ငါးသလောက်ရာသီချိန်ဖြစ်လို့ ဖမ်းသူတွေ တွက်ခြေကိုက်နေ

27/01/2026 09:07 AM တွင် AMIA AMIA မှ ရေးသား

 

ယခုရာသီသည်  ငါးသလောက်ငါးရာသီချိန်ဖြစ်တဲ့အတွက် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရဲ့ မြစ်ထဲမှာ ငါးဖမ်းသူတွေအနေနဲ့ တစ်ရက်ကို ငါးသလောက် နှစ်ပိဿာလောက်အထိ ဖမ်းမိရရှိမှုရှိနေတယ်လို့ သိရပါတယ်။

ဘိုကလေးမြစ်ထဲကနေ ဖမ်းမိတဲ့ ငါးသလောက်တွေကိုတော့ စျေးကွက်အတွင်းမှာ တစ်ပိဿာကို ၂၅၀၀၀ ကျပ်နှုန်းဝန်းကျင်နဲ့ ရောင်းချနေရတယ်လို့သိရပါတယ်။

"တစ်ရက်ကို ခြောက်ကောင်နဲ့ ခုနှစ်ကောင်လောက်က ပုံမှန် ရကြတယ်။ အဲဒီထက်ပိုပြီး ရတဲ့အခါ လည်းရှိပါတယ်။ ၂၅၀၀၀ ဆိုတာက အကောင် အကြီးအသေး အကုန်အရောစျေးပေါ့ " လို့ ဘိုကလေးမြို့ ငါးဖမ်းလုပ်သားတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်မှာ ငါးသလောက်တွေဟာ  မြစ်အထက်ကိုဆန်တက်တဲ့  ကာလဖြစ်တဲ့အတွက် ဘိုကလေး မြစ်ရေပြင်မှာ  ငါးဖမ်းဆီးသူတွေ များပြားနေတာဖြစ်သလို ငါးသလောက်ဖမ်းဆီးရရှိမှုကလည်း ငါးဖမ်းသမားတွေအတွက် တွက်ခြေကိုက်မှုရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

ငါးသလောက်တွေဟာ  ကမ်းရိုးတန်းတလျှောက်မှာ  အုပ်စုဖွဲ့နေထိုင်ကျက်စားတတ်ပြီး ရေချိုမြစ်အတွင်း ဥချသားပေါက်တတ်လေ့ရှိကြောင်း သားပေါက်တွေက ငါးလသား၊ ခြောက်လသားအရွယ်မှာတော့ ရေချိုရေငန်စပ်ဒေသနှင့်ပင်လယ်ပြင်မှာ ကျက်စားတတ်တယ်လို့သိရပါတယ်။

"ဒီအချိန်လေးကို အလုအယက် ဖမ်းကြရတာ။ ငါးသလောက်က စျေးလည်းကောင်းတော့ ဖမ်းသူများနေတာပေါ့"လို့ ငါးဒိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ပြည်တွင်းငါးစျေးကွက်မှာတော့ ငါးသားလောက် အကောင်အရွယ်အစား အကြီးအသေးအပေါ်ကိုလိုက်ပြီး  တစ်ပိဿာကို အနိမ့်ဆုံး ၃၀၀၀၀ ကျပ်မှစပြီး အမြင့်ဆုံး ၆၀၀၀၀ ကျပ်အထက်ရှိတယ်လို့ သိရပါတယ်။

ငါးသလောက်ဥကတော့ စျေးကွက်ထဲမှာ စျေးနှုန်းအမြင့်ဆုံးနဲ့ တစ်ပိဿာကို ၂၅၀၀၀၀ ကျပ်အထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။ ငါးသလောက်စျေးနှုန်းကမြင့်တဲ့အတွက် အခြေခံလူတန်းစားတွေ စားသုံးမှုနှုန်း မရှိသလောက်နည်းပြီး စားသောက်ဆိုင်တွေနဲ့ မြန်မာထမင်းဆိုင်တွေကသာ အဓိက ဝယ်ယူမှုရှိနေတယ်လို့ သိရပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်