အုန်းတစ်ပင်မှ ပင်စည်/ကိုင်းများစွာ ဖြာထွက်ခြင်း

15/01/2018 16:21 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

ပုံမှန်အားဖြင့်တော့ အုန်းသီးတစ်လုံးက အပင်တစ်ပင် (အညွန့်တစ်ညွန့်) ထွက်ပြီး ပင်စည်တစ်ခုတည်းပဲ ဖြစ်လာလေ့ရှိပါတယ်။ အုန်းသီးမှာ သရက်ကဲ့သို့ အုန်းသီးတစ်လုံးကနေ အပင်များစွာပေါက်တဲ့အလေ့အထ (polyembryonic behavior) ရှိသော်လည်း အပင်ကြီးရောက်မှ အုန်းတစ်ပင်ထဲကနေ ပင်စည်/ကိုင်းများစွာ ဖြာထွက်ခြင်းကတော့ အတော်တွေ့ရနည်းတဲ့ ပုံမမှန်တဲ့ လက္ခဏာတစ်ခုပါ။ အင်္ဂလိပ်လိုတော့ Abnormal/Forked branching လို့ ပညာရှင်တွေ ခေါ်ဝေါ်သတ်မှတ်ကြပါတယ်။ တချို့ပင်စည်တစ်ခုတည်းကနေ ကိုင်းများစွာဖြာထွက်တာ တွေ့ရသလို တချို့ ပင်စည်တစ်ခုတည်းကနေ အပင်အတော်ကြီးမှ ပင်စည်နှစ်ခုခွပြီး ထွက်သွားတာတွေလည်း ရှိတတ်ပါတယ်။ ပင်စည်နှစ်ခုခွပြီးထွက်သွားတဲ့ အပင်မျိုးကိုတော့ Dichotomous branching လို့ သုံးပါတယ်။

အုန်းပင်မှာ ပင်စည်/ကိုင်းများစွာ ဖြာထွက်ခြင်းဟာ အပင်ကြီးထွားနေတဲ့ ကာလတစ်လျှောက်လုံး ဖြစ်ပေါ်နိုင်ပြီး ပင်စည်ရဲ့ ဘယ်အစိတ်အပိုင်းကမဆို ထဖြစ်တတ်ကြောင်း စာပေတွေမှာ တွေ့ရပါတယ်။ ဖြစ်ရအကြောင်းအရင်းတွေကတော့ အပင်ငယ်စဉ်မှာ အပင်ရဲ့ကြီးထွားနေဆဲအစိတ်အပိုင်း (growing point) ဒဏ်ရာရခဲ့လျှင် ပင်စည် (bole) ဆဲလ်ကွဲပွားမှုကြောင့် adventitious buds ဖြစ်လာပြီး ကိုင်းဖြာသွားတတ်ပါတယ်။ တခြားယူဆကြတာတွေကတော့ အပင်ထိပ်ဖျားပိုင်း (terminal bud) ကို အုန်းပိုး (rhinoceros beetle) ကျရောက်မှုကြောင့်ဖြစ်စေ၊ မိုးကြိုးပစ်လို့ဖြစ်စေ၊ ရောဂါကျလို့ဖြစ်စေ၊ မီးဒဏ်သင့်လို့ဖြစ်စေ၊ မုန်တိုင်းဒဏ်ကြောင့်ဖြစ်စေ ဒဏ်ရာရခဲ့မယ်ဆိုရင်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားတာတွေ တွေ့ရပါတယ်။ များသောအားဖြင့်တော့ ကိုင်းများစွာ ဖြာထွက်နေတဲ့အုန်းပင်ရဲ့ အသီးတွေဟာ အရွယ်အစားသေးပြီး ရောင်းတမ်းဝင် စံမမီတတ်ကြပါဘူး။ ကိုင်းများစွာဖြာထွက်နေတဲ့ အုန်းပင်က အသီးတွေကို ယူပြီး အပင်ပြန်ဖောက်စိုက်ရင် အလားတူ ကိုင်းများစွာ ဖြာထွက်လာမယ့် အပင်တွေ ရနိုင်မလားဆိုတာကို သုတေသနပညာရှင်တွေ မေးခွန်းထုတ်ခဲ့ကြသော်လည်းပဲ ဆောင်ရွက်ထားသောသုတေသနရလဒ်ကိုတော့ မတွေ့ရသေးပါ။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

ကျမ်းကိုး

၁။ Abnormal branching in coconut

၂။ Coconut (FAO)

၃။ Branched coconut palms and their fertility (Furtado)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်