မြေချဉ်ခြင်း ပြဿနာများနှင့် ပြုပြင်ခြင်း

May Phyo Wai     08/12/2017 22:29 PM     Content Provider - Greenway
Photo - မြေချဉ်ခြင်းကိုပြုပြင်ခြင်း

၁။ မြေချဉ်ခြင်း

မြေချဉ်ခြင်းသည် စိုက်ပျိုးမြေ အများစုတွင် ကြုံတွေ့နေရလျက်ရှိသော ပြဿနာဖြစ်သည်။ မိုးများစွာ ရွာသွန်းခြင်း၊ ရေသွင်းစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးနည်း စနစ်များကြောင့် မြေချဉ်ခြင်းများ ဖြစ်ပေါ်လာသကဲ့သို့ သီးနှံပင်၏ အမြစ်များ မှလည်း အချဉ်ဓါတ်များ ထုတ်လွှတ်လျက် ရှိပါသည်။ စိုက်ပျိုးရေး လုပ်ငန်းများတွင် အများဆုံးအသုံးပြုလျက်ရှိ သော ယူရီးယားမြေသြဇာများသည် မြေချဉ်ခြင်းကို အားပေးသည့်အပြင် မြေသြဇာများကို သုံးစွဲရာတွင် စနစ်တကျ အလေအလွင့် နည်းစေရန် အသုံးမပြုခြင်းကြောင့် နိုက်ထရိုဂျင်ဓာတ်များ မြေထဲသို့ စိမ့်ဝင် ခြင်းများ ဖြစ်ပေါ်ကာ မြေချဉ်စေပါသည်။

သီးနှံပင်များအားဆက်တိုက် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် သီးနှံပင်နှင့် အကြွင်း အကျန်များ၏ ဆွေးမြေ့မှု ဖြစ်စဉ်များကြောင့်လည်း မြေချဉ်ခြင်းကို အားပေးလျက်ရှိသည်။ သို့သော်ထိုမြေချဉ်ခြင်း သည် တည်တံ့သော ဖြစ်စဉ်မဟုတ်ပဲ ပြန်လည်၍ pH မြင့်တက် လာနိုင်သည်။ မြေဆီလွှာ အတွင်းတွင် ထိုသြဂဲနစ် ပစ္စည်းများမရှိသောအခါတွင် အမြဲထာဝရမြေချဉ်ခြင်းများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ သို့ပါ၍ မြေဆီလွှာအတွင်းတွင် သြဂဲနစ်အကြွင်းအကျန်များရှိနေစေရေးသည် အရေးကြီးပါသည်။ ဖော့စဖိတ်မြေသြဇာများသည် မြေချဉ်ခြင်းကို တိုက်ရိုက် မဖြစ်ပေါ်စေသော်လည်း မြေဆီလွှာအတွင်းတွင် clover များဖြစ်ပေါ်ခြင်းကိုအားပေးကာ၎င်းတို့မှ တဆင့် မြေချဉ်ခြင်းကိုဖြစ်စေသည်။

သီးနှံပင်များကို မီးရှို့ခြင်းသည်ပြာဓာတ်ကိုရရှိစေကာ မြေဆီလွှာအားအနည်းငယ် အငန် ဓာတ်များ ဖြစ်ပေါ်လာစေ သော်လည်း ရေဖြင့်ဆေးကြောသောအခါတွင်ပိုမို၍အချဉ်ပေါက်ခြင်းကိုဖြစ်ပေါ်စေ ပါ သည်။ မြေချဉ် ပြဿနာများ သည် ပြုပြင်နိုင်သော်လည်း လွန်ကဲစွာ ချဉ်ခြင်းများ ဖြစ်ပေါ်လာပါက ပြုပြင်၍ မရနိုင်ပါ။ မြေ၏ အပေါ်ယံလွှာ ၁၀ စင်တီမီတာ(၄ လက်မ)တွင် မြေချဉ်ခြင်း ဖြစ်ပေါ်ပါက ပြုပြင်နိုင်သော်လည်း အောက်လွှာ အချဉ်ပေါက်ခြင်းများသည် ပြုပြင်ရန် ခက်ခဲပါသည်။ ထို့အပြင် pH(ca) ၃.၈ အောက် ကျဆင်းသွားပါက စိုက်ပျိုးမြေ အဖြစ်သို့ ပြန်လည် ပြုပြင်ရန် မဖြစ်နိုင်တော့ချေ။ pH သည် ၃ အောက်သို့ ကျဆင်းသွားပါက Acid Sulphate Soil များနှင့် ဆက်စပ်နေသည်ဟု ယူဆနိုင်သည်။

၂။ မြေချဉ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ

သီးနှံပင်များနှစ်သက်သော အာဟာရဓာတ်များ၏ပျော်ဝင်မှုနှင့် အပင်မှစုပ်ယူနိုင်စွမ်းသည် မြေ၏ pH တန်ဖိုးအရ ပြောင်းလဲနိုင်ပါသည်။ သီးနှံပင်များအားလုံးသည် pH ၄ နှင့် ၈ အကြားတွင်သာကောင်းစွာ ရှင်သန်နိုင်သည်။ pH နိမ့် ကာမြေချဉ်သောအခြေအနေတွင် အချို့သော အာဟာရဓာတ်များ ဥပမာ Fe, Al, Mn ပျော်ဝင်မှု များလာကာ သီးနှံပင်များမှာအများအပြား စုတ်ယူမူကြောင့် အဆိပ်သင့်သော အခြေအနေကို ဖြစ်စေပြီး အချို့သောအာဟာရ ဓာတ် များ Ca, Mg, Mo, P သည် ပျော်ဝင်မှုနည်းလာခြင်းကြောင့် သီးနှံပင်မှ မစားသုံးနိုင်တော့ပဲ ချို့တဲ့ခြင်းများ ဖြစ်ပေါ်စေသည်။

Al အဆိပ်သင့်ခြင်းများသည် pH ၅.၂ အောက်တွင် ဖြစ်ပေါ်လေ့ရှိသည်။ ထိုအခြေအနေတွင် Al များပျော်ဝင်မှု များ လာခြင်းကြောင့် သီးနှံပင်၏ အမြစ်များ ရှင်သန်ကြီးထွားမှုကို တားဆီးသဖြင့် အမြစ်များမှ အစာနှင့် ရေကိုစုပ်ယူ နိုင် စွမ်းကျဆင်းသွားနိုင်သည်။ P ဖော့စဖိတ်ကို ထိန်းချုပ်ထားခြင်းကြောင့် ချို့တဲ့ခြင်း ဖြစ်စေသည်။ အရွက် သေးကာ အစိမ်းပုတ်ရောင် ဖြစ်လာမည်၊ တစ်ခါတစ်ရံတွင် ခရမ်းရောင် အရွက်များကိုတွေ့ရမည်။ Al အဆိပ်သင့်မှုကို ခန့်မှန်း ရာတွင်အပင်၏ အမြစ်များကိုလေ့လာခြင်းသည် ထင်ရှားသိသာသော လက္ခဏာ ဖြစ်သည်။ သြဂဲနစ် ပစ္စည်းများ သည် Al များကို စုပ်ယူပေးထားနိုင်သဖြင့် ထိုအခြေအနေတွင် အလွန် ခံနိုင်ရည်မရှိသောအပင်များပါ ရှင်သန်နိုင် သည်ဟု ဆိုသည်။

pH ၅.၅ အောက် ကျဆင်းပါက Mn အဆိပ်သင့်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ သီးနှံပင်များသည် အစာချက်လုပ်မှု နှင့် ဟော်မုန်း ထုတ်လုပ်မှုအတွက် Mn လိုအပ်သည်။ အဆိပ်သင့်မှု လက္ခဏာသည် ဆက်နွယ်လျက်ရှိသောအခြား အကြောင်း အရာ များကြောင့် ရှုပ်ထွေးသည်ကိုတွေ့ရသည်။ ရေဝတ်ခြင်းကြောင့် Mn အဆိပ်သင့်ခြင်းများ ဖြစ်ပေါ် နိုင်သည်။ သို့သော်ရေဝတ်ခြင်းကြောင့် N gas ထွက်သွားခြင်းက သီးနှံပင်ကို ပိုမို၍ ထိခိုက်စေသည်။ သဲဆန်သော မြေများတွင် ထုံးများစွာ ထည့်ပေးခြင်းကြောင့် Mn ချို့တဲ့ခြင်းများ ဖြစ်လာနိုင်သည်။

Nitrate Nitrogen များကို သီးနှံပင်များမှ အသုံးပြုခြင်းမရှိပဲ များပြားစုပုံလာသော အချိန်တွင် Mo ချို့တဲ့ခြင်းများ ဖြစ်နိုင်ပါသည်။ အရွက်များပေါ်တွင် ပုံစံမမှန်သော တွန့်လိမ်ခြင်းများကိုတွေ့ရမည်။ အရွက်ဘေး နှုတ်ခမ်းသားများ ခြောက်လာမည်။ ပဲမျိုးရင်းဝင်ပင်များသည် မြက်နှင့်နှံစားသီးနှံများထက် ပို၍ Mo ကို လိုအပ်သည်။ နိုက်ထရိုဂျင်ကို ဖမ်းယူသော လုပ်ငန်းစဉ်အတွက် Mo ကို လိုအပ်ခြင်းဖြစ်သည်။ Mo ချို့တဲ့ပါက နိုက်ထရိုဂျင်ကို မဖမ်းယူနိုင်ပဲ ချို့တဲ့လာကာ အရွက်များ အစိမ်းဖျော့ရောင်မှ အဝါရောင်သို့ပြောင်းလဲ သွားမည်။

ဆဲလ်အသစ်များ ဖြစ်ပေါ်ရာတွင် Ca ကို လိုအပ်သည်။ အမြစ်မွှေးများ အရွက်နုများ ထွက်ပေါ်လာရန် အသုံးဝင် သည်။ ပဲမျိုးရင်းဝင်အပင်များအတွက်အမြစ်ဖုများဖြစ်ပေါ်ရန် အရေးကြီးသည်။ သဲဆန်သောမြေများတွင် မြေချဉ်ခြင်း နှင့် သြဂဲနစ်ပါဝင်မှု နည်းပါက ဆိုးဝါးစွာ Ca ချို့တဲ့ခြင်းများ ဖြစ်နိုင်ပါသည်။ လက္ခဏာအားဖြင့် အပင်ပုတိုမည်၊ အမြစ်ဖြာထွက်ခြင်းနည်းမည်၊အမြစ်များ အရောင်မမှန်ခြင်း၊ အညွှန့်များတွင် ခြောက်သွေ့ခြင်းများကို တွေ့နိုင်သည်။ အမြစ်၏ လက္ခဏာများသည် AL အဆိပ်သင့်ခြင်းနှင့် ခွဲခြားရန် ခက်ခဲပါသည်။

Mg ချို့တဲ့ခြင်း ဖြစ်လာပါက အရွက်ရင့်များ အဝါရောင်ပြောင်းလာမည်။ N ချို့တဲ့သော လက္ခဏာနှင့် ခွဲခြားရန် ခက် ခဲသည်။ ပါဝင်မှုများပါက Na ၏ လုပ်ဆောင်မှုများကို တိုးစေပြီးမြေကို ဖွယ်စေသည်။

၃။ ထုံးထည့်ခြင်း

မြေချဉ်ခြင်းအား ပြုပြင်ရာတွင် ထုံးထည့်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ထုံးထည့်မည် ဆိုပါက ဦးစွာ စိုက်ပျိုး မည့်မြေဆီလွှာ၏ ချဉ်ငံကိန်း (pH) ကို သိရန်လိုအပ်ပါသည်။ မြေချဉ်ငံကိန်း (pH) သည်သီးနှံများ၏ အာဟာရ ဓာတ် များ ရရှိနိုင်မှုကို လွှမ်းမိုးလျက် ရှိပါသည်။ ချဉ်လွန်း ငန်လွန်းသောမြေများသည် သီးနှံစိုက်ပျိုးရန် မသင့်တော်သော မြေများဖြစ်ပြီး ချဉ်ငန်ကိန်း ၆ မှ ၇ ကြားသည် သီးနှံအားလုံးအတွက် သင့်တော်သော pH ဖြစ် သည်။ pH တန်ဖိုး ၅.၅ အောက်ရောက်ရှိပါသော မြေချဉ်များကို ထုံးထည့်ခြင်းဖြင့် ပြုပြင်နိုင်ပါသည်။ သတိပြုရန်မှာထုံးထည့်ပေး ရာ တွင် PH တန်ဖိုးကို ဖြည်းဖြည်းချင်း တက်လာစေရန်ဆောင်ရွက်ပေးရမည် ဖြစ်သည်။ PH 6 ထက် ပိုစေသော ထုံး ထည့်ပေးခြင်းများကို မဆောင်ရွက်သင့်ပါ။

၄။ ထုံးအမျိုးအစားများ

CaCO3 သန့်စင်မှု နည်းသည်။ ဓာတ်ပြုမှုနှေးကွေးသည်။ ဓာတ်ပြုမှုမြန်စေရန်အမှုန့်များကို ဇကာတိုက်၍ သေးငယ်သော အရွယ်အစားဖြစ်စေရန် ပြုလုပ်ပေးရမည်။ ဓာတ်ပြုနိုင်သောရာခိုင်နှုန်း ၆၀ မှ ၁၀၀ ရှိသည်။ Ca ၄၀% ခန့် ပါဝင်သည်။

CaO မီးဖုတ်ထားသည်။ မြေကြီးထဲသို့ ထည့်ပေးပါက ဓာတ်ပြုမှု လျှင်မြန်သည်။ ထည့်သွင်းပြီးပါက မြေကြီးနှင့် နှံ့စပ်အောင် မွှေပေးရမည် သို့မဟုတ်ပါက အခဲဖြစ်သို့ပြောင်းလဲကာ အသုံးမပြုနိုင်တော့ချေ။ ဓာတ်ပြုနိုင်သောအား အကောင်းဆုံးဖြစ်သည် ။ ၁၅၀ မှ ၁၇၀% ထိရှိသည်။

Ca(OH)2 မီးဖုတ်ထားသော CaO ကို ရေနှင့်ဓာတ်ပြုထားခြင်း ဖြစ်သည်။ အဆောက်အဦးဆောက်ရာတွင် အသုံး ပြုသည်။ ကိုင်တွယ် အသုံးပြုရာတွင် ဂရုစိုက်ရမည် ဖြစ်သည်။ ဓာတ်ပြုမှု လျင်မြန်သည်။ ၁၂၀မှ ၁၅၀% ထိရှိသည်။

CaMg(CO3)2 Dolomitic Lime Stone ဖြစ်သည်။ Mg ပါဝင်၍ Mg ချို့တဲ့သောမြေများတွင် အသုံးပြုရန် သင့်တော်သည်။ ဓာတ်ပြုမှုသည် ၆၀ မှ ၁၀၀% အထိသာရှိသည်။

၅။ ဂျစ်ပဆန် အသုံးပြုခြင်း

ဂျစ်ပဆန်တွင် ca ၂၀% ပါဝင်သော်လည်း ထုံးကဲ့သို့ အသုံးပြုရန် မဖြစ်နိုင်ချေ။ မြေချဉ်ခြင်းကို လျှော့ချပေးနိုင်ခြင်း မရှိပါ။ ဆိုဒီယမ်များသောမြေများကို ပြုပြင်ရာတွင် ဂျစ်ပဆန်ကို သုံးနိုင်ပါသည်။ ပင်လယ်ရေငန် ဝင်ရောက်သော လယ်မြေများကို ပြုပြင်ရာတွင် ဂျစ်ပဆန် ထည့်သွင်းရန်အတွက် ထောက်ခံထားပါသည်။

၆။ ထုံးထည့်သွင်းခြင်း

မြေအမျိုးအစားပေါ် မူတည်၍ ထည့်သွင်းမည့် ထုံးပမာဏကို ခန့်မှန်းနိုင်သည်။ သဲသမမြေများတွင် တစ်ဧကတွင် ၁၅၀ မှ ၃၀၀ ပိဿာ ထည့်ပေးရမည်။ မြေစေးများတွင် ပိဿာ ၃၀၀ မှ ၅၀၀ ထိ ထည့်ပေးရန်လိုအပ်သည်။(ကိုးကား DAR) ။ ထုံးထည့်ပေးရာတွင် အပေါ်လွှာ(၀-၁၀ စင်တီမီတာ) အတွက် pH ၅.၂ အထိ ရောက်အောင် ထုံးထည့် ရမည်. အောက်လွှာ (၁၀-၂၀ စင်တီမီတာ) အတွက် pH ၅.၅ အထိရောက်အောင် လိုအပ်သည့် ထုံးပမာဏ ထည့်သွင်းပေးရမည်။ pH ၆ အထက်ရောက်စေသော ထုံးထည့်ခြင်းများ မပြုလုပ်သင့်ပါ။
ထိုအခြေအနေတွင် အခြားသော အာဟာရဓာတ်များ၏ ချို့တဲ့မှုများကို ဖြစ်ပေါ်စေမည် ဖြစ်သည်။ ဥပမာ Zn, B, Mn။ အပေါ်ယံလွှာ ၁၀ စင်တီမီတာအား pH ၅.၅ တွင် ရှိနေစေရန် ထားခြင်းဖြင့် အောက်ဘက်အလွှာတွင်လည်း pH တစ်ဖြည်းဖြည်း တက်လာသည်ကိုတွေ့ရမည်။ ထုံးထည့်ပြီးနောက် မြေဆီလွှာအတွင်း အစိုဓာတ်ရှိသည်နှင့် တစ်ပြိုင်နက် စတင် ဓာတ်ပြုကာ သက်ရောက်မှု စတင်ပါသည်။ ၁၂ လ မှ ၁၈ လ အတွင်းရောက်ရှိသောအချိန်တွင် သက်ရောက်မ အမြင့်ဆုံးသို့ရောက်ရှိပါသည်။ စားကျက် စိုက်ခင်းများသည် အချဉ်ဓာတ်ကိုခံနိုင်ရည်ရှိသဖြင့် ထုံးထည့်ပေးခြင်း ပြုလုပ်ရန်မလိုအပ်ပါ။

၇။ သတိပြုရန် အချက်များ

ထုံးမထည့်ပေးမီမြေဆီလွှာ၏ ချဉ်ငံကိန်းကို စစ်ဆေးရန် လိုအပ်သည်။ သို့မှသာ ထုံးပမာဏကိုသေချာစွာ တွက်ချက်ထည့် သွင်းပေးနိုင်မည်ဖြစ်ပြီး ထုံးပို၍ ထည့်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများကို တားဆီးနိုင်မည် ဖြစ်သည်။ ထို့အပြင် မြေသားဖွဲ့စည်းမှု၊ အပင်ရောဂါ နှင့် အဟာရချို့တဲ့မှုစသည့် အခြားသောတားဆီးသည့်အချက် များကိုလည်းရှာဖွေ ဖြေရှင်းရန်လိုအပ်သည်။ သို့မှသာ ထုံးထည့်ခြင်း၏အကျိုးကိုထိရောက်စွာရရှိနိုင်မည်ဖြစ်သည်။ မြေချဉ်ကိန်းကို တိုင်းတာရာတွင် စိုက်ပျိုးမည့်သီးနှံပေါ်မူတည်၍ မြေ၏ အလွှာလိုက် တိုင်းတာရမည်ဖြစ်သည်။ ရာသီ သီးနှံပင်များ အတွက်အောက်လွှာ အချဉ်ပေါက်ခြင်းသည် သီးနှံပင်၏ အထွက်နှုန်းကို ထိခိုက်စေမည်မဟုတ်ပါ။ ထည့် သွင်းပေးမည့်ထုံးသည် မှုန့်ညက်စေရန် လိုအပ်သည်။ သို့မှသာ ဓာတ်ပြုစွမ်းအား မြင့်မည်ဖြစ်သည်။ ထို့အပြင်စီးပွား ရေးတွက်ခြေကိုက်ရန်လိုအပ်သည်။ ထုံး၏ အာနိသင်ကို အကျိုးရှိရှိရစေရန် လုံလောက်သော အချိန်ကာလ ရှိရမည်ဖြစ်သည်။ အနည်းဆုံးသီးနှံ မစိုက်ပျိုးမီ (၁) လကြိုတင်ထည့်သွင်းပေးရမည်ဖြစ်သည်။ ထုံးထည့်သွင်း ရာတွင် မြေနှင့်နှံ့ စပ်အောင်ရောမွှေမှသာလျှင် ထိရောက်သောအကျိုးကိုရရှိမည်ဖြစ်သည်။

၈။ ထုံးထည့်သွင်းခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

PH မြင့်တက်လာသဖြင့် အနည်းလို အာဟာရဓာတ်များကို စုပ်ယူမှုလျှော့ကျသွားမည်။ အဆိပ် သင့်ခြင်း ကိုတားဆီးပေးသည်။ ဖော့စဖိတ်ဓာတ်များ ထိန်းချုပ်မှုမှ လွတ်မြောက်ကာ အပင်မှ စားသုံးနိုင်သော အခြေအနေသို့ ရောက်ရှိ သွားမည်။ ဓာတ်ဖိုဖလှယ် နိုင်စွမ်းအား တက်လာစေသည်။ Ca နှင့် Mg ဓာတ်များပါဝင်မှု မြင့်လာပြီး သီးနှံပင်ကြီးထွားမှုကို အထောက်ကူဖြစ်စေသည်။ အဏုဇီဝပိုးများ၏ လှှုပ်ရှားဆောင်ရွက်မှုကောင်းလာစေသည်။

၉။ ထုံးပမာဏ လိုအပ်သည်ထက် များခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ

ဖော့စဖိတ် အခဲဖွဲ့ခြင်းများဖြစ်ပေါ်လာကာ သီးနှံပင်မှ စားသုံးနိုင်ခြင်းကို တားဆီးသည်။ အဏုဇီဝပိုးများသေကြေ ပျက်စီးနိုင်သည်။ Ca နှင့် Mg များကာ အပင်ကို အန္တရာယ်ဖြစ်စေသည်။ K, Fe, Cu, Zn, Mo, B များချို့တဲ့လာစေသည်။ မြေသားတည်ဆောက်မှုပြောင်းလဲလာမည်။

၁၀။ ပိုတက်စီယမ်နှင့်ထုံး

ပိုတက်စီယမ်သည် သီးနှံပင်များအတွက်အရေးကြီးသောအဟာရဓါတ်တစ်မျိုးဖြစ်သည်။ မြေချဉ်များတွင် ထုံးထည့်ပါက ပိုတက်ရရှိနိုင်မှုကို တားဆီးစေသည်။ ထုံးပမာဏနည်းနည်းသည် အမြစ်ကြီးထွားမှုကိုအားပေးသည်။ ပိုတက်စုပ်ယူမှုကိုမြင့်စေသော်လည်း ပမာဏများလာပါက ပိုတက်စုတ်ယူမှုကို တားဆီးပါသည်။ မြေချဉ်များတွင် ထုံးထည့်သောအချိန်တွင် pH နှင့် CEC မြင့်လာစေပြီး ပိုတက်စီယမ် စုပ်ယူမှုကို မြင့်တက်လာစေသည်။ ပိုတက်ပါဝင် မှုနည်းလာစေပြီးချို့တဲ့ခြင်းများဖြစ်စေသည်။ ပိုတက်ထည့်ပေးခြင်းမရှိသောထုံးထည့်ခြင်းများသည် ထိရောက်သော အကျိုးကိုရရှိရန် ခဲယဉ်းပါသည်။

အချဉ်ပေါက်လယ်မြေများတွင်ထုံးထည့်ပေးခြင်းဖြင့် မြေဆီလွှာကိုထိန်းသိမ်းကာ ရေရှည်တည်တံ့သော စိုက်ပျိုး ထုတ်လုပ်မှုများကိုဆောင်ရွက်နိုင်ကြပါစေ။

မေဖြိုးဝေ



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆိုရိုးစကား  

"ကမ္ဘာပေါ်မှာ နှစ်စဉ် အစားအစာပေါင်း ၁.၃ ဘီလီယံ တန်ဟာ ဆုံးရှုံး ဒါမှမဟုတ် လေ့လွင့်နေပါတယ်။" (FAO)