်မှာ ရေအစိုဓာတ်မပြတ်စေရန် အထူးအရေးကြီး ပါသည်။

ရေသွင်းရာတွင် ကွက်ပြင်ကျယ်ရေသွင်းစနစ်ဖြစ်ပါက စိုက်ကွက်အတွင်း ပြန့်နှံ့မှုရှိရန် အထူးဂရုစိုက်ပါ။ အပင်ခြေရေဝပ်ခြင်းများ မဖြစ်ပေါ်ပါစေနှင့်။

မိုးကြိုချည်မျှင်ရှည်ဝါသီးနှံတွင် စိုက်ပြီး ၄၅ ရက်မှ ရက် ၉၀ တွင် ရေလိုအပ်မှု ရှိနိုင် သည်။ ထိုအချိန်မတိုင်မီကပင် ချည်မျှင်ရှည်ဝါစိုက်ခင်း၌ ရေလိုအပ်မှုရှိမရှိကို စစ်ဆေးကာ ပန်းပွင့်ပြီးဆုံးချိန်ထိ မြေအစိုဓာတ်ရှိနေစေရေးဆောင်ရွက်သင့်ပါသည်။

ကြံသီးနှံတွင် ကြံပင်သက်တမ်း ၉၀ မှ ၁၂၀ အတွင်းတွင် မြေအစိုဓာတ်ကောင်းနေအောင် ရေပေးသွင်းသင့်ပါသည်။ ရေပေးသွင်းစဉ် ယူရီးယားဓာတ်မြေသြဇာ၊ သဘာဝ မြေသြဇာတို့ကိုပါ ထည့်ပေးသင့်ပါသည်။ 

ယခု ဧပြီလသည် မြန်မာသက္ကရာဇ်နှစ်အနေဖြင့်ဖြစ်စေ၊ စိုက်ပျိုးရေးနှစ်အနေဖြင့်ဖြစ်စေ နှစ်တစ်နှစ်ကုန်ဆုံးပြီး ပထမဦးအစနှစ် ဖြစ်ပါသည်။ ပြီးဆုံးခဲ့သည့်စိုက်ပျိုးရေးနှစ်အတွင်း သီးနှံစိုက်ပျိုးခဲ့မှုများအပေါ် ဆန်းစစ် ကြည့်သင့်သည်။ အထူးသဖြင့် စိုက်ပျိုးသည့်သီးနှံများ၏အထွက်နှုန်းတွေကို ဖြစ်ပါသည်။ 

မိမိသီးနှံအထွက်နှင့် တစ်ပါးသူတွေ၏သီးနှံအထွက်တွေကို နှိုင်းယှဉ်ကြည့်စေလိုသည်။ မိမိသီးနှံအထွက်နှုန်းများ၏ ချို့ယွင်းအားနည်းချက်သည် မျိုးလား၊ နည်းစနစ်လား။ နည်းစနစ်ဆိုလျှင် စိုက်ချိန်၊ စိုက်စနစ်၊ ပေါင်းမြက်၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းမှု၊ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်နောက်ပိုင်းဆောင်ရွက်မှု စသည်ဖြင့် ဆောင်ရွက်ခဲ့မှုတို့ကို ဆန်းစစ်သင့်ပါသည်။

ယခုနှစ်တွင် အဆိုပါချို့ယွင်းအားနည်းချက်များကို ပြုပြင်ဖြည့်ဆည်းခြင်းသည် သီးနှံအထွက်တိုးရေးဆောင်ရွက်ခြင်း ဖြစ်ပါမည်။ 

ယခုဧပြီလမှာ ရှေ့နှစ်တွင် ဆောင်ရွက်မည့် အစီအစဉ်အဖြစ် စီမံချက်ရေးဆွဲရန် ဖြစ်သည်။ စီမံချက်အရ ကြိုတင်ပြင်ဆင်ရန်လိုပါက ပြင်ဆင်ရန် ဖြစ်သည်။ ဥပမာ - မျိုးသန့်ရှာဖွေခြင်း၊ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာစသည်သွင်းအားစုများ စုဆောင်းခြင်းတို့ ဖြစ်ပါသည်။

ဤသို့ကြိုတင်ပြင်ဆင်ခြင်းဖြင့် လာမည့်စိုက်ပျိုးရေးနှစ်တွင် စိုက်ပျိုးသမျှသီးနှံ အထွက်နှုန်းများသည် ယခုထက်ပိုမိုတိုးတက်ထွက်ရှိအောင် ဆောင်ရွက်ကြနိုင်မည်ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်