တရားမဝင် တူးဖော်ထားသည့် ငါး၊ ပုစွန်မွေးမြူရေးကန်များကို တစ်ဧကလျှင် ကျပ် ၃၀၀၀၀ ကောက်ခံမည်

25/02/2019 13:56 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက်။ 

တရားမဝင် တူးဖော်ထားသည့် ငါး၊ ပုစွန်မွေးမြူရေးကန် များအပေါ် တစ်ဧကလျှင် ကျပ် ၃၀၀၀၀ ကောက်ခံ၍ တရား ဝင်မွေးမြူ  လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။ 

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်က ကျင်းပပြုလုပ်သည့် ငါးမွေးမြူရေးလုပ် ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"မွေးမြူရေးလုပ်ငန်းတွေမှာ မြေယာကို အခြားနည်းသုံးစွဲခွင့်နဲ့ ပတ်သက်ပြီးတော့ တူးပြီးသားကန်တွေတော့ ထားပါ။ အခုချိန်ကစပြီးတော့ နောက်ဆုံးပိတ်အနေနဲ့ ထုတ်ပြန်တဲ့အချိန်မှာ လုပ်ခဲ့ပြီးသား မွေးမြူ ရေးကန်တွေကို တစ်ဧကကို ကျပ်သုံးသောင်းပဲ ဒဏ်ငွေရိုက်ဖို့ ပြန်လည်ညှိနှိုင်းပြီးပါပြီ။ ဒီဟာက ဟိုအရင်ထဲက ပြောခဲ့ပါတယ်။ ဒါပေမယ့် အခုသေသေချာချာ အသိပေးတာပါ။ အဓိကတော့ ဧရာဝတီနဲ့ မန္တလေးတိုင်းပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းက သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကို မပြောသေးဖို့ ဒီနေ့မှာပြောမယ်ဆိုပြီး မေတ္တာရပ်ခံထားတာဖြစ်ပါတယ်" ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသ ည်။ 

လက်ရှိတူးဖော်ပြီးသား ငါးမွေးမြူ ရေးကန်များကို သဘာဝပတ်ဝန်းကျင် (EIA)နှင့် လူမှုရေးအကျိုးသက်ရောက်မှု (SIA) ဆန်းစစ်လေ့လာချက်အရ လိုအပ်ပါက စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် လယ်ယာမြေဥပဒေ ပုဒ်မ ၁၉ တွင် ပြဌာန်းထားသော အချက်လေးချက်ကို ကျင့်သုံးရမည်ဖြစ်ကာ ယင်းတို့ မှာ ဒဏ်ကြေးငွေပေးဆောင်ခြင်း၊ သတ်မှတ်သော နည်းလမ်းအတိုင်း ပြန်လည်အသုံးပြုစေခြင်း၊ သတ်မှတ်သော နည်းလမ်းအတိုင်း အသုံးမပြုသူများကို နှင်ထုတ်ခြင်းနှင့် လယ်ယာမြေပေါ်တွင် အိမ်ဆောက်ခြင်း သို့မဟုတ် အခြားစီးပွားရေး အဆောက်အအုံတည်ဆောက်ခြင်းတို့ကို ဖျက်စီးခြင်းတို့ဖြစ်သည်။ 

"လုပ်ခဲ့ပြီးသား ငါးကန်တွေကို သုံးသောင်းပဲ ဒဏ်ရိုက်ဖို့ ညှိနှိုင်းခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ စာကိုသပ်သပ်ထုတ် ပေးပါမယ်။ နောင်လုပ်ချင်တယ်ဆိုရင် သေသေချာချာလျှောက်ပါ။ ငါးလုပ်ငန်းအဖွဲ့ကနေ စုစည်းပြီးတော့ ကျွန်တော်တို့ဆီ Copy ပေးလည်းရပါတယ်။ ကျွန်တော်တို့ တွန်းအားပေးပါမယ်။ ပိုက်ဆံတစ်ပြားမှ မပေးရပဲနဲ့ ခွင့်ပြုမိန့်ရပါမယ်။ ဒါပေမယ့် လုပ်ချင်တိုင်းတော့ လုပ်လို့မရဘူး။ သုံးသောင်းပဲ ချတယ်ဆိုတာက အရင်တူးပြီးသား ငါးကန်တွေကို ဆိုလိုတာပါ။ ငါးကန်လုပ်ရင် ဒဏ်ကြေးသုံးသောင်းပဲရှိမှာ မဟုတ်ပါဘူး။ နောက်ဆက်လုပ်မယ့် ဟာတွေက ဥပဒေနဲ့ အညီ လုပ်ဆောင်တာဖြစ်အောင် ဥပဒေအရ အရေးယူတာတွေ လုပ်ပါမယ်။" ဟု ဒေါက်တာ အောင်သူက ပြောသည်။ 

လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ၎င်းစတင်တာဝန်ယူချိန်နောက်ပိုင်း ၆ လအကြာတွင် လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ၊ တောင် သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေတို့ကို ပြင်ဆင်ရေးဆွဲ၍ လွှတ်တော်သို့ တင်ပြခဲ့သော်လည်း လယ်ယာမြေဥပဒေကို အတည် ပြုပြဌာန်းပေးရန် ကျန်ရှိနေသေးခြင်းဖြစ်ပြီး ကျန်ဥပဒေနှစ်ခုကို  ၂၀၁၈ ခုနှစ်အတွင်း၌ လွတ်တော်မှ အတည်ပြုပြ ဌာန်းထားကြောင်း သိရသည်။ 

ထို့အပြင် ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက မန္တလေးတိုင်းဒေသကြီးအစိုးရက တရားမဝင်တူးဖော်ထားသည့် ငါးကန်များအား တစ်ဧကလျှင် ကျပ် (၁၀) သိန်းနှုန်းဖြင့် ဒဏ်ရိုက်သွားမည်ဆိုသည့် ထုတ်ပြန်ချက်အပေါ် ငါးမွေးမြူ ရေးလုပ်ငန်းရှင်များအတွက် အဆင်မပြေနိုင်ကြောင်း လုပ်ငန်းရှင်များက ပြည်ထောင်စုဝန်ကြီးထံ တင်ပြခဲ့ကြကြောင်း သိရသည်။

"အဲ့ဒါကို ကျွန်တော်တို့ကတော့ ဝမ်းသာပါတယ်။ ဘာလို့လည်းဆိုရင် လုပ်ခဲ့ပြီးသားလုပ်ငန်းတွေက မလျှောက်တာ မဟုတ်ဘူး။ လျှောက်ကြတယ်။ ဒါပေမယ့် ဥပဒေအရ ခက်ခဲနေတာပါ။ ဒီအခက်အခဲကို လက်ရှိအမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတိုင်းဒေသြကြီး/ပြည်နယ်အစိုးရတွေနဲ့ ညှိနှိုင်းပြီးတော့ ဒီလိုဖြေရှင်းပေးတာ ကျေးဇူးတင်ပါတယ်။ အခုလိုအစိုးရက စဉ်းစားပြီးတော့ ဆောင်ရွက်ပေးတဲ့အတွက် မြန်မာနိုင်ငံရဲ့ ငါး/ပုစွန်မွေးမြူ ရေးလုပ်ငန်းက အကျိုးရှိပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးလိုက်တဲ့ စေ့ဆော်မှုလို့ ကျွန်တော်တို့ဘက်က ယုံကြည်ပါတယ်။" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။ 

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် တပ်မတော်အစိုးရလက်ထက်မှစ၍ လက်ရှိအမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်အထိ လယ်ယာမြေကို အခြားနည်းသုံးစွဲသည့်အပေါ် ဒဏ်ကြေးငွေကြီးမြှင့်မှုကို ဖြေလျော့ပေးရန် တောင်းဆိုလာခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ငါးမွေးမြူရေးကန် ဧကပေါင်း ၂သိန်းကျော်၊ ဂဏာန်းမွေးမြူရေးကန်ဧကပေါင်း ၂၀၀၀ ကျော်နှင့် ပုစွန်မွေးမြူရေးကန် ဧကပေါင်း ၂ သိန်းကျော်၊ စုစုပေါင်း ငါး/ပုစွန်မွေးမြူ ကန် ဧကပေါင်း (၄) သိန်း (၉) သောင်းကျော်အထိရှိနေပြီး ယင်းအထဲမှ ဧက (၁၃၀၀၀၀) ဝန်းကျင်သာ တရားဝင်လုပ်ကိုင်ခွင့်ရထားကာ ကျန်ဧက (၃၆၀၀၀၀) ကျော်က တရားမဝင် လုပ်ကိုင်နေသည့် ငါး၊ ပုစွန်ကန်များဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ စာရင်းများအရ သိရသည်။

အေးမြင့် ABM


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်