ဂေဟစနစ်၏ မောင်းနှင်အား (ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှု လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်း - ၂)

03/04/2024 13:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား ပြီး Inclusive Systems Myanmar Inclusive Systems Myanmar မှ ပေးပို့ထားပါသည်။

Analog Forestry အတွက် ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုတွေ လုပ်ဆောင်ရာမှာ အဓိက စံပေတံ (indicator) ၄ ခုကို စစ်ဆေး ရမှာဖြစ်ပြီး အဲဒီထဲက မြေအနေအထား (Soil) ကို ဘယ်လိုအသေးစိတ် အချက်အလက် ၃ ချက်နဲ့ ဘယ်လိုစစ်ဆေးသုံးသပ်ရမယ်ဆိုတာကို ယခင်ဆောင်းပါးမှာ တင်ပြခဲ့ပါပြီ။ မဖတ်ရသေးပါက အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်နိုင်ပါတယ်။https://greenwaymyanmar.com/posts/ecology_foundation

ကျန်ရှိနေတဲ့ စံပေတံတွေကို ဆက်လက်လေ့လာကြရအောင်ပါ။ 

ဇီဝမျိုးကွဲစုံလင်မှု (Biodiversity) ဆိုသည်မှာ

ဂေဟစနစ်တစ်ခုရဲ့ လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့၊ ရေရှည်တည်တံ့နိုင်ဖို့ဆိုတဲ့ အဲဒီဂေဟစနစ်ထဲမှာ ဇီဝမျိုးကွဲစုံလင်မှု (Biodiversity)က အရေးပါပါတယ်။ Biodiversity ကို "ဇီဝမျိုးစုံမျိုးကွဲ" လို့လည်း တချို့က ဘာသာပြန်လေ့ ရှိပါတယ်။ 

ဇီဝမျိုးကွဲတွေ ဆိုတာကတော့ ကမ္ဘာမြေပေါ်မှာရှိတဲ့ သက်ရှိတွေ အားလုံးကို ဆိုလိုတာပါ။ ဇီဝမျိုးကွဲတွေထဲမှာ မတူကွဲပြားတဲ့ သက်ရှိမျိုးစိတ် (species) တွေ အားလုံးပါဝင်ပါတယ်။ မျိုးဗီဇ (genetic) ကွဲပြားခြားနားတဲ့ သက်ရှိအားလုံးအကျုံးဝင်ပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်က မတူညီတဲ့ ဂေဟစနစ် (ecosystem) တွေကိုလည်း ဇီဝမျိုးစုံမျိုးကွဲတွေထဲမှာ ထည့်သွင်း တွက်ချက်ရပါတယ်။ ပညာရှင်တွေက ကမ္ဘာပေါ်မှာ ဇီဝမျိုးစိတ်ပေါင်း ၁၀ သန်း ကနေ ၁၄ သန်းလောက်အထိ ရှိနေလိမ့်မယ်လို့ ခန့်မှန်းထားကြပြီး အဲဒီထဲက ၁၄ ရာခိုင်နှုန်းဖြစ်တဲ့မျိုးစိတ်ပေါင်း ၁.၂ သန်းခန့်ကိုသာ ရှာဖွေဖော်ထုတ်နိုင်ပါသေးတယ်။ 

ယေဘုယျအားဖြင့် မြန်မာအပါအဝင် ကမ္ဘာ့အပူပိုင်းဒေသနိုင်ငံ‌တွေဟာ အပူချိန်နိမ့်တဲ့ သမပိုင်းနိုင်ငံတွေမှာထက်  ဇီဝမျိုးစုံမျိုးကွဲတွေ ပိုမိုစုံလင်ကြွယ်ဝတာကို တွေ့ရပါတယ်။ အပူပိုင်းဒေသတွေက ဂေဟစနစ်တွေဟာ ကမ္ဘာ့မြေမျက်နှာပြင် ဧရိယာစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်မှာသာ နေရာယူထားပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိမျိုးစိတ်စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ အဲဒီအပူပိုင်းဒေသ ဂေဟစနစ်တွေမှာ ရှင်သန်နေထိုင်နေကြတာ ဖြစ်ပါတယ်။ 

သတ္တဝါမျိုးစိတ်များ (Fauna)

ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုတွေ ဆောင်ရွက်နိုင်ဖို့ ဇီဝမျိုးကွဲစုံလင်မှုကို တိုင်းတာစစ်ဆေးရာမှာ ပထမဆုံး တိုင်းတာတာရမယ့် အသေးစိတ်အချက်အလက်ကတော့ "သတ္တဝါမျိုးစိတ် (Fauna)" တွေ စုံလင်မှုပဲ ဖြစ်ပါတယ်။ 

သတ္တဝါမျိုးစိတ်တွေကို အုပ်စု ၄ စု ခွဲပြီး လေ့လာရမှာပါ။ ငှက်မျိုးစိတ် (birds) အုပ်စု၊ နို့တိုက်သတ္တဝါ (mammals) အုပ်စု၊ ကုန်းနေရေနေသတ္တဝါနှင့် တွားသွားသတ္တဝါ (amphibians and/or reptiles) အုပ်စုနဲ့ အင်းဆက် (insects) အုပ်စုတို့ပဲ ဖြစ်ပါတယ်။ အုပ်စု တစ်စုချင်းစီလေ့လာတဲ့အခါ အုပ်စုဝင် သတ္တဝါတွေ တွေ့ရှိရမှု အလွန်နည်းပါးတယ်။ မတွေ့ရသလောက် နည်းပါးတယ်။

  • Very little visible presence ဆိုရင် ရမှတ် “၁” ကနေ “၂” အထိ သတ်မှတ် ပေးရပါမယ်။
  • သတ္တဝါမျိုးစိတ်အချို့ ရှိနေတာကို သိသိသာသာ တွေ့ရတယ် (Some visible presence) ဆိုရင်တော့ ရမှတ် “၃” ကနေ “၄” အထိ သတ်မှတ် ပေးနိုင်ပါတယ်။
  • အုပ်စုဝင် သတ္တဝါမျိုးစိတ်တွေ ပေါပေါများများ တွေ့ရတယ် (Visibly abundant presence) ဆိုရင်တော့ ရမှတ် "၅" ကနေ "၆" အထိ သတ်မှတ်ပေးနိုင်ပါတယ်။

အုပ်စုတစ်ခုချင်းစီက ရမှတ်တွေကိုပေါင်းပြီး အုပ်စုအရေအတွက်ဖြစ်တဲ့ ၄ နဲ့ စားလိုက်တဲ့အခါ "သတ္တဝါမျိုးစိတ် (Fauna)" အတွက် ပျမ်းမျှရမှတ်ကို ရရှိမှာ ဖြစ်ပါတယ်။ 

သတ္တဝါမျိုးစိတ်တွေကို လေ့လာရာမှာ နို့တိုက်သတ္တဝါတွေဖြစ်တဲ့ ကုန်းနေရေနေ/တွားသွားသတ္တဝါတွေကို မျက်စိနဲ့ ‌အလွယ်တကူ ရှာတွေ့နိုင်ပေမယ့် ငှက်တွေ၊ အင်းဆက်တွေကိုတော့ လေ့လာဖို့ ခက်ခဲနိုင်ပါတယ်။

ငှက်တွေကိုလေ့လာရာမှာ လေ့လာမယ့် ဂေဟစနစ်ထဲကို မနက်ခင်း ခပ်စောစော၊ နေမထွက်မီမှာ သွားရောက်လေ့လာဖို့ လိုအပ်ပါတယ်။  ငှက်တွေအိပ်တန်းချိန်အမီ သွားရောက်ရမှာပါ။ ဒါမှ ငှက်အမျိုးအစားအချို့ကို တွေ့နိုင်ပါလိမ့်မယ်။ တကယ်လို့ မတွေ့ရရင်တောင် ကြားရတဲ့ ငှက်သံကိုလေ့လာပြီး ဘာငှက်အမျိုးအစားတွေရှိသလဲ၊ ဘယ်လောက်ပေါများသလဲဆိုတာကို သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ 

အင်းဆက်တွေကို လေ့လာဖို့ကတော့ ဂေဟစနစ်ထဲကို နေမဝင်ခင် သွားရောက်ရပါမယ်။ ပြီးနောက်မှာ အဖြူရောင်ပိတ်စ တစ်ခုကို ထားရှိပြီး အလင်းရောင်ထိုးထားပေးရပါမယ်။ အင်းဆက်တွေကို ဆွဲဆောင်ဖို့ပါ။ နာရီအနည်းငယ်ကြာလို့ မိုးချုပ်သွားချိန်မှာ အလင်းရောင်အောက်မှာ ဘယ်လိုအင်းဆက်တွေ ဘယ်လောက်များများရောက်ရှိနေသလဲဆိုတာကို သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ ဒေသခံတွေရဲ့ အကူအညီက သိပ်ကို တန်ဖိုးကြီးပါတယ်။ အရေးကြီးတဲ့အချက်အလက်အတော်များများကို အဲဒီဒေသမှာ နှစ်ရှည်လများ နေထိုင်ခဲ့တဲ့ ဒေသခံတွေထံက ရရှိနိုင်ပါတယ်။ 

အပင်မျိုးစိတ်များ (Flora) 

  • အပင်မျိုးစိတ် ၁ မျိုးကနေ ၃ မျိုးအထိပဲ ရှိတယ်ဆိုရင် ဒါဟာ အပင်မျိုးစိတ် အင်မတန်နည်းပါးတယ် (Very little) လို့ သတ်မှတ်ပြီး ရမှတ်ကို "၁" ကနေ "၂" အထိ သတ်မှတ်ပေးနိုင်ပါတယ်။
  • အပင်ကြီးမျိုး (tree) မျိုးစိတ် အနည်းဆုံး ၅ မျိုးရှိပြီး အဲဒီအပင်ကြီးတွေအောက်မှာ အပင်ငယ်တွေ ပေါက်ရောက်ရှင်သန်နေတယ်ဆိုရင်တော့ ရမှတ် "၃" ကနေ "၄" အထိ သတ်မှတ်နိုင်ပါတယ်။
  • အပင်ကြီးမျိုးတွေရော၊ အခြားအပင်တွေပါ မျိုးစုံအောင် တွေ့ရမယ်။ အပင်ကြီးမျိုးစိတ်ကလည်း ၁၀ ခုကျော်မယ်။ အပင်ကြီးတွေပေါမှာ တွယ်ပြီးပေါက်တဲ့ သစ်ကပ်ပင် (epiphytes) တချို့လည်း တွေ့ရမယ်ဆိုရင်တော့ ရမှတ်ကို "၅" ကနေ "၆" အထိ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ 

Physiognomic ဖော်မြူလာ (သစ်တောနှင့်စိုက်ခင်း သစ်ပင်ပေါက်ရောက်မှုပုံစံများကို နှိုင်းယှဉ်ဖော်ထုတ်သော ပုံသေနည်း) တွက်ချက်ထားမယ်ဆိုရင် အဲဒီက အချက်အလက်တွေဟာ ဂေဟဗေဒဆိုင်ရာ အကဲဖြတ်မှုများလာပြီး အသုံးတည့်မှာ သေချာပါတယ်။ 

တွက်ချက်ပုံ

ဇီဝမျိုးကွဲစုံလင်မှုကို ပျမ်းမျှရမှတ် တွက်ချက်ဖို့အတွက် "သတ္တဝါမျိုးစိတ် (Fauna) အတွက် ပျမ်းမျှရမှတ်" နဲ့ "အပင်မျိုးစိတ် (Flora) အတွက် ရမှတ်နှစ်ခုကို ပေါင်းပြီး ၂ နဲ့ စားရမှာ ဖြစ်ပါတယ်။ ရလာတဲ့ အဖြေဟာ သက်ဆိုင်ရာ ဂေဟစနစ်ရဲ့ ဇီဝမျိုးကွဲစုံလင်မှု ရမှတ်ပဲ ဖြစ်ပါတယ်။ 

ဇီဝမျိုးကွဲစုံလင်မှု၏ အကျိုးရလဒ်များ 

ဇီဝမျိုးကွဲစုံလင်မှုဟာ ဂေဟစနစ်ရဲ့ ဝန်ဆောင်မှုတွေရဲ့ အခြေခံပါပဲ။ ဇီဝမျိုးကွဲစုံလင်မှုရဲ့ ဂေဟစနစ်အပေါ် အထောက်အကူပြုတဲ့ လုပ်ငန်းတာဝန်အချို့ကို နည်းနည်း စဉ်းစားကြည့်ရအောင်ပါ။

ဂေဟစနစ်တစ်ခုအတွင်းမှာ အပင်တွေ၊ သတ္တဝါတွေ အမျိုးအစားစုံလင်နေပါမှ အဲဒီဂေဟစနစ်ကြီးထဲမှာ ပါဝင်နေတဲ့ "သက်ရှိအားလုံးအတွက်အစာကို ထောက်ပံ့နိုင်" ပါတယ်။ အပင်တွေရှိမှ အရွက်စားသတ္တဝါတွေ ရှင်သန်ပါမယ်။ အရွက်စားသတ္တဝါတွေ ရှိမှသာ အသားစားသတ္တဝါတွေအတွက် အစာရပါမယ်။ အသားစားသတ္တဝါတွေက အရွက်စားသတ္တဝါ‌တွေကို အတိုင်းအတာတစ်ခုအထိ စားသုံးနေမှသာ အရွက်စားသတ္တဝါကောင်ရေကို ထိန်းချုပ်နိုင်ပါမယ်။ ဒါမှသာ အပင်တွေ အဆမတန်ဖျက်စီးစားသောက်ခံရပြီး ဂေဟစနစ် ပျက်စီးမယ့်အရေးကို ထိန်းချုပ်နိုင်မှာပါ။

ဆက်စပ်ပြီး နားလည်ကြည့်နိုင်မယ့် ဇီဝမျိုးကွဲ စုံလင်မှုရဲ့ နောက်ထပ်အရေးကြီးတဲ့ ကောင်းကျိုးတစ်ခုကတော့ nutrient recycling လို့ခေါ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ “ဂေဟစနစ်ထဲက အာဟာရတွေဟာ ဆုံးရှုံးလေလွင့်မသွားဘဲ ဂေဟစနစ်ကြီးအတွက် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်” စေတဲ့ အကျိုးကျေးဇူးပါ။ ဥပမာ သတ္တဝါတွေက အာဟာရအတွက် အပင်တွေကို စားသုံးပြီး ရှင်သန်ကြီးထွားကြရသလို သတ္တဝါတွေကထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေဟာလည်း အပင်တွေအတွက် အာဟာရအဖြစ် မြေဆီလွှာထဲကို ပြန်လည်ရောက်ရှိသွားကြပါတယ်။ 

အပင်ကြီး၊ ငယ်၊ လတ် အရွယ်စုံ၊ အမျိုးစုံရှိနေမှသာ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေနဲ့ မြေအောက်ရေစတဲ့ ရေအရင်းအမြစ်တွေ ကြွယ်ဝနိုင်ပြီး ရေအရင်းအမြစ်တွေ ညစ်နွမ်းမှု (pollution) မရှိအောင် ကာကွယ်ပေးနိုင်ပါမယ်။ တချိန်တည်းမှာ "ရေကြီးမှု၊ မိုးခေါင်မှုစတဲ့ ရာသီဥတုအခြေအနေဆိုးတွေကို ကာကွယ်ပေးနိုင်" ပါတယ်။ 

တင်ပြခဲ့တဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ပေးမယ့် ဇီဝမျိုးကွဲတွေ စုံလင်ပြီး ဂေဟစနစ်ကြီး မှန်မှန်ကန်ကန်နဲ့ သဟဇာတဖြစ်ဖြစ် လည်ပတ်နေမှနေမှ "ရာသီဥတုကိုထိန်းညှိနိုင်" မှာဖြစ်ပါတယ်။ အစွန်းရောက်ရာသီဥတု အခြေအနေတွေကို ရှောင်ရှားကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဇီဝမျိုးကွဲစုံလင်မှုရဲ့ အကျိုးရလဒ်တွေကို ခြုံငုံလေ့လာကြည့်ရင် ဂေဟစနစ်ရဲ့ ရေရှည်တည်တံ့နိုင်မှုအတွက် အရေးပါသလို လူသားတွေရဲ့ ဘဝသာယာစိုပြေဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူပြုတဲ့အချက်တွေ ဖြစ်တယ်ဆိုတာကို တွေ့ရမှာပါ။ ဒါကြောင့် Analog Forestry အတွက် ဂေဟဗေဒ‌ဆိုင်ရာ အကဲဖြတ်သုံးသပ်မှုတွေ ဆောင်ရွက်ရာမှာ ဇီဝမျိုးကွဲစုံလင်မှုကို စံပေတံတစ်ရပ်အဖြစ်အသုံးပြုခြင်း ဖြစ်ပါတယ်။ 

မြေအနေအထား (Soil) ဟာ ဂေဟစနစ်တစ်ခုရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ လူတွေက တုပပြီး တည်ဆောက်ယူတဲ့ ဂေဟစနစ်တစ်ခုဖြစ်တဲ့ Analog Forestry ရဲ့ အခြေခံအုတ်မြစ်ဆိုလည်း မမှားပါဘူး။ ဇီဝမျိုးကွဲစုံလင်မှု (Biosecurity) ဆိုတာကတော့ ဂေဟစနစ်ကြီးကို ဟန်ချက်ညီထိန်းကျောင်းမောင်းနှင်လည်ပတ်စေမယ့် မောင်းနှင်အား၊ ဒါမှမဟုတ် ယန္တရားကြီးတစ်ခု ဖြစ်ပါတယ်။ အဲဒီယန္တရားကြီး ပုံမှန် လည်ပတ်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြရမှာက လူတိုင်းရဲ့တာဝန်ပဲ ဖြစ်ပါတယ်။

ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်