စွန့်ပစ်ကတ်ထူစက္ကူတွေကို မြေဆွေးပြုလုပ်ရာမှာ အသုံးပြုနည်း

11/07/2023 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ကတ်ထူစက္ကူပုံးတွေဆိုတာ အွန်လိုင်းကနေ ပစ္စည်းမှာယူတဲ့အခါ၊ အစုလိုက်အပြုံလိုက် ပစ္စည်းအများအပြား ဝယ်ယူတဲ့အခါနဲ့ ရွှေ့ပြောင်းရာတွေမှာ အသုံးပြုကြလေ့ရှိပြီး နေအိမ်အများစုမှာ တွေ့ရလေ့ရှိတဲ့ ပစ္စည်းဖြစ်ပါတယ်။ ကတ်ထူစက္ကူပုံးတွေ ထိခိုက်ပျက်စီးသွားပြီးတဲ့နောက် လွှင့်ပစ်လိုက်မဲ့အစား ၎င်းတို့ကို ပြန်လည်အသုံးပြုဖို့ စဥ်းစားနေတယ်ဆိုရင်တော့ မြေဆွေးပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုခြင်းဟာ ထိရောက်ပြီး အကျိုးရှိစေတဲ့ ရွေးချယ်မှုတစ်ခုဖြစ်မှာပါ။

သတင်းကောင်းတစ်ခုကတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မြေဆွေးပြုလုပ်နိုင်တဲ့ ကတ်ထူစက္ကူ အမျိုးအစားတွေ အများကြီးရှိနေတယ်ဆိုတာပါပဲ။

ကတ်ထူစက္ကူပြားတွေဟာ နေအိမ်တွေမှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး ၎င်းတို့ကို မြေဆွေးပြုလုပ်ရာမှာ အသုံးပြုခြင်းဟာ စွန့်ပစ် အမှိုက်တွေကို လျှော့ချရာရောက်သလို  ဥယျာဉ်စိုက်ခင်းမြေဆီလွှာကို အာဟာရဖြည့်တင်းဖို့အတွက် ကုန်ကျစရိတ်သက်သာအောင် ပံ့ပိုးပေးနိုင်တာလည်း ဖြစ်ပါတယ်။ 

ဒါ့ကြောင့် ယခုဆောင်းပါးမှာ ကတ်ထူစက္ကူတွေကို မြေဆွေးပြုလုပ်ရာမှာ ဘာကြောင့် ထည့်သွင်းအသုံးပြုနိုင်တာလဲဆိုတာရယ်နဲ့ ဘယ်လိုပြုလုပ်ရတာလဲဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ကတ်ထူစက္ကူတွေကို မြေဆွေးပြုလုပ်ရာမှာ ဘာကြောင့် ထည့်သွင်းအသုံးပြုနိုင်တာလဲ

ကတ်ထူစက္ကူပြားတွေဟာ အသုံးဝင်တဲ့ ကာဗွန်အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။  ၎င်းတို့ကို မြေဆွေးပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုပါက လျင်မြန်စွာ ပြိုကွဲသွားမှာဖြစ်ပြီး မြေဆွေးပုံရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ကတ်ထူစက္ကူအသုံးပြုခြင်းဟာ မြေဆွေးပုံအတွင်းမှာ ကောင်းမွန်တဲ့မြေသားအလွှာ ရရှိစေဖို့အတွက် သင့်တော်တဲ့ အော်ဂဲနစ်နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ကတ်ထူစက္ကူ အမှိုက်တွေဟာဆိုရင် အမှိုက်ပုံတွေမှာ ရာခိုင်နှုန်းများစွာ ပါဝင်နေလေ့ရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ (EPA) ရဲ့ အဆိုအရ အမှိုက်ပုံတွေမှာ အမှိုက်တွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ ကတ်ထူစက္ကူအမှိုက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းတို့ထဲမှာ တစ်ရှူးစက္ကူလိပ်နဲ့ အိမ်သာသုံး စက္ကူလိပ်များ၊ အသီးနှံထည့်တဲ့ စက္ကူပုံးများ၊ ကြက်ဥထည့်တဲ့ စက္ကူကတ်များ၊ ဖိနပ်ပုံးများနဲ့ ပုံမှန်ကတ်ထူစက္ကူပုံးများကဲ့သို့သော ပစ္စည်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

မြေဆွေးပုံပြုလုပ်ရာမှာ ခြောက်သွေ့တဲ့ အပင်ထွက်ပစ္စည်းတွေကို မရနိုင်ခဲ့ရင် ကတ်ထူစက္ကူတွေကို အသုံးပြုခြင်းဟာ ကာဗွန်ကြွယ်ဝတဲ့ ပစ္စည်းတွေအတွက် အကောင်းဆုံး အစားထိုးမှုတစ်ခုဖြစ်ပါတယ်။ ထို့အပြင် ကတ်ထူစက္ကူတွေဟာ လေဝင်လေထွက် ကောင်းစေတာကြောင့် မြေဆွေးပုံရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုလည်း တိုးတက်စေပါတယ်။ 

မြေဆွေးဖြစ်ပေါ်တဲ့ လုပ်ငန်းစဉ်မှာ အောက်ဆီဂျင်ဟာ အရေးကြီးတဲ့ပါဝင်ပစ္စည်းဖြစ်တာကြောင့် လေဝင်လေထွက်ရှိခြင်းဟာ အရေးပါလှပါတယ်။ 

သစ်သားအပိုင်းအစတွေလိုပဲ ကတ်ထူပြားတွေဟာလည်း မြေဆွေးပုံမှာရှိတဲ့ ကာဗွန် နိုက်ထရိုဂျင် အချိုးကိုတိုးမြှင့်ခြင်းဖြင့် ဆွေးမြည့်ပြိုကွဲခြင်းဖြစ်စဉ်ကို အရှိန်မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။ 

ကတ်ထူစက္ကူဆိုရာမှာ ဆေးဆိုး၊ ဆေးခြယ်ထားတဲ့ စက္ကူတွေ၊ ဆီပေနေတဲ့ အစားအသောက်ထည့်တဲ့ စက္ကူတွေနဲ့ တိရစ္ဆာန်အစာထည့်တဲ့ ကတ်ထူစက္ကူတွေကိုတော့ မြေဆွေးပုံမှာ ထည့်သွင်းအသုံးမပြုသင့်ပါဘူး။

ကတ်ထူစက္ကူပြားဖြင့် မြေဆွေးပြုလုပ်နည်း

အဆင့် ၁

ပထမဦးစွာ မြေဆွေးပုံထဲကို ကတ်ထူစက္ကူပြားကို မထည့်ခင် ပလတ်စတစ်တိပ်၊ စတစ်ကာ၊ အညွှန်းကတ်ပြားနဲ့ အခြားသော သဘာဝတိုင်းမဟုတ်တဲ့ ပစ္စည်းတွေကို ဖယ်ရှားပစ်ဖို့ လိုပါတယ်။ ပြီးတဲ့နောက် ကတ်ထူစက္ကူပြားကို ရေစွတ်ရပါမယ်။ ကတ်ထူပြားကို ကြိုတင်ရေစွတ်ထားခြင်းဖြင့် တံဆိပ်၊ ပလပ်စတစ်တိပ် (သို့မဟုတ်) စတစ်ကာများကို ဖယ်ရှားရာမှာ ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။

ထို့နောက် ကတ်ထူပြားတွေကို အပိုင်းသေးသေးလေးတွေဖြစ်အောင် ပိုင်းဖြတ်ပြီး ၎င်းတို့ကို မြေဆွေးပုံထဲသို့ထည့်ကာ ၄ လက်မအထူရှိတဲ့ အလွှာတစ်ခုဖြစ်အောင် ဖြန့်ပေးရပါမယ်။ ကတ်ထူပြားတွေ တစ်နေရာတည်းမှာ စုပုံနေတာမျိုး မဖြစ်စေဖို့လည်း အရေးကြီးပါတယ်။ စုပုံနေတဲ့အခါ မြေဆွေးပုံ အထက်အောက်လှန်ရာမှာ ခက်ခဲနိုင်ပြီး ပြိုကွဲရန် အချိန်ပိုကြာနိုင်တာကြောင့် ဖြစ်ပါတယ်။ 

အဆင့် ၂

မြေဆွေးပြုလုပ်ဖို့ ပစ္စည်းတွေစုံလင်ပြီဆိုရင် ကတ်ထူစက္ကူအပါအဝင် သစ်ရွက်ခြောက်၊ ကောက်ရိုး၊ ပြာ၊ သစ်သားအပိုင်းအစတွေနဲ့ မြက်ခြောက် စတဲ့ ကာဗွန်အခြေခံ ခြောက်သွေ့တဲ့ ပစ္စည်းတွေကို ပေါင်းထည့်ပေးဖို့ လိုပါတယ်။ ဖော်ပြပါ ပစ္စည်းတွေဟာ မြေဆွေးပုံကို ပိုမိုအစွမ်းထက်စေတဲ့ ပစ္စည်းများ (သို့မဟုတ်) အညိုရောင်ပစ္စည်းများလို့ ခေါ်ဆိုကြပါတယ်။ ထို့နောက် မြေဆွေးပုံကို ရေဖြန်းပေးပြီး စိုစွတ်အောင်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို ရေဖြန်းပေးခြင်းဟာ အဏုဇီဝသက်ရှိတွေနဲ့ မှိုတွေအတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးခြင်းဖြစ်ပြီး ဆွေးမြည့်ပျက်စီးခြင်းလုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေဖို့ ဖြစ်ပါတယ်။ မြေဆွေးပုံ စတင်ပြုလုပ်တဲ့အချိန်မှာ ရေနဲ့အတူ အသင့်သုံးအီးအမ်ဖျော်ရည်ကို ပေါင်းစပ်ပြီးတော့လည်း လောင်းပေးနိုင်ပါတယ်။ အီးအမ်အသုံးပြုခြင်းဖြင့် ဆွေးမြည့်ပြိုကွဲမှုကို မြန်ဆန်စေပြီး အာဟာရဓာတ်ပါဝင်မှုကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

အဆင့် ၃ 

အထက်မှာဖော်ပြခဲ့တဲ့ အညိုရောင်အော်ဂဲနစ်ပစ္စည်းတွေရဲ့အပေါ်မှာ အစိမ်းရောင်ပစ္စည်းတွေကို ၄ လက်မခန့်အထူ ဖြန့်ခင်းပေးရပါမယ်။ အစိမ်းရောင် (သို့မဟုတ်) နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝတဲ့ပစ္စည်းတွေကတော့ ဟင်းသီးဟင်းရွက်အပိုင်းအစတွေ၊ လတ်လတ်ဆတ်ဆတ် ရိတ်ထားတဲ့ မြက်ပင်တွေ၊ ကော်ဖီမှုန့်၊ စွန့်ပစ်အစားအစာတွေနဲ့ တိရစ္ဆာန်စွန့်ပစ် ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ အဆိုပါ ပစ္စည်းတွေကတော့ အစိမ်းရောင်ပစ္စည်းတွေ ဖြစ်ကြပြီး မြေဆွေးပုံကို ပိုမိုအသက်ဝင်စေကာ အပူဓာတ်ကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်။

အကယ်လို့ မိမိမှာ မြေဆွေးပုံထဲထည့်သွင်းရမဲ့ ပစ္စည်းတွေရှိနေသေးတယ်ဆိုရင် အထက်မှာဖော်ပြခဲ့တဲ့ တူညီသောအစီအစဥ်အတိုင်း ထပ်ပေါင်းထည့်နိုင်ပါတယ်။ မြေဆွေးပုံပြုလုပ်တဲ့အခါ သင့်တော်တဲ့ အချိုးအစားကတော့ နိုက်ထရိုဂျင်အခြေခံ အစိမ်းရောင်ပစ္စည်း ၁ ဆကို ကာဗွန်အခြေခံ အညိုရောင်ပစ္စည်း ၄ ဆနဲ့ ရောစပ်သင့်တာ ဖြစ်ပါတယ်။ မိမိ လိုချင်တဲ့ မြေဆွေးပုံ အမြင့်ကိုရောက်ပြီဆိုပါက အပေါ်ဆုံးကနေ မြေသား ၂ လက်မအထူ ဖြန့်ခင်းပေးရမှာ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မြေဆွေးပုံဟာ တဖြေးဖြေးဆွေးမြည့်လာမှာဖြစ်ပါတယ်။ 

အဆင့် ၄ 

ထည့်သွင်းအသုံးပြုထားတဲ့ ကတ်ထူပြားအမျိုးအစားပေါ်မူတည်ပြီး ဆွေးမြည့်ချိန် ကွာခြားနိုင်ပါတယ်။ မြေဆွေးပုံ ပုံပြီးပြီ ဆိုပါက ဆွေးမြည့်မှုမြန်ဆန်စေဖို့အတွက် မြေဆွေးပုံအား ခက်ရင်းခွဖြင့် ၅ ရက် ၁ ကြိမ် အထက်အောက် လှန်ပေးရမှာ ဖြစ်ပါတယ်။ မြေဆွေးပုံကို ပုံမှန်မလှန်ပေးပါက ၎င်းဟာ အနံ့အသက်ဆိုးလာမှာဖြစ်ပြီး ကောင်းမွန်တဲ့မြေဆွေး ရရှိနိုင်မှာ မဟုတ်ပါဘူး။ အထက်အောက်မလှန်ပါက မြေဆွေးပုံအတွင်းရှိ အဏုဇီဝသက်ရှိများထံ အောက်ဆီဂျင်နဲ့ ရေ ရရှိမှုနည်းသွားပြီး မြေဆွေးဖြစ်ပေါ်မှုကို နှေးကွေးသွားစေမှာ ဖြစ်ပါတယ်။ 

မိမိရဲ့ မြေဆွေးပုံဟာ မြေသားအနံ့ ကောင်းကောင်းထွက်လာပြီး မြေသားဟာလည်း အညိုရင့်ရောင်ဖြစ်လာပြီဆိုရင်တော့ စသုံးလို့ရပြီလို့ ယေဘူယျအားဖြင့် ယူဆနိုင်ပါတယ်။

မြေဆွေးလုပ်ပြီးရင်တော့ ၁ နှစ်အတွင်း အသုံးပြုခြင်းဟာ အာနိသင်ပိုပြီး ထိရောက်မှုရှိမှာ ဖြစ်ပါတယ်။

ဇင်ထူးနိုင်

Ref: https://artsyprettyplants.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်