ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော အဓိကအကြောင်းအရင်းများ

25/10/2023 11:00 AM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

ကျမတို့ပတ်ဝန်းကျင်မှာ ‘ရာသီဥတုပြောင်းလဲနေပြီ၊ ကမ္ဘာကြီးပူနွေးလာပြီ’ စသည်ဖြင့် ပြောဆိုမှုများကို မကြာခဏကြားသိနေရမှာ ဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲမှုကလည်း တစ်နှစ်ထက်တစ်နှစ်ပိုပြီး သိသိသာသာပြောင်းလဲလာသည်ကို မျက်မြင်ကိုယ်တွေ့ခံစားနေရပြီပဲ ဖြစ်ပါသည်။  ဥပမာ - ယခုလက်တလော ပဲခူးတိုင်းအတွင်း ရေကြီးရေလျှံဖြစ်ပေါ်မှု၊ အချို့ဒေသတွေမှာ မိုးရွာသွန်းမှုများပြားပြီး မြေပြိုမှုများ၊ ရခိုင်ဒေသကို အဓိကဝင်ရောက်တိုက်ခတ်သွားသော မိုခါမုန်တိုင်းသည် သိသာထင်ရှားလာသော ပြယုဒ်များဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိတခြားအဖွံ့ဖြိုးဆုံးနိုင်ငံများပါ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနေကြရသည်။ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အမေရိကန်နိုင်ငံရှိ ဟာဝိုင်အီတောမီးလောင်မှုသည် နှစ် (၁၀၀) အတွင်း အဆိုးရွားဆုံးဖြစ်ပွားသော တောမီးလောင်မှုကြီးဖြစ်ပြီး လူပေါင်း (၁၀၀) ကျော်သေဆုံးခဲ့ရသည်။ အလားတူ တူရကီနှင့် ဆီးရီးယားငလျင်၊ တရုတ်နိုင်ငံ၏ ရေကြီးရေလျှံမှု၊ မြန်မာပြည်အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံတို့၏ မိုးခေါင်ရေရှားဖြစ်မှုတို့ကိုလည်း အစိမ်းရောင်လမ်းက မိတ်ဆွေတို့ ကြားကြမှာပါ။

ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံအတွင်းသာမက ကမ္ဘာ့နိုင်ငံများအထိပါ ဆိုးရွားစွာထိခိုက်စေသည့် အတွက် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော အကြောင်းရင်းများကို သိရှိနားလည်ကာ အတူတကွဖြေရှင်းဆောင်ရွက်ကြရန် အထူးတလည် လိုအပ်ပါသည်။  ထို့ကြောင့်ရာသီဥတုပြောင်းလဲမှု ဆိုတာဘာလဲ၊ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ရေးသားဖော်ပြ လိုက်ပါသည်။ 

ရာသီဥတုပြောင်းလဲမှု (climate change) သည် ကမ္ဘာကြီးပူနွေးမှု (global warming) ကို ဖြစ်စေသော ဖန်လုံအိမ်ဓာတ်ငွေ့များ (greenhouse gases) တိုးမြင့်လာခြင်းကြောင့် ဖြစ်ပေါ်သည်။ ရာသီဥတုပြောင်းလဲမှုဆိုသည်မှာ ကာလရှည်ကြာ (ဆယ်စုနှစ်များအပေါ်အခြေခံ၍) အပူချိန်၊ မိုးလေဝသပုံစံများ ပြောင်းလဲမှုကို ဆိုလိုသည်။ 

ကမ္ဘာကြီးပူနွေးလာမှုဆိုသည်မှာ ကမ္ဘာ့လေထုထဲရှိ ဖန်လုံအိမ်ဓာတ်ငွေ့တိုးမြင့်မှုနှင့် တိုက်ရိုက်ဆက်နွှယ်ပြီး ဖန်လုံအိမ်အာနိသင်ဖြစ်ပေါ်လာမှုကို ဆိုလိုသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ဆိုသည်မှာ ကမ္ဘာကြီးကို ပူနွေးစေသော ဓာတ်ငွေ့များဖြစ်ပြီး အဓိကအားဖြင့် ရေငွေ့(water vapor)၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်အောက်ဆိုဒ်တို့ဖြစ်ပြီး ဖလူအိုရင်းပါဝင်သော ဓာတ်ပေါင်းများ ဟိုက်ဒရိုဖလူအိုရိုကာဗွန်၊ ဆာဖာဟက်ဇာဖလူအိုရိုက်၊ နိုက်ထရိုဂျင် ထရိုင်ဖလူအိုရိုက်နှင့် ပါဖလူအိုရိုကာဗွန်တို့လည်း ပါဝင်သည်။ 

ဖန်လုံအိမ်အာနိသင်ဆိုသည်မှာ လေထုထဲတွင် အနီအောက်ရောင်ခြည် (infrared) ကို စုပ်ယူသော ဓာတ်ငွေ့များ (constituents) ၏ အနီအောက် ရောင်ခြည် ဓာတ်သတ္ထုသက်ရောက်မှု (infrared radiative effect) ကို ဆိုလိုသည်။ တစ်နည်းအားဖြင့် ဖန်လုံအိမ်အကျိုးသက်ရောက်မှုဆိုသည်မှာ နေမှကျရောက်လာသော အပူစွမ်းအင်ရှိအလင်းတန်းများ (လှိုင်းအလျားတို) သည် ကမ္ဘာမြေမျက်နှာပြင်သို့ ကျရောက်၍ reflection သဘောဖြင့် ပြန်၍ မြေမျက်နှာပြင်မှ အလင်းတန်းများ (လှိုင်းအလျားရှည်-အနီအောက် ရောင်ခြည်) ထုတ်လွှတ်ရာတွင် ၎င်းအလင်းတန်းများကို လေထုအတွင်းရှိ ဓာတ်ငွေ့များက စုပ်ယူကာ မြေမျက်နှာပြင်သို့ တစ်ဖန်ပြန်လည် ထုတ်လွှတ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းအပူစွမ်းအင်များသည် အာကာသထဲသို့ ထွက်မသွားဘဲ ကမ္ဘာမြေမျက်နှာပြင်တွင်ပင် ဖန်လုံအိမ်ဓာတ်သဖွယ် ဆက်လက်တည် ရှိနေခြင်းကြောင့် ဖန်လုံအိမ်အာနိသင်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွင် သဘာဝကြောင့်ပြောင်းလဲမှုနှင့် လူတို့ဖန်တီးမှုကြောင့် ပြောင်းလဲမှုကို တွေ့ရှိရသည်။ သဘာဝဖြစ်စဉ်ကြောင့် ပြောင်းလဲမှုတွင် နေပတ်လမ်းကြောင့် နေရောင်ခြည်စွမ်းအင် တွေပြောင်းလဲခြင်း၊ မီးတောင်များပေါက်ကွဲခြင်းတို့ကြောင့်ဖြစ်‌ပေါ်သည်။ သို့သော် သဘာဝဖြစ်စဉ် ကြောင့် ရာသီဥတုပြောင်းလဲမှုသည် ယနေ့ဖြစ်ပေါ်နေသော ဆိုးရွားသောရာသီဥတုပြောင်းလဲမှုအပေါ် သိသာသော သက်ရောက်မှုကို မဖော်ပြနိုင်‌ပေ။ ထိုသို့ဆိုလျှင် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော အဓိကအကြောင်းအရင်းသည် လူတို့လုပ်ဆောင်မှုကြောင့် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ဆက်လက်ဖော်ပြပါမည်။

Reference

Eleven Media Group Co.,Ltd. August 14, 2023. ဟာဝိုင်ယီ တောမီးကြောင့် သေဆုံးသူ ၁၀၀ နီးပါးရှိလာချိန်တွင် အရေးတယူဆောင်ရွက်ခြင်းမရှိသည့် အမေရိကန်အစိုးရကို ဝေဖန်မှုများ မြင့်တက်လာ, https://news-eleven.com/article/252158

European Commission, Climate Action, Causes of Climate change. https://climate.ec.europa.eu/climate-change/causes-climate-change_en

EPA (United States Environmental Protection Agency), Climate Change Science, Causes of climate change. https://www.epa.gov/climatechange-science/causes-climate-change

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်