ရိတ်သိမ်းချိန်လွန်ဆုံးရှုံးမှုကိုလျှော့ချရန်စီးပွားရေးအရ တိုက်တွန်းမှုများ

23/12/2020 15:00 PM တွင် ဒေါ်သက်သက်နွယ် ဒေါ်သက်သက်နွယ် မှ ရေးသား

    လယ်သမားအများစုသည် သူတို့၏ ရိတ်သိမ်းစဉ်ဆုံးရှုံးမှုများကို သတိမထားမိကြပါ။ ထိုပမာဏသည် တစ်နှစ်နှင့်တစ်နှစ် မတူညီသော်လည်း လေ့လာချက်များအရ အထွက်နှုန်း၏ ၁၅% ( သို့) ၁၅% ထက်ပိုသည်ဟု တွေ့ရသည်။ လယ်ကွင်းထဲတွင် ကျကျန်နေခဲ့သော ပြောင်းစေ့များ၏တန်ဖိုးကို တွက်ချက်ခြင်းသည် ရိတ်သိမ်းစဉ်ဆုံးရှုံးမှုကိုတိုင်းတာရန် အကောင်းဆုံးသော လှုံ့ဆော်မှုတစ်ခုဖြစ်သည်။ ဈေးကွက်တွင် ပြောင်းတန်ဖိုးကျဆင်းနေလျှင် ထုတ်လုပ်သူများအနေဖြင့် ဆုံးရှုံးမှုကို အထွက်နှုန်း၏ ၁၅% အောက် ထိန်းထားနိုင်ရန်လိုအပ်သည်။ ကွင်းထဲတွင် ကျန်ရှိနေသော ပြောင်းပင်များသည် နောက်သီးနှံများအတွက် ပေါင်းပင်များဖြစ်သော်လည်း ဈေးကောင်းရနိုင်သောကြောင့် ထိန်းသိမ်းထားရန် လိုအပ်သည်။

ပြောင်းဖူးအရည်အသွေးကောင်းစေရန် သိုလှောင်ခြင်း

    ကောင်းစွာခြောက်သွေ့ပြီး ပြောင်းဖူးစေ့များကိုသိမ်းကာ အိတ်ထဲထည့်၍ လေဝင်လေထွက် ကောင်းသည့်နေရာတွင် ထပ်ထားကြပါသည်။ ပြောင်းဖူးစေ့များကို အေး၍ ခြောက်သွေ့သောနေရာတွင် သိုလှောင်ပါ။ ကြာကြာသိုလှောင်လိုပါက ပြောင်းစေ့များကို စီလီကာဂျယ်နှင့် (သို့မဟုတ်) နို့မှုန့်များထည့်ပြီး လေလုံအောင်စည်းပိတ်၍ ထားပါ။

     မှိုနှင့် အင်းဆက်များပေါက်ဖွားမှုမှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ဘက်စုံပိုးမွှား ကာကွယ်နှိမ်နှင်းရေးနည်းလမ်းကို အသုံးပြုခြင်းဖြစ်သည်။ ကြိုတင်ကာကွယ်ရေးနည်းလမ်း များသည် ပိုးမွှားထိန်းချုပ်မှုတွင် ထိရောက်မှုရှိသည်။ ဥပမာ-မရိတ်သိမ်းမှီ ပြောင်းစေ့သေတ္တာ/ ပုံးများကို သန့်ရှင်းခြင်း၊ အခြောက်ခံနေစဉ်အတွင်း ပြောင်းစေ့၏ အစေ့တွင်းအစိုဓါတ်ကို ထိန်းသိမ်းခြင်း၊ မသိုလှောင်မီ ပြောင်းများကို သန့်စင်ခြင်း၊ သိုလှောင်စဉ် အပူချိန်ထိန်းသိမ်းခြင်း၊ လေဝင်လေထွက်မျှတစေရန် သေတ္တာအတွင်းထည့်ရန် ပြောင်းစေ့ပမာဏကို ချိန်ညှိခြင်း၊ အပူချိန်၊ အစိုဓာတ်၊ မှိုနှင့် အင်းဆက်ပေါက်ဖွားမှုကို ဂရုစိုက်ခြင်းတို့ ဖြစ်သည်။ 

    ထိုနည်းလမ်းများကို အသုံးပြုခြင်းအားဖြင့် သိုလှောင်စဉ်ကာလအတွင်း ပိုးမွှားများကိုထိန်းချုပ်ရန် အသုံးပြုသော ဓာတုဆေးများ လျှော့ချနိုင်သည်။ သိုလှောင်နေစဉ်အတွင်း သေတ္တာထဲတွင် ခြောက်သွေ့မှုမရှိသော၊ အဖျင်းများသော ပြောင်းများသည် ၁၅% ခန့်ရှိနိုင်သည်။ ထိုကြောင့် အစိုပြန်ခြင်းမရှိစေရန် အခြောက်ခံခြင်းနှင့် အအေးခံခြင်းလုပ်ငန်းများပြီးနောက် ၁ ပတ်မှစတင်၍ သိုလှောင်ပုံး၏အပေါ်ဆုံးအလွှာရှိ ပြောင်းများကို စစ်ဆေးရမည်။ အပူချိန်နှင့် အစိုဓာတ်ကို ထိန်းသိမ်းမှုမရှိပါက အေးသောရာသီဥတုတွင် မှိုနှင့် အင်းဆက်ပေါက်ဖွားမှုများဖြစ်ပေါ်၍ ဆုံးရှုံးမှုများ ဖြစ်စေနိုင်သည်။ သိုလှောင်စဉ်  အပူချိန်နှင့် အစိုဓာတ်ကို ထိန်းသိမ်းခြင်းသည် အနံ့ဆိုးများထွက်ခြင်း၊ အင်းဆက်များပေါက်ဖွားခြင်း၊ အလေးချိန်လျှော့ကျခြင်း၊ အခြားညံ့ဖျင်းမှုအခြေအနေများ စသည့်ပြဿနာများကို ကာကွယ်ရန် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်။

အအေးခန်းတွင်သိုလှောင်ခြင်း 

    ပြောင်းစေ့အပူချိန် ၅၅°F နှင့် စိုထိုင်းဆ ၆၅% တွင် ပြောင်းအစိုဓာတ်မျှခြေပေါ် အခြေခံ၍ မှိုနှင့် အင်းဆက်ပေါက်ဖွားမှုများကို ထိန်းချုပ်နိုင်သည်။ အစိုဓာတ် ၁၅%ရှိ ပြောင်းများကို စက်တင်ဘာလတွင် ၆၅°Fတွင် အအေးခံခြင်းနှင့် တစ်လလျှင် ၁၀°C (သို့) ၁၅°F ထပ်တိုးအအေးခံခြင်းဖြင့် ၆ လကြာအောင် ကောင်းစွာသိုလှောင်နိုင်သည်။ သို့ရာတွင် သတ်မှတ်ထားသောအစိုဓာတ်တွင် အခြောက်မခံထားသော ပြောင်းများသည် ပျက်စီးနိုင်သည်။ အပူချိန်မညီညာမှုသည် အစိုဓာတ်ပြောင်းလဲမှုဖြစ်စေ၍ (အထူးသဖြင့် သေတ္တာ၏အပေါ်ဆုံးအလွှာ) တွင် မှိုနှင့် အင်းဆက်ပေါက်ဖွားမှုများ ဖြစ်စေသည်။

     သေတ္တာအတွင်း လေသွင်းခြင်းသည် ပြောင်းစေ့အပူချိန်ကို ညီညာစေပြီး အစိုဓာတ် ပြောင်းလဲမှုကို ကာကွယ်ပေးသည်။ လေသွင်းရန်ကြာချိန်သည် ပန်ကာအရွယ်အစားနှင့် သိုလှောင်ထားသည့် ပြောင်းစေ့ပမာဏနှင့် သက်ဆိုင်သည်။ အခြားနည်းလမ်းတစ်ခုမှာ  သေတ္တာအပေါ်ပိုင်းရှိ ပြောင်းများ၏ ထိပ်ပိုင်းကို ဖယ်ရှားခြင်းဖြစ်သည်။  သို့သော် ထိုနည်းလမ်းသည်  သိုလှောင်စွမ်းလျော့ကျသည်ဟု ထင်သောကြောင့် လုပ်ငန်းရှင်အများစုသည် လက်မခံကြပါ။ သိုလှောင်စဉ် ပြဿနာအများစုသည် အပြည့်ထည့်ထားသောသေတ္တာ၏ အပေါ်ဆုံးအလွှာမှ စတင်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုဧရိယာသည် လေဝင်လေထွက်နည်းသောကြောင့်ဖြစ်သည်။ ပြောင်းဖူးထိပ်ပိုင်းကို ဖယ်ရှားလိုက်လျှင် အမှိုက်နှင့်  အမှုန်အမွှားများလျော့နည်းနိုင်ပြီး သေတ္တာအတွင်း လေထုရွေ့လျားမှု လွယ်ကူစွာဖြတ်သွားနိုင်သည်။ ထိုဧရိယာမှ ပြောင်းများသည် ကျိုးပဲ့နေသောပြောင်းများ၊ အမှိုက်နှင့် အမှုန်အမွှားများ များသောကြောင့် အခြားသေတ္တာတစ်ခုတွင် ပြောင်းရွေ့၍ မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြုသင့်သည်။ ပြောင်းထိပ်ပိုင်းဖယ်ရှားခြင်းသည် လေဝင်လေထွက်ကောင်းစေပြီး အလုပ်သမားများ သေတ္တာများကို အတင်အချပြုလုပ်ရန် လွယ်ကူစေသည်။ သိုလှောင်ထားသောပြောင်းများကို ၁ -၂ ပတ်တွင် တစ်ကြိမ်စစ်ဆေး၍ မိုးရာသီတွင်၂ ပတ်မှ ၄ ပတ်တွင် တစ်ကြိမ် စစ်ဆေးသင့်သည်။

    အလုပ်သမားအားလုံးသည် ပြောင်းစေ့အမှုန်များကြောင့် အသက်ရှူကြပ်ခြင်းမှကာကွယ်ရန် ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်သင့်သည်။ အပူချိန်နှင့် အစိုဓာတ်ပြောင်းလဲပါက မှိုနှင့် အင်းဆက်များ ပေါက်ဖွားနိုင်သည်။ အစိုဓာတ်များသောပြောင်းများကို စိတ်ချရသော အခြေအနေရောက်သည်အထိ မြန်နိုင်သမျှမြန်မြန် အခြောက်ခံသင့်သည်။ အခြောက်ခံခြင်းမပြုလုပ်လျှင် ရောင်းချပါ။ ပြောင်းစေ့များသိုလှောင်ရာတွင် စောလျှင်စွာစီမံနိုင်ခြင်းသည် ထုတ်လုပ်သူများကို မထင်မှတ်ထားသောပြဿနာများ ဖြစ်ပေါ်ခြင်းမှ ရှောင်ရှားနိုင်သည်။ သိုလှောင်သေတ္တာမှ ပြောင်းများကို ကုန်တင်ကုန်ချ ပြုလုပ်ရာတွင် ဂရုတစိုက်မလုပ်လျှင် ဆုံးရှုံးမှုများရှိနိင်သည်။ သတိပေးချက်နှင့် အကြံပြုချက်များကို လိုက်နာခြင်းသည် ထုတ်လုပ်သူနှင့် အလုပ်သမားကြီးကြပ်များကို ပြောင်းစေ့ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ဈေးကွက်တွင် အရည်အသွေးကောင်းသော ပြောင်းများရရှိစေရန် ကူညီပေးသည်။

ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း (စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ)

  • ပြောင်းဖူးဖက်များ အဝါရောင်သမ်းစပြုပြီး ပြောင်းဖူးအညှာကိုလက်သည်းဖြင့် ခြစ်ကြည့်ပါက အမည်းရောင်အမှတ် (Black Layer) တွေ့ရှိချိန် (သို့မဟုတ်) ပြောင်းရွက်များ (၈၀-၉၀)% ခြောက်သွေ့ချိန်  ရိတ်သိမ်းသင့်သည်။
  • မရင့်မှည့်ခင် ရိတ်သိမ်းခြင်း၊ နောက်ကျ၍ ရိတ်သိမ်းခြင်းရှောင်ရမည်။
  • ရိတ်သိမ်းပြီး ချက်ချင်းဖက်ခွာ၍ (၅-၇) ရက်ခန့် နေလှန်းပြီး အစိုဓာတ် (၁၅%) ရှိချိန်တွင် စနစ်တကျခြွေပေးရမည်။ အစေ့များကိုမြေကြီးနှင့် တိုက်ရိုက်မထိစေရန် ဖျာ၊ မိုးကာ၊ ကွန်ကရစ် (သို့) တလင်းပေါ်တွင် ခပ်ပါးပါးဖြန့်၍ နေလှန်း အခြောက်ခံရမည်။
  • ပြောင်းစေ့အရွယ်အစား၊ အရောင်အသွေးနှင့် လုံးပိန်လုံးညှက်၊ ဖုန်ခဲသဲများ သန့်စင်ခြင်း လုပ်ငန်းကို စက်အားဖြင့်လည်းကောင်း၊ လူအားဖြင့်လည်းကောင်း လုပ်ဆောင်သင့်သည်။ အစေ့များအစိုဓာတ် (၁၂%) ရှိချိန် သန့်စင်ပြီးလေလုံ အိတ်များ၊ သံပုံး များဖြင့် စနစ်တကျ သိုလှောင်ရမည်။

သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း

  • ဓါတုဆေးများနှင့် အခြားအန္တရာယ်ဖြစ်စေသည့်အရာများ ထည့်သွင်းအသုံးပြုထားသည့် ထုတ်ပိုးခွံများဖြင့် ထွက်ကုန်သီးနှံများ ထည့်သွင်းသိုလှောင်ခြင်း မပြုရ။
  • သန့်စင်ပြီးအစေ့များကို အမြဲတမ်းသိုလှောင်ရုံမရှိပါက အထူးသိုလှောင်အိတ် (Super Bag)၊ လေလုံအိတ်များ၊ သံပုံးများဖြင့် စနစ်တကျ သိုလှောင်ရမည်။
  • အဆင့်တန်းခွဲခြား၍ ထုပ်ပိုးထားသည့် သီးနှံများကို စနစ်တကျ အဆင့်လိုက် သိုလှောင်ရမည်။ 
  • အစေ့ထုတ်ပြောင်းအိတ်များကို နံရံ၊ ကြမ်းပြင်နှင့် တိုက်ရိုက်ထိတွေ့မှုမရှိစေရန် ဝါးကပ် (သို့) သစ်သားအခင်းများ ခင်းပေးသင့်သည်။
  • ခြောက်သွေ့ရာသီတွင် အစိုဓာတ် (၆၀%) နှင့် အပူချိန် (၂၅-၃၀°C) ဒီဂရီ စင်တီ ဂရိတ်ရှိသော အခြေအနေ၌ သိုလှောင်သင့်သည်။
  • သိုလှောင်ပိုးများကာကွယ်ရန်အတွက် သိုလှောင်ကာလအတွင်း သတ်မှတ်ဆေးအမျိုးအစားအား သတ်မှတ်နှုန်းထားအတိုင်း သုံးရမည်။ 
  • သိုလှောင်ရာ၌ အစေ့ထိုးပိုးသည်ဆိုးရွားစွာ ကျရောက်ဖျက်ဆီးတတ်၍ ပြောင်းစေ့တစ်တင်းလျှင် မဖေါက်ထုံးမှုန့် နို့ဆီဗူး(၄)ဗူးဖြင့် သမအောင်မွှေပြီး စနစ်တကျသိုလှောင်ရမည်။
  • ပြည်ပသို့တင်ပို့ရန်အတွက် ပြောင်းအိတ်များကို (၂)လ တစ်ကြိမ် အဆိပ်ငွေ့ ဆေးဖြင့် မှိုင်းတိုက်ခြင်း(သို့) CO2 gas ကို စက်ဖြင့်မှုတ်သွင်းပေးခြင်းဖြင့် ပိုးမကျရန် ဆောင်ရွက်ရမည်။
  • လောင်စာဆီ၊ ပိုးသတ်ဆေးနှင့် ဓါတ်မြေသြဇာများကို ထွက်ကုန်များနှင့် ရောနှောသိုလှောင်ခြင်း မပြုရ။
  • နိုင်ငံခြားသို့ တင်ပို့မည်ဆိုပါက တင်ပို့မည့်နိုင်ငံအလိုက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီရန် သိုလှောင်ကာလအတွင်း သိုလှောင်ပိုးကာကွယ်ဆေးများ အသုံးပြုရာ၌ ညွန်ကြားချက်များကို လိုက်နာရမည်။
  • သယ်ယူပို့ဆောင်မည့်ယာဉ်များကို အသုံးမပြုမီ သန့်ရှင်းမှု၊ ဓါတုဆေးဖိတ်စင်မှု၊ အခြားပစ္စည်းများနှင့် ပိုးမွှားကျရောက်မှု ရှိ/မရှိကို စစ်ဆေးရမည်။
  • ထွက်ကုန်များကို ဓါတု၊ ဇီဝဗေဒနှင့် ရုပ်ဝတ္ထုဆိုင်ရာ ညစ်ညမ်းမှုအန္တရာယ် ဖြစ်စေရန် အလားအလာရှိသော ကုန်ပစ္စည်းများနှင့် သီးခြားခွဲ၍ သယ်ဆောင်ရမည်။

    အစိုဓာတ်များစွာဖြင့် သိုလှောင်မိပါက မှိုဆိပ်ကြောင့် အစေ့များမည်းပြီး အရည်အသွေးကျဆင်းသဖြင့် ဝယ်ယူလိုမှု လျော့နည်းမည်ဖြစ်သည်။  သို့ဖြစ်၍ ပြည်ပတင်ပို့သူများ၊ သိုလှောင်ရောင်းဝယ်မည့်သူများအနေဖြင့် အခြောက်ခံစက်များကို စနစ်တကျ ဆောက်လုပ်သုံးစွဲရန် လိုအပ်မည်ဖြစ်ပါသည်။ တောင်သူများအနေဖြင့်လည်း တစ်နိုင်တစ်ပိုင် အခြောက်ခံစက်များကို ဆောင်ရွက်နိုင်မည်ဆိုပါက ပိုမိုအကျိုးရှိနိုင်သဖြင့် စဉ်းစားဆောင်ရွက်သွားရန်၊ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ပါသည်။ 

    မျိုးကောင်းမျိုးသန့်များကို  စိုက်ပျိုးလာသည်နှင့်အမျှ အထွက်နှုန်းတိုးလာပြီး တစ်ဧက ထုတ်လုပ်မှု ကုန်ကျစရိတ်လည်း လျော့နည်းကာ တောင်သူများအတွက် အကျိုးရှိသော၊ တွက်ခြေကိုက်သော သီးနှံတစ်ခုဖြစ်လာနိုင်ပါသည်။  သို့သော်အရေးကြီးသော စိန်ခေါ်မှု တစ်ရပ်မှာ တောင်သူများတွင် ရိတ်သိမ်းချိန်လွန်နည်းပညာ လိုအပ်နေ ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးမွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းများကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ထုံးဘိုတွင်ဖွင့်လှစ်ခဲ့ပြီး တောင်သူများအား လစဉ် သင်တန်းများ ပေးလျှက်ရှိပါသည်။ စိုက်ပျိုးရေးဦးစီးဌာန ရိတ်သိမ်းချိန်လွန်နည်းပညာဌာန (ရေဆင်း) နေပြည်တော်တွင်လည်း သင်တန်းများ၊ လေ့လာရေးခရီးစဉ်များကို လက်ခံဆောင်ရွက်ပေးလျှက် ရှိပါသည်။ 

ပြောင်းဖူးရိတ်သိမ်းချိန်လွန်နည်းပညာဆောင်းပါးကို KMSS ကကူညီပံ့ပိုးထားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်